အရင်ဆုံး လေဘေးအတွက် သွားလှူမယ်လို့ပြောတဲ့ အန်တီနွေကို အထူးကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ဘ၀မှာ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မကြုံဖူးတဲ့ အဖြစ်ဆုံးတွေကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရပါတယ်။ ကျွန်မတို့အဖွဲ့ဟာ ကွမ်းခြံကုန်းကို သွားဖို့အတွက် တနင်္ဂနွေနေ့ မနက် ၆ နာရီမှာ ကားစထွက်ဖို့ စီစဉ်ခဲ့ကြပေမယ့် မနက် ၆ နာရီခွဲမှ စထွက်ဖြစ်ခဲ့ပါတယ်။ ကိုယ်လှူမည့် ပစ္စည်းတွေအပြင် စေတနာရှင်လူအများရဲ့ ပစ္စည်းများကိုလည်း ထပ်မံလက်ခံပြီး စထွက်ခဲ့ကြပါတယ်။ ကျွန်မတို့လမ်းခရီးလှူရတာ အဆင်ပြေအောင် လှူမည့်ပစ္စည်းများကို အထုပ်ကလေးတွေ ထုပ်ခဲ့ကြရပါတယ်။
ကျွန်မတို့ဘုရင့်နောင်တံတားကျော်ပြီးနောက်ပိုင်း လှူဒါန်းမည့် စေတနာရှင်ကားများကို အများကြီးတွေ့ရတဲ့အတွက် အရင်ဆုံးဝမ်းသာမိပါတယ်။ ဖြတ်သွားတဲ့ ကားတိုင်းကားတိုင်းရဲ့ နှုတ်ဆက်သံများဟာ ကျွန်မရဲ့စိတ်ကို ပိုပြီး ကြည်နူးချမ်းမြေ့လှပါတယ်။ ကျွန်မရဲ့ဘ၀မှာ ဒဒါဟာ ပထမဆုံးအကြိမ်လူကိုယ်တိုင် ပရဟိတကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ လာလိုက်တာ လှိုင်သာယာအ၀ိုင်းထိပ်ကို ရောက်လာတဲ့အခါမှာ ကားက ရှေ့ဆက်သွားလို့မရအောင် လှူဒါန်းမယ့် ကားတန်းရှည်ကြီးကို အံ့သြ၀မ်းသာစွာ တွေ့ရပါတယ်။ အဲဒီမှာလည်း လမ်းဖြတ်မရလို့ အတင်းတိုးထွက်နေကြတဲ့ ကားတန်းရှည်ကြားမှာ ကျွန်မတို့လည်း ကြိုးစားတိုးထွက်ခဲ့ရတယ်။ အဲဒီအချိန်မှာ မနက် ၈ နာရီ၁၅ မိနစ် ဖြစ်နေပါပြီ။ ကျွန်မတို့တွေလည်း ညပိုင်းမှာ လှူဒါန်းမဲ့ပစ္စည်းတွေ၊ ဆေးတွေ၊ အ၀တ်အစားတွေ၊ အကြော်အလှော်တွေအားလုံးကို အထုပ်ကလေးတွေထုပ်ထားကြပေမဲ့ ဆန်တွေကိုတော့ သွားနေတုန်းအချိန် ကားပေါ်မှာ ထုပ်ကြပါတယ်။ ကျွန်မတို့ လှိုင်သာယာတံတားကို ဖြတ်အပြီးမှာ မနက် ၈ နာရီ နဲ့ မိနစ် ၅၀ ဖြစ်ပါပြီ။ တွံ့တေးတံတားကို ဖြတ်တော့ ၉ နာရီ ၁၀ မိနစ်ရောက်ရှိခဲ့ပါတယ်။ လမ်းတစ်လျှောက် ကြိုကြားကြိုကြား တွံ့တေးစ၀င်တည်းက လေဘေးဒဏ်ခံကြရတဲ့ လူတွေ၊ အိမ်တွေကို တွေ့နေရပါပြီ။ နောက် သမိုင်းဝင် မောင်းတီးစေတီတော်နဲ့အတူ ဘုရားစေတီတွေလည်း စိန်ဖူးတော်တွေ မရှိတော့သလောက်ကို တွေ့ရပါတယ်။ တွံ့တေးမြို့မှာလည်း နေရာတော်တော် ပျက်စီးနေပြီး အပင်ကြီးတွေက အစလဲပြိုပြီး အိမ်တွေ ပိနေပါတယ်။ နောက် ဆက်လက်ထွက်ခွာလာတော့ ၉ နာရီနဲ့ ၃၅ မိနစ်မှာ ကော့မှူးမြို့တွင်း ရောက်ရှိခဲ့တယ်။ နောက်ပြီးတောက်လျှောက်မောင်းလိုက်တာ ကွမ်းခြံကုန်းမြို့အစပ်ကို ၁၀ နာရီ ၄၀ မိနစ်မှာ ရောက်ရှိလာခဲ့ပါတယ်။ ကော့မှူးအလွန်ကနေ ဆက်တိုက်ဆိုသလို အိမ်တွေ ခြံတွေ တော်တော်များများ ပျက်စီးဆုံးရှုံးနေပါပြီ။ ကျွန်မတို့လာလိုက်တာ ကွမ်းခြံကုန်းမြို့လယ်ရောက်တော့ ကားအနည်းငယ် ချွတ်ယွင်းသွားလို့ ၁၁ နာရီ ၁၅ မိနစ်မှာ ကွမ်းခြံကုန်းမြို့မှာ ခဏအနားယူပြီး ကားပြင်ဆင်မှု ပြုခဲ့ကြပါတယ်။ အဲ အဲဒီမှာ လှူခွင့်မရှိပါဘူး။ နောက်ပြီး ကွမ်းခြံကုန်းမြို့ပေါ်မှာ သိပ်ပြီး အပျက်အစီးမဖြစ်တာကို တွေ့ရတယ်။ ရေတွေကလည်း သုံးလို့ရတာက အ၀ိစီတွင်းရှိတဲ့အိမ်တွေမှာပဲ သုံးလို့ရကြောင်း ကန်များဆိုရင်တော့ ဆားငန်ရေတွေ ၀င်နေလို့ အသုံးပြုလို့မရကြောင်း၊ အိမ်တွေက အမိုးတွေလှန်တာတို့ အပင်လဲတာတို့ ဖြစ်ကြောင်း ခု ပြန်လည် ပြင်ဆင်ပြီးသွားလို့ ပြောကြပါတယ်။ ရွာလေးတွေက ဘာအကူအညီမှ မရကြောင်း။ လမ်းပမ်းက မကောင်းတော့ လှူတဲ့သူက အဆင်ပြေတဲ့နေရာမှာ လှူခဲ့ကြတာကိုး။
ကျွန်မတို့လာတဲ့လမ်းတစ်လျှောက်မှာလည်း ဖုန်တွေ တော်တော်ထူထပ်နေပြီး ရှေ့သွားတဲ့ကားတွေကို ဘာမှ မမြင်ရဘူး။ ကျွန်မတို့လည်း မျက်နှာအုပ်ပြီး လိုက်ရပါတယ်။ တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်တာကြောင့် လှူဒါန်းမယ့်ကားတွေ များနေတာဟာ တော်တော်ဝမ်းသာစရာကောင်းပါတယ်။ လမ်းမှာလည်း ကုမ္ပဏီတွေ၊ နာရေးကူညီမှုအသင်းက ကားတွေ၊ ရုပ်ရှင်နယ်မှ အဖွဲ့များလည်း တော်တော်တွေ့ရပါတယ်။ ခရီးသွားတဲ့ လွင်မိုးလည်း ခုတစ်ခေါက် ဒီဘက်ကို ဒဒဏ္ဍာရီခရီးသွားကားနဲ့ ဆင်းလာတာ တွေ့ရပါတယ်။ လူတွေအားလုံးသည် စေတနာစိတ်တစ်ခုတည်းနဲ့ လာခဲ့ကြတာဟာ မြန်မာပြည်သူပြည်သားတွေရဲ့စိတ်ရင်းမှန်း သိသာလှပါတယ်။ ကျွန်မတို့က ကွမ်းခြံကုန်းနဲ့ ၂ မိုင်ခွဲဝေးတဲ့ တော်ခရမ်းကြီးကျေးရွာကို သွားခဲ့ကြတာပါ။ အဲဒီဘက်ကို သွားတဲ့သူ မရှိသလောက် ရှားပါတယ်။ လမ်းခရီးက အလွန်ကြမ်းပြီး ဘယ်ကားသမားမှ ငှားရင်တောင် မလိုက်တဲ့နေရာပါ။ လမ်းက တော်တော်ဆိုးတယ်။ ကားဆို ဘီးလှိမ့်ရုံပဲ သွားနေရပါတယ်။ ငှားလာတဲ့ကားကလည်း ရပ်လိုက်တွန်းလိုက် သွားလိုက်နဲ့ လမ်းလည်းရောက်ရော ဆက်မသွားတော့ဘူးလုပ်တော့ ကားပေါ်ပါ အမျိုးသားတွေအားလုံး ၂ မိုင်ခွဲခရီးကို ဆင်းလျှောက်ပြီး အမျိုးသမီးတွေ တင်သွားပေးပါကားဆရာလို့ ပြောပြီး ဆင်းလျှောက်ကြပါတယ်။ သူတို့လည်း ကံကောင်းချင်တော့ ထော်လဂျီတစ်စီးက တင်ခေါ်လာလို့ အဲဒီရွာကို ရောက်ရပါတယ်။ ရွာထိပ်လည်း ရောက်ရော ကားသမားက ဆက်မသွားပေးနိုင်တော့ဘူးဆိုလို့ ရွာလည်ကို အကုန်ဆင်းပြီး လမ်းလျှောက်ကြရတယ်။ ကျွန်မတို့ ကံကောင်းတယ်လို့ ဆိုရမယ်။ ဘာဖြစ်လို့လဲဆိုတော့ မနေ့ကအထိ ဘယ်သူမှ ၀င်ခွင့်မရှိ၊ လှူခွင့်မရှိကြောင်း သိရပါတယ်။ ဒလူတွေရဲ့ ၀မ်းသာကြည်နူးနေတဲ့ မျှော်လင့်ချက်အလင်းရောင် မျက်နှာလေးတွေဟာ ကျွန်မတို့အဖို့ တော်တော်ကို ရင်နဲ့မချိအောင် ခံစားရပါတယ်။
တော်ခရမ်းကြီးရွာလယ်ကိုရောက်တော့ လူတွေ အရမ်းအုံခဲလာတယ်။ ဘယ်လိုမှ လှူဖို့ အဆင်မပြေဘူးဖြစ်နေတယ်။ ကယ်ဆယ်ရေးစခန်းအဖြစ် ဘုန်းကြီးကျောင်းပျက်တွေမှာရော ဇရပ်တွေမှာရော ဘုရားကြိုဘုရားကြားတွေမှာရော တွေ့ရတယ်။ သူတို့က လမ်းမှာ တောင်းဆိုတာတောင် ရေလေးတစ်ခွက်လောက် တိုက်ခဲ့ပါတဲ့။ တချို့က ရေနည်းနည်းလောက်တိုက်ပါတဲ့။ ဘာအစားအစာမှ တောင်းဆိုတာ မဟုတ်သေးပါဘူး။ လူတိုင်းမှာ အ၀တ်ပါတဲ့သူ ရှိသလို အ၀တ်မရှိသေးတဲ့လူတွေလည်း တစ်ပြုံတစ်ခေါင်းကြီး တွေ့ရတယ်။ အစားမစားရတာ သုံးရက်ရှိပြီးတော့ ဆန်ပြုတ်သောက်ရပါတယ်တဲ့ တစ်ယောက်ကို နည်းနည်းဆီပဲရတာဖြစ်တဲ့အတွက် မ၀ရေစာဖြစ်နေကြတယ်။ အဲဒီရွာမှာ ကုန်းမြင့်နေရာတွေမှာဆို လူအရပ် ခါးလောက်ရေတက်ပြီး မြေနိမ့်တဲ့နေရာတွေမှာ ယောက်ျားကြီးတွေရဲ့ လည်ပင်းလောက် ရေတက်တာတဲ့။ တချို့သေတဲ့သူတွေကိုလညး ခုထိ ရှာမတွေ့သေးဘူးတဲ့။ တော်တော်များများက ရုပ်ပျက်ဆင်းပျက်နဲ့ သေကြေတာဆိုတော့ သူ့မိသားစု ကိုယ့်မိသားစုဆိုတာလည်း ခွဲခြားလို့မရဘူးဖြစ်ကြတယ်။ ကျန်ခဲ့တဲ့သူတွေကလည်း မိသားစုတစ်စုမှာ ၇ ယောက်ရှိတာ ၁ ယောက်ကျန်တို့ ၃ ယောက်ရှိ ၃ ယောက်သေတို့ ၁၂ ယောက်ရှိ ၁၀ ယောက်သေတို့ ရွာအတွင်းမှာလည်း သေကြေနေကြတဲ့ ကျွဲတွေ နွားတွေကတော့ ခုထိဒီအတိုင်းပဲရှိသေးတယ် အရိုးစုတွေကလည်း ဟိုနေရာတစ်ပုံ ဒဒီနေရာတစ်ပုံနဲ့ ညောင်ဝိုင်းရွာဘက်မှာ ပိုဆိုးတာကို တွေ့ရတယ်။ ရိုးရှိတဲ့အတွက် အခုတောင် ရေတွေက လူတစ်ယောက်လောက်ရှိတယ်။ ပြန်လာတဲ့လမ်းတစ်လျှောက်မှာ လူတွေရဲ့အပြုံးလေးတွေဟာ သနားကြင်နာစရာကောင်းတဲ့ မျှော်လင့်ချက် အလင်းရောင်မျက်လုံးလေးတွေနဲ့ နှုတ်ဆက်လက်ပြကျန်ရစ်ခဲ့ကြတာ ကျွန်မ ရင်နဲ့မချိအောင် ခံစားရပါတယ်။
ကျွန်မရဲ့အပြန်ခရီးမှာ ဘာမှမရှိတော့တဲ့ လက်ဗလာလေးတွေနဲ့ ပြန်လာခဲ့ကြပေမယ့် ကျွန်မ နောက်ထက်တစ်ခါ ထပ်မံ ပြန်သွားဖို့ စိတ်ကိန်းအောင်းနေပါတယ်။ လူတွေအားလုံးဟာ ပေး ပေး မပေးပေး လူတဲ့သူမှန်းသမျှကို လက်အုပ်ချီကန်တော့ပြီး ပြန်လာခဲ့ကြပါလို့ မှာနေကြပါတယ်။ ပြန်လာတဲ့ကားတိုင်းကားတိုင်းမှာ အမျိုးသားတိုင်း အ၀တ်ဗလာနဲ့ ပြန်လာကြပါတယ်။ အကုန်လှူခဲ့ကြတယ်။ ကျွန်မလည်း နှစ်ထပ်ဝတ်သွားတဲ့ အပေါ်တစ်ထပ် အင်္ကျီကို ပစ်ပေးခဲ့တယ်။ ၀တ်ထားတဲ့အင်္ကျီတွေကို မချွတ်ပေးတဲ့ကားတွေထဲက ယောက်ျားလေးတွေကို သံချပ်တွေနဲ့ လှမ်းအော်ကြတယ်။ ``၀တ်ထားတဲ့အင်္ကျီ မချွတ်လှူတဲ့သူ မိန်းမကြောက်တဲ့သူ``ဆိုပြီး ၀ိုင်းအော်ကြတာဟာ တော်တော်ဝမ်းသာကြည်နူးဖို့ အလွန်ကောင်းပါတယ်။ညနေ ၄ နာရီနဲ့ ၄၅ မိနစ်အချိန်မှာ ကျွန်မတို့အဖွဲ့ဟာ တွံ့တေးတံတားပေါ် ၀မ်းနည်းဝမ်းသာစွာနဲ့ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ ဘုရင့်နောင်တံတားပေါ်ရောက်တော့ ၅ နာရီခွဲနေပါပြီလေ။
ကျွန်မ နောက်ထပ် တစ်ခေါက် သွားဖို့ အာသီသပြင်းပြစွာနဲ့ ကွမ်းခြံကုန်းမြို့ရဲ့အရှင်သခင်ဖြစ်တဲ့ ဆရာ မင်းသုဝဏ်သာ ရှိနေသေးရင် ဘယ်လိုများ ခံစားနေမလဲလို့ တွေးနေမိပါတော့တယ်။
ကျွန်မ ဆုတောင်းအမျှဝေခဲ့ပါတယ်။ သူတို့တွေမှ မဟုတ်ပါဘူး။ ဘယ်သူမဆို ဒီလိုအဖြစ်ဆိုးမျိုးနဲ့ မကြုံကြပါစေနဲ့ ပြီးတော့ အားလုံးကောင်းရာဘုံဘ၀ကို ရောက်ရှိနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။ပုံတွေထည့်ဖို့ အဆင်မပြေဘူးဖြစ်နေတယ်။ နောက်မှပဲ ပုံတွေအဆင်ပြေသလို တင်တော့မယ်နော်။
1 comment:
သာဓု .. သာ ဓု ... သာ .. ဓု .... :)
Post a Comment