7/29/2009

စာမေးပွဲဖြေဆိုစွမ်းရည် တိုးတက်ရေးအတွက် အလွယ်နည်းလမ်း

နိုင်ငံတကာ စာမေးပွဲမှ မဟုတ်ပါဘူး။ ဘယ်စာမေးပွဲမဆို နည်းလမ်းသိရင် အောင်မြင်ဖို့ ရာခိုင်နှုန်း ပိုများပါတယ်။ အဲ ကြိုးစားမှုတော့ လိုတာပေါ့။ ကျွန်မ နားလည်ထားတဲ့ နည်းလမ်းကောင်းတွေကို ပြောပြမယ်နော်။ လိုက်နာ ကျင့်ကြံပြီး အောင်မြင်မှုကို လှမ်းတက်နိုင်ပါစေ။


(၁) ဖတ်ပါ။
ဖတ်ပါ ဆိုလိုက်လို့ သိပ်လွယ်လွန်းတယ်လို့တော့ မထင်ပါနဲ့။ သူများ ပြောမှလားဆိုတဲ့ အတွေးကိုလည်း မတွေးလိုက်ပါနဲ့ဦး။ စာများများ ဖတ်ထားခြင်းဖြင့် ဝေါဟာရများ ပိုကြွယ်လာပြီး စာဖတ်လည်း မြန်လာပါတယ်။ တကယ့် စာမေးပွဲမှာ စက္ကန့်တိုင်း အရေးပါပါတယ်။

(၂) ဖြေဆိုပုံ အဆင့်ဆင့်ကို သိထားပါ။
စာမေးပွဲတွင် ဖြေဆိုပုံ အဆင့်ဆင့်ကို အကျွမ်းတ၀င် သိထားပါက အလွန်အဖိုးတန်တဲ့ အချိန်တွေကို အကောင်းဆုံး အသုံးချနိုင်မှာ ဖြစ်ပါတယ်။ အချိန်ကို အလဟဿမဖြစ်စေခြင်းကြောင့် ပိုထွက်လာတဲ့အချိန်ကို ကောင်းစွာ မဖြေနိုင်တဲ့ မေးခွန်းများအတွက် အချိန်ပေးနိုင်ပါတယ်။

(၃) လေ့ကျင့်ပါ။
ပွဲမ၀င်ခင် အပြင်က ကျင်းပဆိုသလို တကယ့်စာမေးပွဲကြီး မဖြေမီ များနိုင်သမျှ များများအစမ်းစာမေးပွဲများ လေ့ကျင့်ဖြေဆိုထားခြင်းဖြင့် ယုံကြည်မှု ပိုမိုတိုးလာပြီး တကယ့်စာမေးပွဲနေ့မှာ စိတ်လှုပ်ရှားမှုကို လျော့နည်းစေပါတယ်။

(၄) ပတ်ဝန်းကျင် အခြေအနေကောင်း ဖန်တီးပါ။
တကယ့်စာမေးပွဲနေ့အတွက် ပြင်ဆင်မှုများကို ပြုလုပ်ပါ။ ပြင်ဆင်မှုဆိုရာမှာ ခဲတံ အပိုယူဆောင်သွားခြင်းသာ မဟုတ်ဘူး။ စာမေးပွဲဖြေဆိုမယ့် မနက်ပိုင်းမှာ အစားအသောက်များစွာ မစားသင့်ပါဘူး။ ဖြေဆိုမယ့် ညမှာလည်း ညနက်တဲ့အထိ စာများကို မကြည့်သင့် မကျက်မှတ်သင့်ပါဘူး။ စာမေးပွဲသွားဖြေရာတွင် အနွေးထည်ယူဆောင်သွားသင့်ပါတယ်။ ပူအိုက်တဲ့ရာသီမှာ အနွေးထည်က ဘာလုပ်ဖို့လဲလို့တော့ မပြောလိုက်ပါနဲ့။ အပိုအဖြစ် ဖျားတာ နာတာကို ကာကွယ်နိုင်ပါတယ်။ နောက်တစ်ချက်က ဖြေမယ့်အခန်းမ၀င်မီ အခြေအနေကောင်းမှာပါဟု ကြိုတွေးပါ။ မျှော်လင့်ပါ။ ထိုသို့ ဖန်တီးခြင်းကြောင့် စာမေးပွဲကို သက်သောင့်သက်သာ ဖြေဆိုနိုင်ပြီး ရလဒ်ကောင်းတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။

(၅) အမှတ်ပေးပုံစံကို နားလည်ထားပါ။
မဖြေမီ အမှတ်ပေးစနစ်ကို လေ့လာထားခြင်းကြောင့် အကျိုးကျေးဇူးရရှိနိုင်ပါတယ်။ အချို့စာမေးပွဲများမှာ အဖြေလွှာ၌ ကွက်လပ်ထားရှိခြင်းကြောင့် ဘာမှမဖြစ်သော်လည်း မှားယွင်းစွာ ဖြေဆိုမှုကြောင့် ရမှတ်မှာ အနုတ်ဖြစ်ရပါတယ်။ ဒါကြောင့် ဖြေဆိုသူအနေနှင့် အဖြေအတွက် မရေမရာ ဖြစ်ရင် သတိထားသင့်ပါတယ်။ ထိုကဲ့သို့ စာမေးပွဲမျိုးတွင် နံကြားထောက် ဖြေဆိုခြင်းမျိုးထက် မဖြေဆိုဘဲ ထားခြင်းက ပိုကောင်းတယ်လို့ ကျွန်မ ယူဆမိပါတယ်။

ကဲ... မှတ်ရတာတွေလည်း များနေပြီ ဆိုတော့ နောက် အရေးကြီးတာ သိထားသင့်တာလေးတစ်ခုပဲ ထပ်ပြောတော့မယ်နော်။

(၆) လွယ်တာ ကိုယ်သိတာ မှတ်မိတာကို အရင်ဖြေပါ။
စာမေးပွဲတွင် ကိုယ်ရသော မေးခွန်းများကို အရင်ဖြေပါ။ မဖြေနိုင်တဲ့မေးခွန်း၊ မရေရာ မသေချာတဲ့ မေးခွန်းတွေကို ကျန်ထားပြီး ရတဲ့မေးခွန်း အကုန်လုံးကို ဆက်တိုက်ဖြေပါ။ ထိုသို့ ဖြေသောကြောင့် အပိုင်ရမှတ်တွေကို ရရှိမှာဖြစ်ပြီး နောက်ပိုင်း ပိုသော အချိန်တွေမှာ ခက်ခဲတဲ့ မသေချာတဲ့ မေးခွန်းတွေကို စဉ်းစားချိန်ရရှိပြီး အောင်မှတ်ကောင်းများနဲ့ အနိုင်ရရှိနိုင်ပါစေလို့ ယမင်း ယုံကြည်နေမိပါတော့တယ်။

စာဖတ်သူအားလုံး အမှတ်ကောင်းကောင်းနဲ့ အောင်မြင်မှုများစွာကို လက်ဝယ်ပိုင်ပိုင် ဆုပ်ကိုင်ပြီး အများအကျိုးရွက်ဆောင်နိုင်တဲ့ သားကောင်းသမီးကောင်းများ၊ မိဘကျေးဇူးဆပ်နိုင်ပြီး သာသနာအကျိုးများ လုပ်ဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုလျှက်....

7/24/2009

၇ နှစ်နှစ်ကြာ အလွမ်း

သူငယ်ချင်းရေ... ငါ ဒီနေ့ တကယ်ပျော်တာပါဟာ... ငါလေ ခုတစ်လော ၇ နှစ်နှစ်ကြာ သူငယ်ချင်းအားလုံးနဲ့
ပြန်တွေ့ရတဲ့အတွက် တကယ် စိတ်မှာ ကြည်နူးပျော်ရွှင်နေတယ်ဆိုတာ ပြောရင် ယုံမလားဟင်... နင်လည်း
ဝမ်းသာနေတယ်ဆိုတာ နင် ဖွင့်ပြောမှ ငါသိတာမဟုတ်ပါဘူးဟာ... နင်နဲ့ ငါ ခွဲခွာခဲ့တာ ခုဆို ၇ နှစ် နှစ်ရှိခဲ့ပြီနော်။ ငါ နင်တို့ကို မေ့နေတယ်လို့ နင်တို့ ထင်လား... လေးရယ်... ငါတို့ ခွဲခွာခဲ့တာ ခုတော့ ရေစက်မကုန်သေးလို့ ပြန်တွေ့တာဖြစ်မယ်ဟ နော်...
ငါ လေ အမှန်ပြောရမလား နင် ငါ့မေးလ်ထဲကနေ လှမ်းခေါ်နေတာ နင်မှန်း မသိဘူးဟ။ ကလေးမလေးတစ်ယောက်ပဲဆိုပြီး ပြန်ပြောမိတာ။ အံ့သြဖို့တော့ ကောင်းတယ်နော် နင် ငါ့မေးလ်ထဲ ဘယ်လိုရောက်နေလဲ ငါ မသိသလို နင်လည်းမသိဘူး။
ထူးတော့ ထူးဆန်းတယ်။ ငါ့မှာ နင်တို့နဲ့ခွဲခွာခဲ့တည်းက ခင်မင်ရတဲ့ ညီမလေးတွေ များကြီးပဲရှိတယ်ဟ။ နောက်တော့ နင် သိလာမှာပေါ့ဟာ။ လေးရယ်၊ နွယ်လေးရယ်ဆိုတာ ငါရင်ထဲမှာ ဟိုးအရင်ထဲက ခုထိ ရှိနေတုန်းဆိုရင် နင် ငါပြောရင် ယုံမလားလေး။ နင်ကလေ အရင်အတိုင်းပဲနော် ဘာမှ မပြောင်းလဲဘူး။ ငါ့ကို ဂျီတော့ကနေ လှမ်းခေါ်ပြောတော့ ပထမ ငါ နင်လို့ မထင်ဘူး။ ဟီး ဟေမာညိုတို့အဖွဲ့ထဲက တစ်ယောက်အောင်းမေ့လို့ နင်က နင့်နာမည်မှ မဟုတ်တာ။ နောက်တစ်ချက် နင်လည်း ခုထိ တစ်ယောက်ထဲပဲဆိုတော့ ငါတို့ ဂိုဏ်းဖွင့်လို့ရတာပေါ့နော်။ ငါတို့တွေ မတွေ့ခဲ့ကြတာ ရှေ့လဆို ၇ နှစ်နှစ် ပြည့်ပြီနော်။
ငါလေ နင်တို့နဲ့ ဘယ်တော့ ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ ပြန်တွေ့ရမလဲလို့ အမြဲစဉ်းစားနေတာ။ ခုတော့
လမ်းကြောင်းတစ်ခုပေါ်မှာ ပြန်တွေ့ကြတယ်နော်။ နွယ်လေးလည်း ဘယ်နေရာရောက်နေလဲမသိဘူးနော်။
ခုပြန်တွေ့ရတဲ့သူတွေက ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းတွေရယ်၊ ညီမလေးတွေရယ်ကြောင့် ငါ ပျော်နေတယ်လို့ ပြောတာပါ။ ငယ်လေး၊ ညိုလေး၊ နေခြည်၊ မချော၊ ဇာမွန်၊ ခင်ဖုန်း နောက် လေးဆိုတဲ့ ယုန်လေးကောက်ကွေးရယ် ဟဲ့ နင်ဟာလေ တစ်လက်စတည်း ငါ ပြောဦးမယ် အရင်က အကျင့် ခုထိ မပျောက်သေးဘူးနော်။ နင် မေ့နေပေမယ့် ငါ သတိရပါတယ် အမြဲ စကားပြောရင် ဆံပင် ခဏခဏ သတ်သတ်ပြီး ပြောတတ်တဲ့ နင့်အကျင့်လေ ဟုတ်တယ်ဟုတ်။ နင်က ဂျီတော့မှာ ငါ့ကို မေးတာ ငါ ရယ်ချင်လိုက်တာ အရမ်းပဲ သိလား။ ယမင်းဆိုတာ ငါ့သူငယ်ချင်း အရပ်ပုပုနဲ့ ရုပ်ချောချောတစ်ယောက်လားတဲ့ ပထမ ငါ ဇဝေဇ၀ါ ဖြစ်နေသေးတယ်။ နင်က ထပ်ပြီး နင် အရင်တုန်းကလို အိနြေ္ဒကျော်ဇင်နဲ့တူသေးလားလို့ ထပ်ရိုက်တော့ ငါလေ
မျက်စိထဲ နင့်ကို တမ်းမြင်ယောင်မိတာဟ။ ငါလေ နင်နဲ့တွေ့တဲ့ညက အိပ်လို့မပျော်ဘူးဟ (ဂျပိုးကိုက်လို့) ဟီး ဟီး စတာ။
နောက် ထပ်ပြီး မဆင့်က ပြောတယ်တဲ့ နင် တော်တော်ပြောင်းလဲသွားတယ်လို့ ပြောတော့ ရယ်ချင်သေးတယ်။ ငါနဲ့ မဆင့်နဲ့ တစ်ခါမှ မတွေ့သေးဘူး။ အဲ သင်တန်းတက်ရင်းနဲ့ မ၀ါတို့နဲ့တွေ့တုန်း မလှိုင်မော်နဲ့ တွေ့ဖြစ်တာပဲရှိတယ်။ ငါကတော့

အရင်အတိုင်းပဲ စိတ်ကော လူကော ရုပ်တော့ မပါဘူး။ အသက်ကလေး ၇ နှစ်နှစ်လောက်ကြီးသွားပြီ။ ဘာပဲဖြစ်ဖြစ် ငါ ပျော်တယ်။ ထပ်ပြီး တွေ့ရတော့မယ့် ဦးမိုးမြင့်၊ မခိုင်၊ မခင်ချိုဦး သူတို့ကိုလည်း ငါ အမြဲသတိရပါတယ်။ လူတွေဟာ ဘ၀တစ်ကွေ့မှာ ခဏလာတွေ့ကြပေမယ့် ငါတို့ရဲ့ ခဏတာဆိုတဲ့ ခင်မင်မှု သံယောဇဉ်ဆိုတာ ဘယ်လောက်ပဲ အမျှင်ပါးပေမယ့် ခိုင်မြဲတုတ်နှောင်နေတယ်ဆိုတာ နင်ယုံလား။ နင်လည်း မပြောင်းလဲဘူး။ ငါလည်း ခုထိ နင်တို့အပေါ် ခင်မင်နေတဲ့ စိတ်က ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး လေး။ လေးရေ... ဖြစ်နိုင်ရင် နွယ်လေးနဲ့ ပြန်တွေ့ချင်တယ်။ ငါတို့တွေ ၇ နှစ်နှစ်ဆိုတဲ့ကာလကိုဖြတ်သန်းခဲ့ကြတယ်နော်။ နင် ဘာတွေ တိုးတက်ဖြစ်ထွန်းလာပြီလဲ။ ငါကတော့ အလုပ်ရယ်၊ သင်တန်းရယ်၊ ငါ့ရဲ့ကိုယ်ပွား ရွှေမြန်မာဆိုက်ရယ် ဒါတွေနဲ့ လုံးလည်ချာလည်လိုက်နေတယ်။ ဘ၀မှာ ရှေ့ကို သွားရင် သွား၊ မသွားရင် နောက်ရောက်နေတယ်တဲ့။ နင်တို့ကို အောင်မြင်ဖြစ်ထွန်းနေတဲ့လူအဖြစ် ငါ မြင်ချင်ခဲ့တာ အရင်ထဲကပါ။ ခင်ဖုန်းအတွက်တော့ ပီတိဖြစ်မိပါတယ်။ သူအတွက် လမ်းစဆိုတာထက် လမ်းဆုံးကို ရောက်နေပြီလို့ ငါ ခံစားရတယ်။ လူတိုင်း သူ့နေရာနဲ့ သူ ပျော်နေတာဆိုရင် အရာအားလုံးက ကောင်းနေတာပဲ။ ငါတို့တွေဟာ သူငယ်ချင်းအစစ်အမှန်တွေမို့ ပြန်တွေ့တာလည်း ဖြစ်နိုင်တယ်နော် နင်ကော ဘယ်လိုခံစားမိလဲ။ စိတ်ကို စိတ်နဲ့ ပေါင်းဖော်ခြင်းသည် အရှည်တည်မြဲသည်တဲ့။ လူ့လောကဆိုတာကလည်း ငိုတစ်ခါ ရယ်တစ်လှည့် ဘ၀အဖုံဖုံကြား ကျင်လည်နေရတာကိုးဟ။ ငါ ပြောင်းလဲတာ ဆံပင်တစ်ခုပဲရှိပါတယ်ဟာ။ ဟိုးလွန်ခဲ့တဲ့ ၇နှစ်တာ ကာလအကွာတုန်းက ငါ ယောက်ျားလေးဆံပင်ကေနဲ့ ဂျစ်ကန်ကန် မိုက်ကန်းကန်းပုံစံနဲ့လေ။ ငါ အဲဒီပုံစံကိုပဲ သဘောကျတယ်။ ဟန်ဆောင်မှုဆိုတဲ့ အလွှာမရှိဘူး။ စိတ်ထဲရှိတာ ကောင်းတာရော မကောင်းတာရော ပြောတတ်တဲ့ငါ့အကျင့်လေ။ ခုတော့ အသက်ကြီးလာတော့
ဖြတ်သန်းရတဲ့ ၀န်းကျင်တွေမှာ ပြောသင့် ပြောထိုက် ပြောချိန်ဆိုတာတွေ၊ နောက် အရိပ်သုံးလေးပါးလောက် ကြည့်နေရတာတွေ များလာတော့ လောကကြီးမှာ ငါလေ ပြုံးတတ်လာတယ်ဟ။ စိတ်ညစ်ရင် ပိုပြုံးတယ်လို့ ငါ့ဝန်းကျင်ကပါ ပြောဖန်များလာတယ်။
ဟုတ်တယ် လေး၊ ငါလေ ဖြတ်သန်းခဲ့ရတဲ့ဘ၀အတွေ့အကြုံအရ ကိုယ်ချင်းစာတရားဆိုတာနဲ့ နေကြည့်လာတယ်ဆိုပါတော့။

သူများကို ပြောတော့မယ်ဆိုရင် ငါ အရင်ဆုံး သူများနေရာမှာ ၀င်ခံစားကြည့်မိတတ်လာတယ်။ သူ့နေရာမှာ ငါသာဆိုရင်....

ဆိုတဲ့အတွေးပေါ့။ အဲဒါလည်း မကောင်းဘူးဟ။ တစ်ခါတလေ တစ်ယောက်ထဲ ခံစားရတယ်။ နင်လေ အရင်က အတိုင်းပဲ ငါ့အတွက် အမြဲကြည့်တတ်ပေးတဲ့အကျင့်လေးက ခုထိ မပျောက်သေးဘူး။ တူတူပြန်တာတောင် ငါ အဆင်ပြေတဲ့နေရာက ပြန်၊ မပြေရင် ကားငှားဦးမယ် ပြောနေသေးတယ်။ ဘ၀မှာ မေ့လို့မရတဲ့ မသင့်တဲ့အရာတွေက ဘာလဲနင်သိလား ငါကတော့ သူငယ်ချင်းကောင်းတွေလို့ ငါ ထင်တယ်။ နင်လည်း နင်ဖြတ်သန်းခဲ့တဲ့ ၀န်းကျင်တွေမှာငါ့ထက် ကောင်းတာတွေလည်း တွေ့ခဲ့ရင် တွေ့ခဲ့မှာပါ။့ ငါတို့တွေ လမ်းဆုံးကို မရောက်သေးပေမယ့် တစ်နေ့ ရောက်မယ်ဆိုတဲ့စိတ်နဲ့ လျှောက်နေကြတဲ့ ဒီလမ်းပေါ်မှာ ပြန်ဆုံတွေ့ခွင့် ပြန်ရရှိခဲ့တာ အလွန်ပဲ ၀မ်းသာမိတယ်။ နင်လည်း ငါ့လို စိတ်နဲ့ ရှိနေမယ်ဆိုတာ ငါ ယုံကြည်တယ်သူငယ်ချင်း....
နင်က ကဗျာ မခံစားတတ်ဘူးလို့ ငါ့ကို ပြောထားပေမယ့် နင့်အတွက် လက်ဆောင်တစ်ခု ငါ ပေးမယ်နော်။ အဲဒါကတော့
အနီးအဝေးဆိုတာပါပဲ။

အနီးအဝေး

လောကမှ
မတူမျှတာတွေ
မျှခြေညှိနေလို့ကော
အားလုံးဟာ
တူမျှလာမယ်လို့ နင် ထင်နေသလား။
လူတိုင်းကိုသာ ကိုယ့်စိတ်နဲ့နှိုင်းနေရင်
တစ်သမတ်တည်း ဖြစ်ပေါ်လာရင်တော့
ဖြစ်ပေါ်လာမဲ့ ၀န်းကျင်မှာ
အောင်မြင်မယ်လို့
ယူဆမိပါတယ်။
ဒါပေမဲ့...
ဒါတွေဟာ
ဖြစ်ပေါ်လာဖို့
တော်တော်ခဲယဉ်းပါတယ်။
မိသားစုတစ်ခုမှာတောင်
တစ်ဝမ်းတည်းဆိုပေမဲ့
စိတ်ချင်းမတူတဲ့သူတွေရယ်လို့
ဖြစ်လာကြသေးတာပဲ။
ဒီတော့
မဖြစ်လာနိုင်တဲ့အရာတစ်ခုကို
ကြိုးစားနေမယ့်အစား
ကိုယ့်စိတ်ကိုယ် ကိုယ့်ဝန်းကျင်မှာ
အလိုက်သင့်ကလေးနေတတ်အောင်
ကြိုးစာရမှာတော့
သေချာပါတယ်။
အများအားဖြင့်
လောကမှာ
ကိုယ်ဖြစ်ချင်တာထက်
ဖြစ်သင့်တာကိုပဲ
ကြိုးစားတည်ဆောက်နိုင်ရင်
အောင်မြင်မှုဟာ
ငါတို့ရဲ့အနားမှာ
အနီးလေးရှိနေမှာပါ လေးရယ်.....

7/23/2009

ဘယ်သူတွေလဲ

သြော်....
လူတွေ လူတွေ
မကောင်းတာပြောလည်း သူတို့
ကောင်းတာပြောလည်း သူတို့
ဟုတ်တာရော
မဟုတ်တာရော
မှန်တာရော
မမှန်တာရော
အသေးအမွှားရော
အပြင်းစားရော
လိုတာရော
ပိုတာရော
ရောတာတွေများနေတော့
အဲတော့....
သောက်နေကျ ကော်ဖီထဲ
ရေနွေးရောတာ များသွားပါလား.....
သြော်....
လူတွေ လူတွေ

7/20/2009

မွေးနေ့ရက်လေး

မွေးရက်မှစ ဖြတ်သန်းမှုကာလ

ထောင့်ကိုးရာမျိုး
ခုနစ်ဆယ့်ရှစ်၊ တည်ရှိမိုးနှောင်း
လမြတ်ဝါဆို၊ လပြည့်ကျော်တွင်
လဆန်းတစ်ရက်
နေ့ဝယ်ကြာသပတေး၊ တစ်မနက်တွင်
သံသရာတစ်ကြော
လောကကြီးတွင်း
ဖြစ်တည်လာခဲ့
အကျွန်ုပ်သည်
လူ့ဘုံခန်းဝါ
သုခဒုက္ခ အဖုံဖုံကြား
လူမှန်းသိစ
အရွယ်ကပင်၊ မာန၀င်ကာ
တငါငါနှင့် စားကာသောက်ကာ
ပျော်ပါးကာလျှင်၊ သာယာချိုမြ
ကိုယ့်ဘ၀ကို ပြည့်ဝစုံလင်
အဟုတ်ထင်ခဲ့...
အရွယ်ရောက်လတ်
ဘ၀ရုန်းကန်
လူ့လောကထဲဝင်ကာမျှ
ကျဆင်းစိတ်ဓာတ်
အဖန်ဖန်တင်းရင်း
ဘ၀အမောတွေ ပြေခဲ့ရ
နှစ် လ ရာသီ
အလီလီပြောင်းရင်း
မသေသေးသရွေ့
ဆက်လက်ဆောင်ရွက်
လမ်းမှန်ကိုလျှောက်
အောင်မြင်မှုကို ရှေးရှုနေရင်း
တက်လှမ်းလာမည့်
အနာဂတ်ခရီး
မျှော်မှန်းရင်း
အကျွန်ုပ်သည်
အောင်မြင်မှု ပန်းတိုင်ဆီသို့......

သြော်... ဘာလိုလိုနဲ့ ရက်မှ လ ပြောင်း နှစ်တွေ အလီလီပြောင်းခဲ့တာ ခုတဖန်
တစ်နှစ်ကုန်လို့ နောက်တစ်နှစ်ရဲ့မွေးရက်ကို ရောက်ရှိခဲ့ပြန်ပြီပေါ့။
ပြန်စဉ်းစားကြည့်ရင် အသက်ကြီးလာလေ အသက်ငယ်ချင်လို့ ပြောကြတဲ့အတိုင်း ငါ
အသက် တစ်နှစ်ကြီးလာပြန်ပြီ ဘာတွေ တိုးတက်နေပြီလဲ ဘယ်နေရာ ရောက်နေပြီလဲ
ဒါတွေကို အရင်ဆုံး စဉ်းစားနေမိတယ်ဆိုပါတော့... မွေးရက်က
မှတ်မိလွယ်တယ်လို့ ရုံးက ညီမလေးတွေက ပြောကြတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်လေ
မှတ်မှတ်ရရ အမြဲစိတ်ထဲမှာ မမေ့နိုင်တဲ့နေ့လေးတစ်ရက်
အာဇာနည်နေ့ကျရောက်ပြီးရင် ကျွန်မရဲ့ မွေးနေ့ရက်လေး ဖြစ်နေလို့ပါပဲ။ ဒါဟာ
ကျွန်မ မွေးဖွားလာစဉ်ကတည်းက သေဆုံးတိုင်
မေ့လို့မရနိုင်တဲ့ကျွန်မရဲ့မွေးနေ့လေးတစ်ရက်ဆိုလည်း မမှားပါဘူး။ ဒီတော့
မွေးနေ့ရောက်လာပြန်ပြီ မရောက်ခင်တည်းက သူငယ်ချင်းအပေါင်းအသင်းတွေက
သတိပေးနေကြပြီလေ ဒါတင်ပဲလားဆိုတော့ မဟုတ်ပြန်ဘူး။ ညီမလေးတွေကလည်း
ဖုန်းဆက်ပြီး လှမ်းပြောနေကြပြန်ရော အမ လက်ဆောင်ကြိုပေးလို့ရလားတဲ့။
ကျွန်မကလည်း မရဘူး။ ပေးမယ်ဆို မွေးနေ့ မကျွေးဘူးလို့ ပြောနောက်လိုက်တော့
မစားပါဘူးတဲ့ ယူပါတဲ့။ သူတို့ရဲ့ ချွေးနည်းစာနဲ့ ပေးမယ့် လက်ဆောင်ကို
မယူရက်တာလည်းပါတယ်။ ဒီကြားထဲ ဇူလိုင်လ၀င်လာကတည်းက နေ့တိုင်း
မွေးနေ့ဘာကျွေးမှာလဲ မေးကြတဲ့ ရုံးက ညီမလေးတွေက တစ်မျိုးဆိုသလိုပေါ့။
ကျွန်မ မျက်ရည်လည်မိတယ် ကျွန်မကို ဒီလောက် ခင်ကြတဲ့ မိတ်ဆွေသူငယ်ချင်း
မောင်နှမတွေရှိနေသေးပါလားလို့ တွေးမိတယ်။ ဘာပဲဖြစ်ဖြစ်လေ
ဘ၀ရဲ့တစ်စိတ်တစ်ပိုင်းကို ခြေနင်းဝင်ရောက်လာခဲ့ပြီ။ ဒီတော့ အရင်ဆုံး
စဉ်းစားမိတာက ငါ ငါ့ရဲ့ခြေထောက်ပေါ် ငါ ရပ်နိုင်ပြီလား။ နောက်တစ်ချက်က
မိဘကို ဘယ်လောက်ကျေးဇူးဆပ်ပြီးပြီလဲ၊ နောက် သာသနာအတွက် အလှူအတန်းတွေ
ဘယ်လောက် လုပ်ပြီးပြီလဲ။ ငါကကော ဘယ်နေရာမှာ ရောက်နေပြီလဲ
အမြဲတွေးမိတဲ့အကြောင်းအရာတွေပါ။ တစ်ယောက်ကလည်း နေဖြစ်မကောင်းဘူး။
နေမကောင်းတဲ့ကြားက အစ်မအတွက် လက်ဆောင်သွားဝယ်သေးတယ်လို့ ပြောပြီး
လက်ဆောင်ကို ကြိုလာပေးတာက ရှိသေး။ မွေးနေ့ဆိုတာ အမှန်တော့
ဘုဂလန့်ပြောရရင် မွေးတဲ့ရက်ထဲက မရှိတော့တာလို့ ထင်တယ်။ အဲလိုပြောရင်
ပြောကြဦးမယ်။ အစ်မက ပြောလိုက်ရင် ဘုဂလန့်လို့။ အိမ်မှာလည်း ရှိသေးတယ်
မောင်လေးတွေနဲ့ ဖေဖေက ပြက္ခဒိန်တစ်လှန်လှန်နဲ့ ဇူလိုင် ၂၀ ရက်နေ့ဆို
မမကြီးမွေးနေ့နော်တဲ့ သားတို့ ကိတ်မုန့်လှီးရတော့မယ်တဲ့ ကောင်းရော...
စားချင်နေတာ ပြောပါတယ်။ ဘာလိုလိုနဲ့ အသက်တစ်နှစ်ကြီးလာပြီ ငါ ပညာတွေကို
တိုးတက်ရဲ့လား မေးခွန်းကို နည်းနည်းတော့ ဖြေသာခဲ့တယ်။ အရင်ထက်စာရင်
နည်းနည်းပိုသိလာတယ်လို့ ခံစားရလို့ပဲ။
ဒီကြားထဲ ပြောရဦးမယ်။ ရုံးက အန်တီရဲ့အဖေ နာမကျန်းနေတာ တော်တော်ကြာပါပြီ။
ခုနောက်ပိုင်း အသက်ကယ်ဆေးတောင် သွင်းထားရတယ်လို့ ပြောတယ်။ ကိုယ်လည်း
သတင်းသွားမမေးဖြစ်ဘူး။ ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေမိတာကိုး။ တစ်နေ့တော့
ညနေပိုင်းလောက် ဖုန်းလာပါလေရော။ အန်တီရဲ့အဖေ ဆုံးသွားပြီတဲ့ ဒါနဲ့ ရုံးက
မန်နေဂျာနဲ့အန်တီနောက်တစ်ယောက်နဲ့ လိုက်သွားတယ်။ သူတို့ ရုံးက
ထွက်ပြီးလို့ သိပ်မကြာဘူး။ ဖုန်းလာပြန်တယ်။ ဖုန်းထဲက အန်တီရဲ့အဖေ
မသေသေးဘူးတဲ့ မျောနေတာတဲ့ လှမ်းအကြောင်းကြားတာလို့ ပြောပြီး
ဖုန်းချသွားတယ်။ ဟောတော့ ဘယ်လိုလုပ်မလဲ လိုက်သွားကြတဲ့သူတွေလည်း
ရောက်လောက်ရောမယ်ပေါ့။ ဒါနဲ့ နောက်တစ်နေ့ကျတော့ သို့လော
သို့လောနဲ့အလုပ်ရောက်လာတော့ သွားကြတဲ့သူတွေကို မေးကြည့်တော့
တကယ်သေတာပါလို့ ပြောတယ်။ အသုဘကိုတော့
တစ်ရုံးလုံးနည်းပါးလိုက်ပို့ဖြစ်တယ်။ အဲဒါနဲ့ ရေဝေးသုဿန်ရောက်တော့
ငိုတဲ့သူ ငို ကြည့်တဲ့သူက ကြည့်ကြပေါ့။ အဲဒီမှာ ကျွန်မရဲ့အသိတွေက
လာနှုတ်ဆက်ပါလေရော။ စကားပြောကြဆိုကြပေါ့။ ဟိုလူနေကောင်းလား
ဒီလူနေကောင်းလားပေါ့။ ဒါနဲ့ ရုံးပြန်ရောက်တော့ အမကလည်း မိတ်ဆွေပေါတာကတော့
မပြောနဲ့တော့ ရေဝေးသုသာန်မှာတောင် ရှိတယ်တဲ့။ ဟဲ့ သူများကြားရင် ရေဝေးမှာ
အသိရှိတယ်ဆိုလို့ ဘာလဲထင်နေဦးမယ် လိုက်ပို့တဲ့သူတွေက နှုတ်ဆက်တာပါလို့
ပြန်ပြောရတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ ပြောချင်တာက မွေးပြီးထဲက သေမျိုးတွေပါပဲ။ တစ်နေ့
ဒီလမ်းကို လိုက်ရမယ်ဆိုတာ နားလည်သဘောပေါက်ထားမိတယ်။ မသေခင်သာ မွေးနေ့က
တစ်နှစ်ပြီး တစ်နှစ်ရောက်ရောက်လာခဲ့တာပါ။ သေသွားတော့ရော ဘာဖြစ်လဲ
နောက်ဆုံးတော့ ဒီလမ်းတစ်လမ်းထဲကိုပဲ ရောက်သွားကြတာပါပဲ။ ဒီကြားထဲမှာ
ငါဆိုတဲ့ အတ္တစွဲ လောဘ ဒေါသ မောဟ မာန်မာန ဒါတွေကို ရှောင်လွှဲလို့
မရနိုင်ကြသေးဘူးလေ။ ရယ်စရာ ပြောရဦးမယ်။ စင်ကာပူက ညီမလေးတွေထဲ
အမြွာနှစ်ယောက်ထဲက အငယ်လေးပေါ့။ အရင်နှစ်တွေကတော့ စာတိုက်ကနေ
ကတ်နဲ့ပို့တယ်။ သူ ဘယ်နေရာ ရောက်ရောက် ပို့ရှာတယ်။ သူ့လိုပဲ တောင်ငူက
ကလေးလည်း နှစ်တိုင်းပို့တယ်။ ဒီနှစ်လည်း စာတိုက်ကနေ ပို့လိုက်ပြီဆိုပြီး
မေးလ်ပို့ရှာတယ်။ နောက်တစ်ယောက်ကတော့ ကျွန်မရဲ့ ဘလောဂ်ညီမလေး Dream
(သို့) မက်မက်ဆိုတဲ့ကလေးမလေးပေါ့။ ၁၄ ရက်နေ့ပဲ ရှိသေးတယ် မေးလ်ပို့လာတယ်။
ကတ်ကလေးထဲမှာ စာလေးတွေရေးပြီးပေါ့။ မေးလ်ထဲမှာတော့ ၂၀ ရက်နေ့ကျရင်
မေ့နေမှာစိုးလို့ ကြိုပို့တာပါတဲ့ ဟား ဟား ရယ်ရတယ် မက်မက်တစ်ယောက်တော့
လုပ်ချလိုက်ပြန်ပြီ မေ့တော့ကော ဘယ်တတ်နိုင်မလဲ မဟုတ်ဘူးလား
ညီမလေးရဲ့ပေါ့။ နောက်တစ်ယောက်ကတော့ ကျွန်မရဲ့ အခင်မင်ဆုံး
မောင်လေးတစ်ယောက်ဖြစ်တဲ့ မောင်လေး လင်းလင်းလည်း မွေးနေ့မတိုင်ခင်
မွေးနေ့လက်ဆောင် အမှီပို့ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်မိပါတယ်။
နောက်တစ်ချက်က အားလုံး အမှတ်ရ သတိရပေးတဲ့အတွက်လည်း ၀မ်းသာသလို
ပျော်ရွှင်မိပါတယ်။ ဘ၀ဆိုတာ ငိုတစ်ခါ ရယ်တစ်လှည့်နဲ့ ဖြတ်သန်းနေကြရတာပါပဲ။
ကျွန်မရဲ့ မွန်မြတ်တဲ့အလှူတွေ တတ်နိုင်သရွေ့ ကျွန်မ အသက်ရှင်နေသမျှ
ကာလပတ်လုံး ကောင်းမှုကုသိုလ်တွေ ဆက်လုပ်သွားမယ်။ နောက် လူတွေကို
တတ်နိုင်သမျှ ကူညီမယ်။ စိတ်ကို တတ်နိုင်သမျှ သည်းခံပြီး
စိတ်ကောင်းအမြဲမွေးနိုင်အောင် ကြိုးစားတည်ဆောက်သွားမယ်။ ဘာလို့
အဲလိုပြောလဲဆိုတော့ ကျွန်မလည်း ပုထုဇဉ်လူသားတစ်ယောက်ဆိုတော့
စိတ်ကောင်းကထားရင်း ထားရင်းနဲ့ နည်းနည်းပျောက်ပျောက်သွားတယ်။ ဒါကြောင့်
ပြောတာပါ။ ကဲ အားလုံးပဲ ကျွန်မရဲ့ မွေးနေ့မှစပြီး
ပြောမှားဆိုမှားရှိခဲ့ရင် အားလုံးပဲ ခွင့်လွှတ်ပေးကြပါလို့ ပြောရင်းနဲ့
မွေးနေ့ကို လာရောက်ကြတဲ့အတွက် ကျေးဇူးအများကြီးတင်မိပါကြောင်း.....

7/18/2009

မေ့မရနိုင်သော နေ့လေးတစ်နေ့

(၁၉ ဇူလိုင် မမေ့နိုင်)

အို... မိတ်ဆွေအပေါင်းတို့
နှစ်တွေကြာညောင်း
ဘ၀တွေ ဘယ်လိုပြောင်းပြောင်း
ဗိုလ်ချုပ်တို့ခွဲခွာ၊ နေရှိန်ထိုးကျ
လောကပိန်းမှောင်၊ အလင်းရောင်ပျောက်
မိုးအောက်လေရင်၊ ဆူပွက်လတ်သော်
လှိုင်းတွေရပ်သမုဒ္ဒရာ၊ ငြိမ်သက်ရှာကြ
တဒင်္ဂလျှင်
ငါတို့အားလုံး
ဝမ်းနည်းပူဆွေးဦးညွတ်ကြကုန်၏။
အို... သင်္ခါရ၊ အနိစ္စတည်း
ဗိုလ်ချုပ်တို့သွားနှင့်၊ ဖြစ်သဖြင့်ကြောင့်
အောက်မေ့ခွင့်ကြုံ၊ ငါတို့ဆုံရ
ဤဘဝ
သောကတောင်ထုရှိချေပြီတကား....
ထွက်ခွာသွားပြီ၊ တို့မျက်ရည်များ
ဖြည်မဆည်နိုင်၊ မိုးနှင့် ပြိုင်ပြီ
အောက်မေ့တမ်းတ၊ လွမ်းရက်ရှည်ကြာ
နောက်ဆုံးတော့
ဘ၀ တွေ့ကြုံဆုံကွဲတည်း....



ဝါဆိုဝါခေါင် ရေဖောင်ဖောင်ဆိုတဲ့အတိုင်းပဲ။ ဆိုင်းမဆင့် ဗုံမဆင့်ဘဲ ရန်ကုန်မိုးဟာ ဗြုန်းခနဲရွာပြီး တိတ်သွားသော်လည်း အခုတော့ ဘယ်အငြိုးကြောင့် ဒေါမာန်ကြီးစွာနဲ့ ရွာသွန်းနေရပါလိမ့်လို့ ယမင်း စဉ်းစားနေမိတယ်။ လမ်းသွားလမ်းလာတွေလည်း မရှိသလောက် ဖြစ်နေပြီး ယမင်းတစ်ယောက်ထဲ မိုးရွာထဲ လျှောက်သွားနေမိပါ တကား။ သြော်... ဘာလိုလိုနဲ့ မမေ့သင့်၊ မမေ့အပ်၊ မမေ့နိုင်တဲ့နေ့လေးတစ်နေ့ကို ရောက်တော့မှာပါလား။ ဒီလိုဘဲ ရင်ထဲမှာ ခုချိန်ထိ မမေ့နိုင်တဲ့နေ့လေးနှင့်အတူ ယမင်းရဲ့ မွေးရက်လည်း ရောက်လာတော့မှာပါလား။ ယမင်းရဲ့မွေးနေ့က ဇူလိုင် ၁၉ ပြီး နောက်တစ်ရက်လေ။ အင်း အသက်လည်း တစ်နှစ်ကြီးပြန်ပြီပေါ့။ ဒီအစိုင်အခဲဟာ ယမင်း အသက်အရှင်နေသမျှ ကာလပတ်လုံး ပို၍ ပို၍ ကြီးထွားနေမှာဘဲ။ ထိုရက်ကား ဇူလိုင် ၁၉ ရက်နေ့ပင် ဖြစ်ပါတယ်။ ဇူလိုင် ၁၉ နှင့်အတူ မျက်ရည်မိုးတွေ လည်း သွန်းဝေဖြိုးပေတော့မယ်လေ။
ဒီကနေ့တော့ သည်းထန်စွာ ရွာနေတဲ့မိုးကြောင့် ယမင်းလည်း အိမ်ပြန်ရောက် တာနဲ့ နွေးသွားအောင် ကော်ဖီတစ်ခွက်သောက်ပြီး ဟိုတစ်ချိန်ဆီက မေ့မရနိုင်သော နေ့လေးတစ်နေ့ကို မျက်စိမှာ မြင်ယောင်ကြည့်နေမိတော့တယ်။ ဒါဟာ ငယ်ငယ်လေး ကတည်းက မိဘများက ပြောပြခဲ့တဲ့ အကြောင်းအရာတစ်ခုဆိုလဲ ပိုမှန်ပါတယ်။ ကြီးလာတော့ လက်လှမ်းမီသလောက် လေ့လာ၊ ပြီးတော့ သံရုံးက အခွေတွေ ဘာတွေ ငှားကြည့်ဖြစ်ခဲ့တယ်လေ။ ဒါတွေဟာ အမှန်တရားလား။ လုပ်ဇာတ်လမ်းလားဆိုတာ ယမင်းလည်း သေချာမသိပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ်ကိုယ်တိုင် မမြင်ခဲ့ရတာကိုး။



ကျွန်မ တွေးမိတဲ့အကြောင်းအရာကတော့ လွန်ခဲ့တဲ့ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့၊ မိုးတွေ တစိမ့်စိမ့်ရွာသွန်းနေတဲ့အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်ကိုးဦးတို့ဟာ နယ်ချဲ့လက်ပါးစေ ဂဠုန်ဦးစော (အခိုင်းခံရသူ)ရဲ့ လက်ချက် နဲ့ ကျဆုံးခဲ့ရခြင်းပဲ ဖြစ်ပါတယ်။ ယမင်း သိသလောက်ပေါ့လေ နောက်ပိုင်း လေ့လာမိ သလောက်ကတော့ ဂဠုန်ဦးစောဟာ (ဟုတ်မဟုတ်တော့ မသိဘူး၊ သိတာကို ပြောပြတာနော်) ဆာတော်မန်စမစ်ရဲ့ စေခိုင်းချက်ကြာင့် အာဏာရာထူးကို မက်မောပြီး လုပ်ကြံခဲ့ခြင်း ဖြစ်တယ်ဆိုတာ သိခဲ့ရတယ်။ အင်း မြန်မာတိုင်းရင်းသားတို့အတွက် တော့ ကမ္ဘာသာကျေပြီး ဥဒါန်းကျေမှာ မဟုတ်တဲ့ နေ့လေးတစ်နေ့ပေါ့။ ပြောရရင်တော့ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ဟာ ယမင်းတို့ရဲ့ လွတ်လပ်ရေး ပန်းတိုင်နှင့် မဝေးတော့တဲ့အချိန်အခါ သမယဖြစ်တော့မဲ့ အချိန်ပေါ့။ မိုးရာသီဖြစ်တဲ့ အတွက် မိုးရွာတာဟာ မဆန်းပါဘူး။ ဒါပေမဲ့ ထိုနေ့မှာတော့ မိုးမင်းကြီးဟာ ဒီသတင်းဆိုးကို ကြိုတင်ပဲ သိနေလို့လား ညိုသော အရောင် မှောင်တဲ့အသွင်ကို ဆောင်ပြီး တိမ်လွှာတိမ်လိပ်တို့ကလည်း မိုးကောင်းကင်မှာ ချက်ချက်ဘဲ အုံ့ဆိုင်းတက် လာတာပေါ့။ အဲဒီအချိန်မှာ မိုးသံ တချုန်းချုန်း မျက်စိတစ်မှိတ် လျှက်တစ်ပြက် အတွင်းမှာဘဲ လျှပ်စီးတွေ လက်ပြီး လေကလည်း ထန်လာတယ်။ အချိန်ကား နံနက် ၁၀ နာရီခန့် ရန်ကုန်မြို့လယ်ရှိ အတွင်းဝန်ရုံးဟာ မိုးတွေကြားမှာ လေပြင်းကို အန်တုပြီး အခိုင်အမာရပ်တည်နေတာပေါ့။ အဲ အထဲမှာ ရှိတဲ့လူတွေဟာ အချမ်းဒဏ် ကို ဂရုမပြုနိုင်ဘဲ တိုင်းရင်းသားအားလုံးအတွက် လှုပ်ရှားနေခဲ့ကြတယ်လေ။ သူတို့ဟာ အတွင်းဝန်ရုံး ပထမထပ် အလယ်ခန်းမှာ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုတဲ့ မျိုးချစ်ခေါင်းဆောင်ကြီးတွေပဲ ဖြစ်ပါတယ်။

အသက် ၃၃ နှစ်ဝန်းကျင်ပဲ ရှိသေးတဲ့ ဗိုလ်ချုပ်ဟာ တက်ရောက်လာတဲ့ ခေါင်းဆောင်ကြီးတွေနဲ့ ယမင်းတို့ရဲ့ နိုင်ငံအတွက် ဆွေးနွေးတိုင်ပင်နေကြတာပေါ့။ ခေါင်းဆောင်တွေဟာ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် နေ့ညမဟူ လုံ့လထုတ်ကြ ရှာရပါတယ်။ ဒါပေမဲ့ ဇူလိုင်လ ၁၉ ရက် နံနက် ၁၀ နာရီနဲ့ ၃၇ မိနစ်အချိန်လောက် မှာဘဲ ဘယ်လိုမှ မထင်မှတ်ထားတဲ့ ရင်နင့်ဖွယ် အဖြစ်ဆိုးကြီးဟာ ရုတ်တရက် ဖြစ်သွားခဲ့ရပြီလေ။ ဆူညံစွာ မောင်းဝင်လာတဲ့စက်သံနှင့်အတူ ဂျစ်ကားတစ်စီးဟာ အတွင်းဝန်ရုံးရှေ့ကို ရောက်ရှိလာပြီး မျက်နှာဖုံးစွပ် လူလေးယောက်ဟာ ရုတ်တရက် ၀င်ရောက်လာပြီး မြင်မြင်သမျှ မည်းမည်းမြင်ရာကို လိုက်လံပစ်ခတ်တော့တာပါပဲ။ ဗိုလ်ချုပ်ဟာ ရုတ်ခြည်းထရပ်ပြီး တားရန် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သေနတ်ကျည်ဆန်ထိပ်ဖူးဟာ ကိုယ်တွင်းကို ရောက်ရှိသွားပြီး တားမြစ်မှုဟာ မအောင်မြင်ခဲ့ဘူးပေါ့။ အဖြစ်အပျက်ဟာ မြန်ဆန်လွန်းတဲ့အတွက် တစ်ခဏအတွင်းမှာ မြင်မကောင်းအောင် သွေးချောင်းစီးသွားပါတယ်။ မျိုးချစ်ပုဂ္ဂိုလ် ကိုးဦးဟာ မျိုးဖျက်သစ္စာဖောက်၊ အသားထဲက လောက်ထွက်တဲ့သူတွေရဲ့စနစ်ကြောင့် ကျဆုံးခဲ့ရ ရှာတော့တယ်။ ပြည်သူက ချစ်သော ဗိုလ်ချုပ်ဟာ ပြည်သူ့အတွက် လုပ်ဆောင်ရင်းနဲ့ အကြံပက်စက် ဆန်ကောလောက်မှ ဇောက်မနက်တဲ့ လူတွေရဲ့လက်ချက်နဲ့ ကျဆုံးခဲ့ရလေတယ်။ ဘယ်လောက် မိုက်ရိုင်းလိုက်သလဲ။ ဗိုလ်ချုပ်နဲ့အတူ သခင်မြ၊ မန်းဘခိုင်၊ ဒီးဒုတ်ဦးဘချို၊ မစ္စတာ အဗ္ဗဒူရာဇာတ်၊ ဦးဘ၀င်းတို့လည်း အဲဒီနေရာမှာတင် သေဆုံးခဲ့ရရှာတယ်။ အဲ ဒဏ်ရာပြင်းထန်စွာ ရသွားတဲ့ မိုင်းပွန်စော်ဘွား စောစံထွန်း၊ အတွင်းဝန် ဦးအုန်းမောင်နှင့် သက်တော်စောင့် မောင်ထွေးတို့လည်း ရရှိတဲ့ဒဏ်ရာနဲ့ သေဆုံးခဲ့ရရှာတယ်။ အာဇာနည် ကြယ်ကိုးပွင့် အကြွေစောခဲ့ရလေပြီ။


ခုချိန်မှာတော့ ဗိုလ်ချုပ်တို့ရဲ့ သွေးစက်နဲ့ လမ်းခင်းပေးခဲ့တဲ့ လွတ်လပ်ရေးဟာ အထင်အရှားရှိခဲ့ရပြီလေ။ ယခုဆိုရင် ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ကို ရောက်ရှိ လာခဲ့ပြန်ပြီပေါ့။ ယမင်းလေ ရေးစရာတွေ ရင်ထဲမှာ အပြည့်ရှိနေပါတယ်။ ဒါပေမဲ့ ရင်ထဲမှာ ၀မ်းနည်းဆို့နစ်ကြေကွဲပြီး ဘယ်လိုမှ ဆက်ရေးလို့ မရတော့ဘူး။ အခု မိုးတွေ သည်းကြီးမဲကြီး ရွာနေပြန်ပြီလေ။ အာဇာနည်နေ့ကို ကြိုတင်ဦးညွှတ်ဂုဏ်ပြုနေသည့်အလား၊ ယမင်းရဲ့ရင်ထဲမှာ မေ့မရသောနေ့လေးတစ်နေ့ကို မြင်ယောင်နေမိပါ တော့တယ်။ အားလုံးတိတ်ဆိတ်ငြိမ်သက်စွာနဲ့ ကျဆုံးလေပြီးသော အာဇာနည်မျိုးချစ် ခေါင်းဆောင်ကြီးတွေကို ယမင်းနဲ့အတူ ၀မ်းနည်းပူဆွေးစွာနဲ့ပဲ ဂုဏ်ပြုကြိုဆို ကြပါစို့နော်။


ဒီပိုစ့်လေးက ကျွန်မ တင်ပြီးသား ပိုစ့်လေးတစ်ခုပါ.... ပိုစ့်အသစ်ရေးဖို့ အချိန်မရှိတဲ့အတွက် ပြန်လည် တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်ရှင်....

ကောင်းကင်မှာလနှစ်စင်းထွန်းလင်းမဲ့သြဂုတ်လ(27)ရက်နေ့














တစ်ကမ္ဘာလုံးကစောင့်စားနေကြတဲ့သြဂုတ်လ၂၇ရက်နေ့

ကဲ...သူငယ်ချင်းတို့ရေ. ...လက်တို့ပြီးတော့ ပြောရဦးမယ် သတင်းထူးလေးကို သြဂုတ်လမှ စတင်၍ အင်္ဂါဂြိုလ်ဟာ အထွန်းလင်း အတောက်ပဆုံး ဖြစ်ပါလိမ့်မည်။ ၄င်းဂြိုလ်ဟာ ကြီးမားတောက်ပတဲ့ လတစ်စင်းပမာ အစွမ်းကုန် ထွန်းလင်း တောက်ပမှာပါ။ အဲဒါကတော့ သြဂုတ်လ 27ရက်နေ့မှာ အင်္ဂါ ဂြိုလ်ဟာကမ္ဘာနဲ့ မိုင်ပေါင်း 34.65 M miles စတင် နီးကပ်လာမှာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ကြေငြာထား ပါတယ်။ဒါကြောင့်27th သြဂုတ်လ12:30AMမှာ ကောင်းကင်မှာ လနှစ်စင်း ပမာ ထွန်းလင်းတာကို တွေ့မြင်ကြ ရမှာပါတဲ့။ဒီတစ်ကြိမ်မှာ မကြည့်လိုက် ရရင်တော့ အင်္ဂါဂြိုလ်ဟာ ကမ္ဘာနဲ့ နီးကပ်လာဖို့ကို နောက်နှစ် 2287ခုနှစ်ထိ စောင့်ကြရ မှာတဲ့နော့်။ ကဲသူငယ်ချင်းတို့ရေ... တစ်ယောက်နဲ့ တစ်ယောက် လက်တို့ပြီး သတင်းလေးကိုဖြန့်ဝေပေး လိုက်ပါဦး ။ကြုံတောင့်ကြုံခဲမို့လို့ပါ။ တော်နေ ဒီအကြိမ် မကြည့်လိုက် ရရင်2287 ခုနှစ်ထိကို မသေချာပဲ စောင့်စား နေရမှာ စိုးလို့နော်။ ကဲ.. နွှဲလိုက်ကြစို့... အော်..မေ့နေမှာစိုးလို့.....နေ့ရက်က 27ရက်၊ အချိန်က မနက် 12:30၊ နေရာကတော့ မိုးကောင်းကင်မှာပါ။ လနှစ်စင်းကို စောင့်ကြည့်ဖို့ မမေ့နဲ့နော်။




7/13/2009

လောကကြီးမှာ ဒီလိုလူမျိုးတွေလည်း ရှိသေးပါလား....

ခုတစ်လော အလုပ်မအားတာနဲ့ ဆိုက်ဘက်ကို မလှည့်ဖြစ်တာပါ။ နောက်တစ်ချက်က
သင်တန်းလည်းပြေးနေတာရယ်... ကွန်နက်ရှင်ကလည်း အဆင်မပြေဖြစ်နေတာကြောင့်ပါ။
ဆိုက်မှာ ကွန့်မတ်တို့ ဆီဗုံးတို့ ထားထားတာဟာ တစ်ဦးနဲ့တစ်ဦး ဆွေးနွေး
ပညာဖလှယ်ဖို့ရယ် ရင်းနှီးမှုများ ဖြစ်အောင် နောက်တစ်ချက်က ဘယ်သူမဆိုပေါ့လေ
ဝေဖန်အကြံပေးချက်ကို သဘောကျ နှစ်ခြိုက်ကြပေမယ့် တစ်ဦးနဲ့တစ်ဦး
အပြန်အလှန် လေးစားသမှုအနေနဲ့ ညစ်ညမ်းတဲ့စကားများကို မသုံးကြစေဖို့
အနူးအညွတ်တောင်းပန်ပါတယ်။ ခုတော့ ငါးခုံးမတစ်ကောင်ကြောင့်
တစ်လှေလုံးပုပ်တယ်ဆိုတဲ့အဖြစ်တွေ ဖြစ်လာမှာစိုးလို့ ကွန့်မတ်ကို
ယာယီခဏပိတ်ထားပါကြောင်း ပြောရင်းနဲ့ ဒီလိုလူတွေ လောကကြီးထဲမှာ
ဘယ်လောက်များ ရှိနေပြီလဲဆိုတာ စဉ်းစားကြည့်မိပါတယ်။
လူမှုဆက်ဆံရေးမှာ ကျင့်သုံးဖို့ စကားလုံးတစ်ခုကတော့ ကြီးသူကို ရိုသေ၊
ရွယ်တူကိုလေးစား၊ ငယ်သူကို သနားတဲ့ ဟုတ်ပါတယ်နော်။ ဒီလိုပဲ
နှိမ့်ချတတ်မှုဆိုတာ ပေါင်းသင်းဆက်ဆံတဲ့အခါ ထိပ်တိုက်ဖြစ်အောင်
ရင်မဆိုင်ဖို့လည်း လိုပါတယ်။ ဥပမာ ကိုယ့်လောက် စိတ်သဘောထား
မပြည့်ဝတဲ့သူနဲ့တွေ့တဲ့အခါမှာ ဖြစ်နိုင်ရင် ရှောင်သွားဖို့၊
မရှောင်နိုင်ရင်လည်း ယဉ်ယဉ်ကျေးကျေးပဲ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး
လျှော့ပေးဖို့။ နောင် ဒီလိုလူမျိုးနဲ့ မတွေ့အောင် တတ်နိုင်သရွှေ့
ရှောင်ဖို့ပဲ ဖြစ်ပါတယ်။ ကားမောင်းတဲ့အခါ ကိုယ်က လမ်းမှန်အတိုင်း
သွားနေပေမယ့် ကိုယ့်လမ်းကြောင်းထဲမှားပြီး ထိပ်တိုက်မောင်းလာတဲ့ကားကို
ရှောင်ပေးဖို့လည်း လိုပါတယ်။ မရှောင်ရင် တိုက်မိပြီး
ဒဏ်ရာအနာတရဖြစ်ရမှာပေါ့ ဟုတ်ဘူးလားနော်။ အလားတူပဲ အရက်မူးနေတဲ့လူ၊
ခေါင်းမကောင်းတဲ့လူနဲ့တွေ့ရင် သွားပြီး စကားများ ရန်ဖြစ်လို့ အလကားပါပဲ။
ကိုယ်က ဦးအောင်ရှောင်သွားမှ တော်မယ် ဒါဟာ ကြောက်စိတ်ရှိလို့
မဟုတ်ဘူးနော်။ ဒီလိုပဲ လူမျိုးစုံနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာ
အရက်မူးသမားလို၊၊ အရူးလို သိသိသာသာကြီး မူမမှန်တဲ့ လူတွေနဲ့ တွေ့ရမှာထက်
ပညာဘယ်လောက်တတ်တတ် စိတ်ဓာတ်မပြည့်ဝတဲ့လူမျိုးနဲ့ တွေ့ရမှာက ပိုများပါတယ်။
အဲဒီမှာလည်း ပညာတတ်ဆိုတဲ့နေရာမှာ ကျောင်း၊ တက္ကသိုလ် အောင်တာကို အဓိက
ပြောတာ မဟုတ်ပါဘူး။ အတွေ့အကြုံနဲ့ စိတ်ဓာတ်ပြည့်ဝမှု၊ အထက်စီးနဲ့
အမိန့်ပေးပေါင်းသင်း ဆက်ဆံတာမျိုး မလုပ်သင့်အပ်တာတို့လို့ ကျွန်မ
ယူဆမိပါတယ်။ ကိစ္စတစ်ရပ်ကို ကိုယ်က အပြည့်အစုံ မသိဘဲနဲ့
လက်အောက်ငယ်သားတွေကို ဆူပူကြိမ်းမောင်းပြီး ခိုင်းတာမျိုးကိုလည်း ကျွန်မ
မကြာခဏ တွေ့မြင်ဖူးပါတယ်။ ဒါကြောင့် နေရာတိုင်းမှာ
နှိမ့်ချပေါင်းသင်းလို့ မဖြစ်နိုင်ပါဘူးလို့ ကျွန်မ တွေးကြည့်မိပါတယ်။
ဒီလိုဘဲ ဖြစ်လည်း မဖြစ်သင့်ပါဘူး။ ကိုယ်မှန်ကန်တယ်လို့ ယူဆမိရင်လည်း
ဒါကို လျှော့မပေးသင့်ပါဘူး။ တစ်ခါတစ်ရံ လူတွေဟာ ကိုယ်စီးတဲ့ မြင်း
အထီးလား အမလား ခွဲခြားမသိသလိုပါပဲ စကားပြောတဲ့အခါမှာလည်း ပြောသင့်၊
မပြောသင့် မစဉ်းစားဘဲ လူတစ်ဖက်သားကို နင်ပဲငါဆ မပြောသင့်
မပြောအပ်ပါဘူးလို့ ကျွန်မရဲ့ စိတ်အတွေးက လက်ခံယူဆနေမိပါတယ်။ ဒါဟာ
ပညာတတ်တွေရဲ့ အလုပ် မဟုတ်ပါဘူး။ နည်းနည်းလေး စဉ်းစားတတ်ရင်ပေါ့လေ...။

7/09/2009

ကောင်းကင်က လမင်းကြီး ဖြစ်ချင်တယ်

အများနဲ့ ရောနှောပြီးနေရင် ကိုယ့်စိတ်နဲ့
ကိုယ့်ကိုယ်ဖြစ်ဖို့ သိပ်မလွယ်ဘူး။
အများအားဖြင့် သူများစိတ်နဲ့
ကိုယ့်ကိုယ်ဖြစ်နေရတာ များတယ်
အားနာမှုတွေ၊ ငဲ့ညှာထောက်ထားရမှုတွေနဲ့
ဘ၀ဟာ လွတ်လပ်မှုမရှိတော့ဘူး
သူများ ဆန္ဒကိုဖြည့်ဖြည့်ပေးနေရတာနဲ့
ကိုယ့်ရဲ့တကယ့် ကိုယ်ပိုင်ဆန္ဒတွေဟာ
တဖြည်းဖြည်းနဲ့ နောက်ကို
ရောက် ရောက်သွားရတယ်နော်

လမင်းကြီးရဲ့ဘ၀ကို သိပ်အားကျတယ်
လမင်းကြီးဟာ လောကလူသားတွေကို
အအေးဓာတ်နဲ့ အလင်းဓာတ်ပေးပြီး
ကျေးဇူးပြုတယ်လေ
ဒါပေမဲ့ လောကလူသားတွေနဲ့
လိမ်းကျံကပ်ငြိခြင်း မရှိဘူး
ဝေးဝေးမှာဘဲ သီးသန့်နေတယ်
မေတ္တာ အအေးဓာတ်နဲ့ အသိဥာဏ်
အလင်းဓာတ်ပေးပြီး ဝေးဝေးကနေ
ကျေးဇူးပြုနေရတဲ့ လူသားလမင်းဘ၀မျိုးကို
ပိုပြီး လိုလားတောင့်တမိပါတယ်။

(ဒါဟာ အရှင်ဆန္ဒာဓိက ကပြောတဲ့အချက်တွေကို သဘောကျလို့ပါ။ ဖတ်ကြည့်ပါလား။
ဇွန်လ ၂၀၀၇ ထုတ် စာအုပ်နာမည်က တစ်ယောက်တည်းနေ တစ်စိတ်ထဲထားတဲ့
ဖတ်ပြီးရင် အရမ်းအေးချမ်းတယ်။)

7/06/2009

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့)



ဒီနေ့ဟာဖြင့် မြန်မာများရဲ့ ၀ါဆိုလပြည့်နေ့ဖြစ်ပါတယ်။ ၀ါဆိုလပြည့်နေ့မှာ မြတ်စွာဘုရားရှင် ပဋိသန္ဓေနေတော်မူခြင်း၊ တောထွက်ခြင်း၊ တရားဦး ဓမ္မစကြာကို ဟောကြားတော်မူခြင်း၊ ရေအစုံ မီးအစုံ

တန်ခိုးပြာဋိဟာများကို ပြသတော်မူခြင်းဆိုတဲ့ ထူးခြားတဲ့နေ့ ဖြစ်ပါတယ်။ ၀ါဆိုလပြည့်ကျော် ၁ ရက်နေ့မှာ ရဟန်းသံဃာများ ပုရိမ၀ါကပ်ဆိုတော်မူကြပါတယ်။ ဒါကြောင့် ၀ါဆိုလကို လထူးလမြတ်အဖြစ်

သတ်မှတ်ထားကြပါတယ်။ ၀ါဆိုလပြည့်ကျော် ၁ ရက်နေ့ဟာ ကျွန်မရဲ့ မြန်မာမွေးနေ့ရက်လည်း ကျရောက်ပါတယ်။
ရှေးမြန်မာဘုရင်များသည် ဗုဒ္ဓသာသနာတော် တိုးတက်စည်းကားပြန့်ပွားရေးနှင့် ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်များကို ရရှိရေးဟူသော ရည်ရွယ်ချက်နှစ်ရပ်တို့ကို အကြောင်းပြုပြီး ၀ါဆိုလမှာ ပဉ္စင်းခံ

ရှင်ပြုပွဲတော်ကြီးကို ရာသီပွဲတော်အဖြစ် ကျင်းပလေ့ရှိပါတယ်။ ၀ါဆိုလပြည့်နေ့မှာ ဖြစ်စေ၊ လပြည့်ကျော် ၁ ရက်နေ့မှာ ဖြစ်စေ၊ ၀ါဆိုလမှာ ဖူးပွင့်ကြတဲ့ ပုန်းညက်ပန်း စတဲ့ ပန်းမျိုးစုံတို့ကို

စေတီပုထိုးများမှာ သွားရောက်လှူဒါန်းဖို့ ၀ါဆိုပန်းခူးထွက်တဲ့ ကျွန်မတို့ရဲ့ မြန်မာများရဲ့ ကြည်နူးကျေနပ်စရာ ယဉ်ကျေးမှုဓလေ့တစ်ရပ်လည်း ပေါ်ပေါက်ခဲ့ပါတာဆိုရင်ဖြင့် ခုချိန်တိုင်ထိပေါ့လေ။
အချို့ကတော့ သံဃာတော်များ ၀ါဆိုတဲ့အခါ ပူဇော်ဆက်ကပ်နိုင်ဖို့ ၀ါဆိုပန်းနှင့် ၀ါဆိုဖယောင်းတိုင်ကြီးတွေကို ဘုန်းတော်ကြီးကျောင်းများမှာ လှူဒါန်းကြပါတယ်။ ထို့အပြင် သင်္ကန်းများကိုလည်း

ကပ်လှူကြပါတယ်။ ၀ါဆိုတော့မယ့် သံဃာတော်များအား ၀ါဆိုလဆန်းမှာပင် လှူဒါန်းကြတဲ့သင်္ကန်းဖြစ်တာကြောင့် "၀ါဆိုသင်္ကန်း" လို့ခေါ်ကြတာပေါ့ရှင်။ ကျွန်မလည်း ကျွန်မမွေးနေ့အတွက်

ဝါဆိုသင်္ကန်းကပ်ဖို့ စီစဉ်ခဲ့ပါတယ်။ မြန်မာတို့ရဲ့ ယဉ်ကျေးမှု အစဉ်အလာတစ်ရပ်အဖြစ် အသက်၊ သိက္ခာဂုဏ်ဝါကြီးသူများကို ၀ါဝင်ခါနီးမှာ ပူဇော်ဖွယ်ရာများနဲ့ ပူဇော်ကန်တော့ကြတာဆိုရင်ဖြင့် ကျွန်မတို့

ဘိုးဘေးဘီဘင်လက်ထက်ထဲက ခုချိန်တိုင်အောင်ပင် ဖြစ်ပါတော့တယ်ရှင်။

လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေမောင်နှမ သူငယ်ချင်းအားလုံးလည်း ၀ါဆိုလနှင့်အတူ ပျော်ရွှင်ခြင်းများစွာ ပိုင်ဆိုင်နိုင်ကြပါစေနော်....

7/03/2009

ဇူလိုင်လ ၃ ရက် အမျိုးသမီးများနေ့

အားလုံး မင်္ဂလာပါရှင်။ ဇူလိုင်လ ၃ ရက်နေ့သည် မြန်မာအမျိုးသမီးများနေ့ ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ယမင်း သိထားသမျှကို ပြောပြချင်ပါတယ်။
ယမင်းတို့ မြန်မာအမျိုးသမီးများရဲ့ ရှေးခေတ်ဘ၀ဟာ ကမ္ဘာပေါ်မှာရှိတဲ့ အခြား အခြားသော နိုင်ငံများက အမျိုးသမီးများလိုဘဲ အားနွဲ့သူလို့ သတ်မှတ်ခံခဲ့ကြရပါတယ်။ အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ ဆိုတဲ့ ဆုံးမစာအတိုင်း လုပ်ကိုင်ခဲ့ကြရပါတယ်။ အပြင်ထွက် ပညာသင်ဖို့၊ အလုပ်လုပ်ဖို့ အခွင့်အလမ်းတွေ အလွန်ပဲ နည်းပါးပြီး အခွင့်အလမ်းမရရှိခဲ့ကြပါဘူး။ အဲဒီထဲကမှ ထူးချွန်တဲ့ အမျိုးသမီးကောင်းတွေလည်း ရှိလာခဲ့ပါတယ်။ အထူးသဖြင့် စာပေနယ်မှာ စစ်ကြိုခေတ်က ပထမဆုံး ပေါ်ထွန်းလာခဲ့တယ်လို့ ပြောရမဲ့သူကတော့ စာရေးဆရာမကြီး ဒဂုန်ခင်ခင်လေးဆိုတာပါဘဲ။ သူက ၁၉၀၄ ခု ဖွားဆိုတော့ အတော်ကို စောပါတယ်။ ယမင်းတို့တောင် ဘယ်ရောက်နေမှန်း မသိသေးတဲ့ ဘ၀ပါပဲ။ အဲ ၁၉၃၀ လောက်မှာ နိုင်ငံရေး နိုးကြားမှုနဲ့အတူ စာပေမှာ ၀င်လှုပ်ရှား ခဲ့တဲ့ သတင်းစာဆရာမကြီးတွေ ပေါ်ထွန်းလာခဲ့ပြန်တာကို သိရှိခဲ့ရပြန်တယ်။ အင်း ပထမဆုံး အမျိုးသမီး သတင်းစာထုတ်ဝေသူ အယ်ဒီတာကတော့ ဒေါ်ဖွားရှင်ပါတဲ့ရှင်။ နောက် ဒေါ်ထားထားတဲ့။ ပြီးတော့ အင်ဒပင်းဒင့် ဒေါ်စန်းတဲ့။ ယမင်းလည်း သိမှတ်ရတာကို ပြောရတာပါ။ ကိုယ်မှ မမွေးသေးတာကိုး။ သူတို့ဟာ ကိုလိုနီအစိုးရကို ကလောင်နဲ့ တော်လှန်ခဲ့ကြတဲ့ မိန်းမ သူရဲကောင်းတွေပါဘဲ။
ခုဆို ယမင်းတို့ခေတ်မှာတော့ အားနွဲ့သူတွေ မဟုတ်ကြတော့ဘူးလေ။ အမျိုးသားများနဲ့ ရင်ဘောင်တန်းနိုင်ရမယ် ဆိုတဲ့ အသိစိတ်တွေနဲ့ အမျိုးသမီးများဟာ လှုပ်ရှားလာနေကြပြီလေ။ အမျိုးသမီးများရဲ့ဘ၀မှာ မွေးလာစဉ်ကတည်းကပဲ ယောက်ျားသားတွေမှာ ရှားပါးလှတဲ့ မိခင်စိတ်ဆိုတဲ့ စိတ်ဓာတ်တစ်ခု အရင်းခံ ပါလာတာကို တွေ့ရပါတယ်။
ဒီလိုဘဲ အမျိုးသားများကို တင်စားတဲ့ စာသားလေးတစ်ခုရှိပါသေးတယ်။ ဘာတဲ့။ ကောင်းကင်တမွတ်၊ ကြယ်ကိုဆွတ်လည်း မလွတ်စတမ်း ရမြဲတမ်းဆိုလားဘဲ။ ဒါပေမဲ့ ကောင်းကင်က ကြယ်တံခွန်အသစ်ကို ဂျာမနီနိုင်ငံသူ အမျိုးသမီးတစ်ယောက်က ပထမဆုံး တွေ့ရှိခဲ့တာကို သိခဲ့ရပြန်တယ်။ အမျိုးသမီးတွေအပေါ်မှာ မြင့်မြတ်စွာ နားလည်သူတွေကတော့ ပုခက်လွှဲသောလက်သည် ကမ္ဘာကို လွှမ်းမိုးနိုင်တယ်လို့ ပြောကြတာပေါ့။ ဒေါက်တာ မတင်ဝင်းကတော့ ရာဇ၀င်ထဲက မိန်းမသားဆိုဘဲ။ တော်တော်လေး ကောင်းတယ် ဖတ်ကြည့်ပါလား။ ယမင်းကတော့ အမျိုးသမီးဆိုတာ လူသားတစ်ဦးပဲ ဖြစ်တယ်။ အမျိုးသမီးရယ်၊ အမျိုးသားရယ် ခွဲခြားနေဖို့ မလိုဘူးလို့ထင်ပါတယ်။ ဟုတ်တယ်လေ။ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရဲတဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် ပိုင်ဆိုင်တဲ့ လူသားပဲ ဖြစ်ရမှာပေါ့။ မည်သူမဆို အမျိုးသမီးဘဲဖြစ်ဖြစ် အမျိုးသားပဲဖြစ်ဖြစ် ကြိုးစားရင် အောင်မြင်မှာဘဲ စဉ်းစားကြည့်လေ။ အခု အမျိုးသားများရှိနေခြင်းဟာ အမျိုးသမီးဆိုတဲ့ မိခင်များက မွေးဖွားခဲ့ကြလို့ပေါ့။ အဖြေက ရှင်းနေတာဘဲ။ မြတ်စွာဘုရားတောင် မယ်တော်မာယာက မီးဖွားသန့်စင်ခဲ့လို့ ဘုရားအဖြစ်ကို ရတော်မူခဲ့တာပေါ့။ ပြောရရင် သာဓကတွေ အများကြီးပါပဲ။ ယမင်းဖြစ်စေချင်တာကတော့ မြန်မာအမျိုးသမီးတိုင်းကို သံမဏိပွင့်ဖတ်များနှင့် ဖွဲ့စည်းထားတဲ့ ပန်းများ ဖြစ်သင့်တယ်လို့ မြင်ချင်တယ်။ ဘ၀မှာ လောကဓံနှင့် နေရောင်ခြည်ကို အလွယ်တကူ အရှုံးပေးပြီး ကြွေကျပေးလိုက်တဲ့ ပန်းတွေ မဖြစ်စေချင်ဘူး။ ဒီလိုဘဲ သုညတစ်လုံးထဲရှိခြင်းဟာ အသုံးမ၀င်ပေမဲ့ မြန်မာအမျိုးသမီးအားလုံးဟာ တစ်ဆိုတဲ့ ဂဏန်းရဲ့နောက်မှာ သုညများစွာနဲ့အတူ တန်ဖိုးရှိသော အမျိုးသမီးများ ဖြစ်နိုင်ကြပါစေလို့ ပြောရင်း

အမျိုးသမီးဆိုတာ....

မိန်းမတစ်ယောက်ရဲ့ အသိဥာဏ်ဟာ တီထွင်ဖန်တီးဖို့ မဟုတ်ဘူး။
ချိုသာစွာ အမိန့်ပေးတတ်ဖို့ ဖြစ်တယ်။ စနစ်တကျဖြစ်အောင် စီမံတတ်ဖို့နှင့်
အရည်အသွေးကို နားလည်တတ်ရမယ်။ ပြီးတော့ အသုံးကျမှုကိုသိဖို့နဲ့
ဘေးအန္တရာယ်နဲ့ ဖျားယောင်းမှုက လွတ်ကင်းနေရမယ်။ မိန်းမကောင်း မိန်းမမြတ်ဟာ
အမှားကင်းပြီး သွေဖည်ခြင်းကင်းရမယ်။ အင်း.... နောက်တော့ ဥာဏ်အမြော်အမြင်နဲ့ ပြည့်စုံနေရမယ်။
ဘ၀င်မြင့်ပြီး အကြင်နာကင်းတဲ့မာနက ကင်းရမယ်။ မိမိကိုယ်ကို ယုံကြည်မှုရှိရမယ်။ အေးချမ်းတည်ငြိမ်တဲ့ စိတ်နှင့်ပြည့်စုံပြီး မေတ္တာစိတ် ဆင်ခြင်စိတ်ရှိအောင် အတွေးအခေါ်နဲ့ ပညာပြီးတော့ လောကဓံတရားကို
ကောင်းကောင်းသဘောပေါက်သူ၊ သမိုင်းကို ထက်မြက်တဲ့စိတ်ကူးဥာဏ်နဲ့ ဖတ်နိုင်စွမ်း၊ နားလည်နိုင်စွမ်းနှင့် ဘေးဒုက္ခတွေကို နှလုံးသွင်းတတ်တဲ့ ရင့်ကျက်စိတ်ရှိရမယ်။ မိန်းမတွေမှာ ပင်ကိုရှိနေတဲ့ နဂိုဗီဇစိတ်၊ ပါရမီစိတ်၊ သတိ၊ မေတ္တာ၊ သစ္စာတရားတွေဟာ ဘ၀ရဲ့ မဏ္ဍိုင်တွေ ဖြစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် အမြဲယုံကြည်ပြီး အောင်မြင်ထွန်းပေါက်အောင် လုပ်ဆောင်နိုင်စွမ်းရှိတဲ့သူ ဖြစ်နေစေရမယ်။
မြန်မာအမျိုးသမီးများ ဒီထက် ဒီထက် ပိုပြီး တိုးတက်အောင်မြင်နိုင်ကြပါစေလို့ ဆုတောင်းပြုရင်းနဲ့ ဇူလိုင်လ ၃ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာအမျိုးသမီးများနေ့ကို ၀မ်းမြောက်ဝမ်းသာစွာနဲ့ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်နော်။

7/01/2009

ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး သတိပေးနှိုးဆော်ချက်


၁။ ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါသည် လူမှလူသို့ လျင်မြန်စွာ ကူးစက်လျက်ရှိသည်။ ကမ္ဘာ့လူတုပ်ကွေးရောဂါသည် ၂၀၀၉ခုနှစ် ဇွန် ၁၁ ရက်အထိ နိုင်ငံပေါင်း ၇၄ နိုင်ငံသို့ ပျံ့နှံ့ကူးစက်ကာ ဓာတ်ခွဲခန်းစမ်းသပ် အတည်ပြုချက်အရ ၂၈၇၇၄ ဦး ဖြစ်ပွားခဲ့ပြီး ၁၄၄ ဦး သေဆုံးခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါ(Human Influenza Pandemic) ဖြစ်ပွားနေကြောင်း ဇွန် ၁၁ ရက်တွင် ကြေညာခဲ့သည်။

၂။ ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါသည် လူမှလူသို့ ကူးစက်မြန်ခြင်းနှင့် တုပ်ကွေးဗိုင်းရပ်စ် အသစ်ဖြစ်၍ လူအများတွင် ခံနိုင်ရည်စွမ်းအား မရှိသေးခြင်းတို့ကြောင့် အောက်ပါအန္တရာယ်များကို ကြုံတွေ့ရမည်။

(က) အသက်အရွယ်မရွေး ရောဂါဖြစ်ပွားခြင်း၊

(ခ) ကလေးများ၊ အသက်အရွယ်ကြီးရင့်သူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နှလုံး၊ အဆုတ်နှင့် ဆီးချိုစသည့် နာတာရှည်ရောဂါရှိသူများနှင့် ခုခံအားကျဆင်းမှုရှိသူများတွင် အသက်ဆုံးရှုံးမှု ပိုမိုများပြားနိုင်ခြင်း၊

(ဂ) တုပ်ကွေးလူနာမျာ လျင်မြန်စွာများပြားလာခြင်းကြောင့် ဆေးဝါး၊ ဆေးပစ္စည်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များ ဖြစ်ပေါ်ခြင်း၊

(ဃ) စီးပွားရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများတွင် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခြင်း၊

(င) ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရန်အတွက် လူအများ စုဝေးဆောင်ရွက်ရသည့် လုပ်ငန်းများ၊ ကျောင်းများ၊ ဘာသာရေးပွဲများနှင့် ပွဲလမ်းသဘင်များကို ပိတ်ပင်တားဆီးရန် လိုအပ်လာနိုင်ခြင်း၊

(စ) နိုင်ငံ၏ အဓိကဝန်ဆောင်မှုလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ရန် အခက်အခဲများ ကြုံတွေ့လာနိုင်ခြင်း၊

၃။ ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါ၏ အန္တရာယ်များကို ကာကွယ်ရန်နှင့် ဆုံးရှုံးမှုများ လျော့နည်းရန်အတွက် အောက်ဖော်ပြပါ ကြိုတင်ကာကွယ်မှုလုပ်ငန်းများကို ပြည်သူလူထုတစ်ရပ်လုံးက လိုက်နာဆောင်ရွက်ရန် အထူးအရေးကြီးသည်။

(က) ပြည်သူ တစ်ဦးချင်းအနေဖြင့် ဆောင်ရွက်ရန် -

- တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုပြုဆောင်ရွက်ခြင်း၊
- နှာချေ၊ ချောင်းဆိုးလျင် လက်ကိုင်ပဝါဖြင့် ဖုံးအုပ်ခြင်း၊
- လက်ကိုဆပ်ပြဖြင့် စင်ကြယ်စွာဆေးကြောခြင်း၊
- ကောင်းစာအိပ်စက်အနားယူခြင်း၊
- အာဟာရပြည့်ဝသည့် အစားအစာများစားသုံးခြင်း၊
- ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ခြင်း၊
- လေကောင်းလေသန့်ရရှိအောင် ဆောင်ရွက်နေထိုင်ခြင်း၊
- လူထူထပ်သောနေရာနှင့် ပွဲလမ်းသဘင်များသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
- အရက်လွန်ကဲစွာ သောက်သုံးခြင်းနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း၊
- ရောဂါဖြစ်ပွားသူများနှင့် သံသယရှိသူများမှ (၆)ပေအကွာတွင် နေထိုင်ခြင်း၊
- ရောဂါမကူးစက်စေရန် နှာခေါင်းနှင့် ပါးစပ်ကို လုံအောင်ဖုံးအုပ်သည့် ပါးစပ် နှာခေါင်းစည်း(Surgical Mask)ကို အသုံးပြုခြင်း၊
- ရောဂါရှိသူ၏နေအိမ်နှင့် ဆေးရုံများသို့ မလိုအပ်ဘဲ သွားရောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
- မိမိတွင် ရောဂါလက္ခဏာများရှိသည်ဟု ယူဆပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပေးပို့ အကူအညီတောင်းခံခြင်းများ ပြုလုပ်ရမည်။

(ခ) စာသင်ကျောင်း၊ လုပ်ငန်းခွင်၊ ဟိုတယ်၊ လူမှုရေးရိပ်သာနှင့် ဂေဟာများတွင် -

- အဆောင်အအုံများ လေဝင်လေထွက် ကောင်းမွန်ရေးအတွက် ဆောင်ရွက်ခြင်း၊
- ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ခြင်း၊
- အမှိုက်နှင့်အညစ်အကြေးများကို စနစ်တကျစွန့်ပစ်ခြင်း၊
- လူ့အသုံးအဆောင်ပစ္စည်းများ၊ လှေကား၊ ဓာတ်လှေကား၊ နံရံများနှင့် ရုံးတွင်းပရိဘောဂများကို တစ်နေ့(၂)ကြိမ်မှ (၃)ကြိမ် ပိုးသန့်စင်ခြင်း၊
- စာသင်ကျောင်း၊ လုပ်ငန်းခွင်၊ ဟိုတယ်၊ လူမှုရေးရိပ်သာနှင့် ဂေဟာများတွင် နေထိုင်ဆောင်ရွက်သူများ အားလုံး၏ ကျန်းမာရေးကို စောင့်ကြပ်ကြည့်ရှုခြင်း၊
- တစ်ဦးဦးတွင် တုပ်ကွေးရောဂါ ဖြစ်ပွားသည်ဟု သံသယရှိပါက ကျန်းမာရေးဌာနနှင့် အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ခြင်း၊

(၄) တုပ်ကွေးရောဂါ (သို့မဟုတ်) အလားတူ ဖျားနာရောဂါ ဖြစ်ပွားသူသည် အောက်ပါအတိုင်း နေထိုင်ရမည်။

- လူနာအနေဖြင့် ပါးစပ် နှာခေါင်းစည်း တပ်ဆင်ထားရမည်၊
- အခြားသူများသို့ မကူးစက်ရေးအတွက် မိမိအိမ်တွင်ပင် နေထိုင်ရမည်၊
- ရုံး၊ ကျောင်း၊ လုပ်ငန်းခွင်နှင့် ခရီးသွားလားခြင်းများကို ရှောင်ကြဉ်ရမည်၊
- နှာချေ၊ ချောင်းဆိုးလျင် တစ်သျှူး (သို့မဟုတ်) လက်ကိုင်ပဝါ အသုံးပြုရမည်၊ လက်ကိုဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောရမည်၊
- အာဟာရဖြစ်သော အစားအစာများစားရန်နှင့် အရည်များများ သောက်ရမည်၊
- လေကောင်းလေသန့်ရရှိအောင် ဆောင်ရွက်နေထိုင်ရမည်၊
- ကျန်းမာရေးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရမည်၊
- ရောဂါကူးစက်မှုသည် ရောဂါစတင်ဖြစ်ပွားသည့် အချိန်မှစ၍ (၁၀)ရက်ကြာသည်အထိ ကူးစက်နိုင်သည်။

(၅) မိသားစုအတွင်း တုပ်ကွေးရောဂါဖြစ်ပွားသူအား အောက်ပါအတိုင်း ပြုစုရမည်။
- လူနာကို လေဝင်လေထွက်ကောင်းသော နေရာတွင် ထားရှိရမည်၊ အခြေအနေပေးပါက သီးသန့်အခန်းတွင် ထားရှိသင့်သည်၊
- ဖျားနာသူအား အနီးကပ် စောင့်ရှောက်သူများသည် ပါးစပ် နှာခေါင်းစည်းနှင့် လက်အိတ်များ ဝတ်ဆင်ရမည်၊ ဖြစ်နိုင်ပါက ပလတ်စတစ်ရင်ကာ ခါးစည်း(Apron)ကိုလည်း အသုံးပြုနိုင်သည်၊
- လူနာအသုံးအဆောင်ပစ္စည်းများ၊ အသုံးပြုပြီးသော ပါးစပ် နှခေါင်းစည်းနှင့် လက်အိတ်များ စသည်တို့ကို 0.5% available chlorine ရရှိစေရန် Bleaching Powder ဟင်းစားဇွန်းနှစ်ဇွန်းကို ရေတစ်လီတာဖြင့် ဖျော်စပ်၍ မိနစ်(၃ဝ)ခန့် စိမ်ထားရမည်၊ မရှိလျှင် ရေနွေးဖြင့် ပြုတ်လျှော်ရမည်၊
- လူနာပြုစုပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် သေချာစွာ ဆေးကြောရမည်၊ ဖြစ်နိုင်လျှင် အရက်ပြန်(Alcohol rub) အသုံးပြုနိုင်သည်၊
- လူနာနှင့် အနီးကပ်ပြုစုသူများ၏ ကျန်းမာရေးအခြေအနေကို ကျန်းမာရေးဌာနသို့ သတင်းပို့ခြင်း၊ ဆက်သွယ်ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ရမည်၊

၆။ ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါ မြန်မာနိုင်ငံသို့ ဝင်ရောက်ကူးစက်မှု မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍနှင့် ပြည်သူလူထုတစ်ရပ်လုံးမှ ကမ္ဘာလူတုပ်ကွေးကပ်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အမျိုးသားရေးအသွင်ဖြင့် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် အထူးလိုအပ်ကြောင်း နှိုးဆော်အပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန

Swine Flu (H1N1)ဗိုင်းရပ်စ်အတွက် Foxသတင်းဌာန၏ အကြံပြုချက် (၁၀)ချက်

ကမ္ဘာနှင့်တ၀ှမ်းတွင်  ခြိမ်းခြောက်နေသည့် ဝက်တုပ်ကွေးခေါ် Swine Flu(H1N1)ဗိုင်းရပ်စ်အား ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်း(၁၀)ခုကို Foxသတင်းဌာနက ယခုကဲ့သို့ အကြံပြု ဖော်ပြထားသည်။

၁။ Swine Flu(H1N1)ကို ကာကွယ်ဖို့ အခြေခံအကျဆုံးမှာ လက်ဆေးရန်ဖြစ်သည်။ လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာဆေးပါ။ စက္ကန့်(၂၀)မျှကြာအောင် လက်ကြိုလက်ကြား နေရာများအထိ ဆပ်ပြာသုံးပြီး သန့်စင်သောရေဖြင့် ဆေးကြောပါ။ ထိုအခါ လက်တွင်ကပ်ငြိနေနိုင်သော ဗိုင်းရပ်စ်ပိုးများကို ဖယ်ရှားပြီးသား ဖြစ်သွားလိမ့်မည်ဟု လောင်းအိုင်းလန်းကောလိပ်ဆေးရုံမှ လက်ထောက်ပါမောက္ခ ဒေါက်တာကလစ်ဖို့ ဘတ်ဆက်က ပြောကြားခဲ့သည်။

၂။ ရေမရှိလျင် (သို့မဟုတ်) ရေအလွယ်တကူမရလျင် အယ်လ်ကိုဟောပါဝင်သည့် Sanitizerတစ်မျိုးဖြင့် လက်ကိုခဏခဏ ပွတ်ပေးပါ။ ထိုဂျယ်သည် ရေရှားသော အရပ်များတွင် လက်ကိုဆေးကြောရန် အသုံးဝင်သော ဓာတုဓာတ်ပေါင်းမျိုးဖြစ်သည်။ လက်ကိုဂျယ်နှင့် ပွတ်ပြီးချိန်တွင် လေထဲတွင် ခါယမ်းပြီး လေသလပ်ကာ အခြောက်ခံပါ။ ထိုဂျယ်တွင်ပါသော အယ်လ်ကိုဟောဓာတ်က လက်တွင်ရှိသော တုပ်ကွေးရောဂါပိုးများကို သတ်ဖြတ်နိုင်ပါလိုက်မည်။ သို့သော်လည်း လက်တွင်လိမ်းသည့် ဆေးရည်တိုင်း ပိုးသတ်နိုင်သည့် အစွမ်းသတ္တိမရှိကြောင်း သတိပြုသင့်ပါသည်။

၃။ နှာစေးလျင်၊ ချောင်းဆိုးလျင် နှာခေါင်းနှင့်ပါးစပ်ကို ကာထားပါ။ ဒေါက်တာဘက်ဆက်က နှာစေးနေသည့် အချိန်များတွင် လက်ကိုမျက်နှာနှင့် နှာခေါင်းများအား မကြာခဏ မပွတ်သင့်ကြောင်း အကြံပြုခဲ့သည်။ လက်တွင်ကပ်နေသည့် တုပ်ကွေးဗိုင်းရပ်စ်များသည် မျက်နှာတွင်ရှိသည့် အစိတ်အပိုင်းများမှတဆင့် ခန္ဓာကိုယ်ထဲ ပြန့်နှံ့ဝင်ရောက်သွားနိုင်ကြောင်း ၎င်းကဆိုသည်။ ထို့အပြင် နှာစေး၊ နှာရည်ယိုသဖြင့် နှပ်ညှစ်ပြီးလျင်လည်း လက်ကို စင်စင်ကြယ်ကြယ်ဖြစ်အောင် သတိပြုဆေးကြောရန် ဒေါက်တာဘက်ဆက်က သတိပေးခဲ့သည်။

၎။ ပတ်ဝန်းကျင်တွင် တုပ်ကွေးရောဂါရှင်များ ရှိနေသည်ဟု သံသယရှိပါက နှာခေါင်းနှင့် ပါးစပ်များကို ကာကွယ်ပေးသည့် မျက်နှာဖုံး(Mask)များအား အသုံးပြုသင့်ပါသည်။

၅။ အကယ်၍ တုပ်ကွေးရောဂါ ဖြစ်ပွားနေသည့် လက္ခဏာများ ပေါ်ပေါက်လာပြီး ဖျားနာနေပြီဆိုလျင် အိမ်တွင် နားနေသင့်ပါသည်။ လူများသောနေရာများနှင့် အလုပ်ခွင်သို့ သွားရောက်ခြင်းမျိုးကို ရှောင်ကြဉ်ရပါမည်။

၆။ ဗီတာမင်စီ(C)ကို ဖြည့်ဆည်းပေးနိုင်သည့် အစားအသောက်နှင့် ဆေးဝါးများကို မှီဝဲရပါမည်။ ဗီတာမင်စီ(C)သည် တုပ်ကွေးကို ဟန့်တားနိုင်သည်ဟု ပညာရှင်များက လက်ခံယုံကြည်ထားသည်။

၇။ ညီညွတ်မျှတသော အစာအာဟာရကို ဖြည့်တင်းစားသောက်ပါ။ အာဟာရပြည့်အောင် စားသောက်ခြင်းနှင့် နှစ်ခြိုက်စွာ အိပ်စက်ခြင်းတို့သည် လူ့ကိုယ်ခံအားကို တိုးတက်ကောင်းမွန်စေသည်။ များများအနားယူခြင်းသည် တုပ်ကွေးကို ချေဖျက်နိုင်မည့် အကောင်းဆုံးလုပ်ဆောင်မှု တစ်ခုဆိုသည်ကို သိထားသင့်ပါသည်။

၈။ ကလေးငယ်များကို ကျန်းမာရေးနှင့်လျော်ညီအောင် နေထိုင်ကျင့်ကြံတတ်သည့် အလေ့အကျင့် ပျိုးထောင်ပေးပါ။ ၎င်းတို့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးသည် မည်မျှအရေးပါကြောင်း ကလေးများ သိရှိသင့်ပါသည်။

၉။ ပရိဘောဂ အသုံးအဆောင်များ၊ ခန္ဓာကိုယ်နှင့် ထိတွေ့မှုများမည့် နေရာများကို သန့်ရှင်းစွာထားပါ။ ပိုးသတ်ဆေးဖြန်းပါ။ တုပ်ကွေးဗိုင်းရပ်စ်များသည် စားပွဲမျက်နှာပြင်များ၊ ကွန်ပျူတာကီးဘုတ်များစသည့် လူ့လက်နှင့် မကြာခဏထိတွေ့နိုင်သည့် နေရာများတွင် နာရီအတန်ကြာ ရှင်သန်နေနိုင်သည့် အစွမ်းရှိသည်။

၁၀။ ရောဂါဖြစ်ပွားနေကြောင်း သေချာခဲ့ပြီဆိုလျင် နီးစပ်ရာ ကျန်းမာရေးဌာနများဆီသို့ အမြန်ဆုံးသွားရောက်ပြီး လိုအပ်သော ဆေးဝါးကုသမှုများ ခံယူသင့်ပါသည်။