1/19/2011

အမေများနေ့ (ပြာသိုလပြည့်နေ့)

ဘာလိုလိုနဲ့ ပြာသိုလပြည့်ပြန်ပြီနော်။ အမေများနေ့လို့ မှတ်မိထားတဲ့
နေ့လေးတစ်နေ့မှာ ဖေဖေနှင့် မေမေက အဘိုးအဘွားအတွက် ရည်စူးပြီး
အလှူပြုလုပ်ပေးခဲ့သလို ကျွန်မကလည်း အမေများနေ့ကို မှတ်မှတ်ရရ
ဂုဏ်ပြုချင်ပါတယ်။

လွန်တာမိရင် မာတာအဟံဝန္ဒာမိပါ အမေ
အမေဆိုတာ
သားသမီးများအတွက်
မျှဝေခံစား
သက်ဖူးအကာ လက်ဦးဆရာပါအမေ

ကျွန်မအမေ
အားလုံးရဲ့အမေ
အမေမှန်ဘိ၊ ဆင်ခြင်ကြည့်လျှင်
မရှိမဖြစ် ခွန်အားဖြစ်ပွား
ကြီးကျယ်ခမ်းနား သမုဒ္ဒရာပင်လယ်
သားသမီးတို့ရဲ့ ရှေ့ဆောင်
ဂုဏ်ရှိန်သြဇာ စဉ်ထွန်းပြောင်
မျက်နှာသာကြည် လရောင်ပမာ
အမြဲရွှင်ပြုံး
ကောင်းဆိုးကိုပင် ကြံ့ကြံ့ခိုင်၍
မမှောင်အလင်း အရောင်ဆင်းနဲ့
မှားခြင်း မှန်ခြင်း အမြင်ရှင်းအောင်
ကောင်းခြင်းပေးဝေ အို... အမေ
သက်တော်ရာကျော် ရှည်ပါစေ....


အမေ့အပြုံး အမေ့ပီတိ
အမေသည် သားသမီးများအတွက် မီးရှူးတစ်ဆောင်သာ ဖြစ်ပါသည်။ အမေမရှိလျှင်
သားသမီးလည်း မရှိနိုင်ပေ။ အမေသည်သာ သားသမီးများအတွက် ရှေ့ဆောင်လမ်းပြ
မိခင်ဖြစ်ပါသည်။ ကိုးလလွယ် ဆယ်လဖွားစဉ်အခါကတည်းက အမေသည်
ပျော်တစ်ပြုံးပြုံး။ ``၀ါး... အူဝဲ`` ဟူသော အသံသည် သေမင်းနှင့်
စစ်ခင်းနေသော အမေ့မျက်နှာအား အပြုံးရိပ်သမ်းသွားသည်။
မပီကလာ ပီကလာနှင့် ``အမေ`` ဟု စခေါ်လိုက်သော သားသမီးရဲ့အသံ ကြားကြားချင်း
တအံ့တသြပြုံးလိုက်သူမှာ အမေဖြစ်သည်။ သားသမီးက အမေ့နို့ကို
စို့ရိုတင်မဟုတ်၊ သူ့သွားဖုံးလေးနဲ့ ဒါမှမဟုတ် သူ့သွားလေးတွေနဲ့
နာနာကျင်ကျင်ကိုက်နေတာကို အမေက ပြုံးပြုံးကြီးလုပ်ပြီး ပီတိဖြစ်နေတတ်သည်။
သူ့သားသမီး ငုတ်တုတ်စထိုင်တဲ့နေ့၊ လေးဘက်သွားတဲ့နေ့၊
မက်ရပ်စမ်းရပ်တဲ့နေ့၊ လမ်းလျှောက်တဲ့နေ့တွေမှာ အမေ့မျက်နှာပေါ်က
အမေ့အပြုံးကို ဘယ်ပန်းချီမှ ရေးလို့မမီနိုင်ပါ။
သူ့သားသမီး ၀လုံးလေး စရေးပြတတ်တာကို မပြည့်စုံတဲ့ နွမ်းပါးနေသည့်
အမေဖြစ်စေ၊ ပြည့်စုံကြွယ်ဝမင်းစိုးရာဇာဖြစ်နေသည့် အမေဖြစ်စေ
သူ့သားသမီးပညာတတ်ကြီးဖြစ်မယ့် နိမိတ်လို့ ယူဆပြီး ကျေကျေနပ်နပ်ကြီး
ပြုံးနေတဲ့အမေ။
အမေ့သားမောင်ရင်လောင်း၊ အမေ့သမီး သီလရှင်လောင်းကိုကြည့်ပြီး
ပြုံးနေတဲ့အမေ့အပြုံးကို ကမ္ဘာတည်သရွေ့ မေ့၍ ရမည်မဟုတ်။ သားသမီးတွေ
ဘွဲ့တွေ ဂုဏ်ထူးအောင်မြင်မှု အထူးထူးကို ရယူတဲ့နေ့၊ အမေတစ်ယောက်
သူ့အပြုံးကို အစသတ်၍ မရတတ်။
သားသမီးတွေအတွက် မကောင်းမြစ်တာ၊ ကောင်းရာ ညွှန်လတ်၊ အတတ်သင်စေ၊
ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင် ၀တ်ငါးအင် ဆိုသည့်
မိဘ၀တ္တရားငါးပါးအား ဆောင်ရွက်နေရချိန်တိုင်း အမေက ပြုံးနေတတ်သည်။
ပင်ပန်းနွမ်းနယ်နေသည့် အမေ့ကို အမေ ပင်ပန်းနေလားဟင် ဟု မေးကြည့်ပါ။ အမေက
မမောမပန်း မပင်ပန်းတဲ့ အပြုံးကို ပြုံးပြနေလိမ့်မယ်။ သားသမီး ဆိုးသည်
မိုက်သည် ရက်စက်ပြုမူ လိမ်ညာနေလည်း အပြုံးမပျက် မေတ္တာဖက်လျှက်
အချစ်ပိုနေတာလည်း အမေ။
ကျွန်မလည်း ဆိုးပါသည်။ သမီးပြန်လာမှ ထမင်းစားတတ်တဲ့အမေ့အပေါ်
ပြန်ချိန်မမှန်တဲ့ နှိပ်စက်မှုတွေနဲ့ ဆိုးနေလျှက်ပါပဲ။ မိုးလင်းရင်
အလုပ်သွားဖို့ အဆင်သင့် ပြင်ဆင်ပေးတာလည်း အမေ။ သမီးခေါင်းမှာ ပန်ဆင်ဖို့
ခရေပန်းကောက်ပြီး သီပေးနေတာလည်း အမေ။ ခုဆောင်းရောက်တော့လည်း မနက်
ရေချိုးဖို့ ရေနွေးကြိုပေးတာလည်း အမေ။ အလုပ်သွားဖို့
ထမင်းချိုင့်ထည့်ပေးတာလည်း အမေ။ အားလုံးရဲ့အမေ။ ကျွန်မရဲ့အမေ ဒီအမေ
ဒီရင်ခွင် နွေးထွေးစွာနေထိုင်ရင်း မပျောက်မကွယ်
အမြဲခိုလုံခွင့်ပေးလျှက်ပါ အမေ။
(အမေ့များနေ့မှာ ဒီစာစုနဲ့ မေမေနှင့် ဖေဖေကို ကန်တော့လိုက်ပါတယ်)

ပြာသိုလ

ပြာသိုလသည် မြန်မာလများတွင် ဆယ်လမြောက်ဖြစ်ပါတယ်။ ဆောင်းရာသီရဲ့
အလယ်ဗဟိုကျတာကြောင့် အလွန်ချမ်းအေးကာ ဒီဇင်ဘာလနှင့် ဇန်န၀ါရီတို့မှာ
ကျရောက်ပါတယ်။ ဒီနှစ်ကတော့ အပူလျော့မယ်ဆိုတဲ့အတိုင်း တဖြည်းဖြည်းနဲ့
အေးစိမ့်လာပြီနော်။
ရှေးမြန်မာမင်းများသည် ငွေနှင်းစိုစို လပြာသိုတွင်
မြင်းခင်းသဘင်ပွဲတော်ကို ရာသီပွဲအဖြစ် ကျင်းပလေ့ရှိသည်။
မြင်းခင်းသဘင်ပွဲတော်ကို အခြားရာသီပွဲတော်များကဲ့သို့ ရက်ပိုင်းမျှ
ကျင်းပသောပွဲတော်မျိုးမဟုတ်ဘဲ ပြာသိုလ တစ်လလုံး
ကျင်းပသောပွဲတော်ဖြစ်ပါသည်။ မြင်းခင်းသဘင်ပွဲဟုဆိုသော်လည်း ဆင်စမ်း၊
မြင်းစမ်း၊ လေးစမ်း၊ ဓားခုတ်လှံထိုး၊ စက်ထိုး၊
ဗလီခတ်(ပိုလိုရိုက်ကစားနည်းမျိုး) သေနတ်ပစ်နှင့်
သိုင်းအမျိုးမျိုးတို့ကို တစ်ပွဲပြီး တစ်ပွဲ ကျင်းပသွားခြင်းဖြစ်သည်။


အားလုံးရဲ့အမေ

ကမ္ဘာမြေပေါ် ခြေမချခင်ကတည်းက
ကိုးလလွယ် ဆယ်လဖွား
မငြီးမငြူ စောင့်ရှောက်ခဲ့တဲ့အမေ
သားသမီးတွေအတွက် အမေဟာ
စမ်းချောင်းကလေးတစ်ခုပေါ့။

အေးမြမေတ္တာ အကြင်နာတွေ အမြဲပေးတဲ့
အမေ့ရဲ့အရိပ် လွှမ်းမိုးနေခဲ့
လောကမှ အမေဆိုတာ
သားသမီးတွေအတွက် မရှိမဖြစ်
ရေကြည်တစ်ပေါက်ပေါ့။

ဘ၀လှိုင်းထန် ဘယ်လိုပင်ကြမ်းကြမ်း
အပြုံးမပျက် မေတ္တာဖက်လျက်
သားသမီးမျက်နှာ တစ်ချက်မညှိုးအောင်
ပြုစုစောင့်ရှောက် လမ်းတစ်လျှောက်ပေါ့။
သားသမီးဆို လိမ်မာ ဆိုးပေ မခွဲခြားပဲ
မေတ္တာမပျက် ဆက်ချစ်လျက်ပေါ့။

အမေရဲ့မေတ္တာဟာ
စမ်းချောင်းလေးဆိုတဲ့အတိုင်း
တသွင်သွင် တငြိမ်ငြိမ်အေးချမ်းတဲ့အသွင်နဲ့
အစဉ်အမြဲ စီးဆင်းနေစမြဲပေါ့။

အမေဟာ
သားသမီးတွေရဲ့အရိပ်
သားသမီးတွေရဲ့ဘဝ
သားသမီးတွေအတွက်တော့
မြင်းမိုရ်တောင်မက ကျေးဇူးကြီးလှ
မာတာမိခင် ကျေးဇူးရှင်ကို
ကျေးဇူးကျေအောင်
ဘယ်လိုဆပ်မည်နည်း....

1/12/2011

စာရေးဆရာ၊ သရုပ်ဆောင်၊ အကယ်ဒမီဒါရိုက်တာမောင်ဝဏ္ဏ ပုံရိပ်အချို့

DSC_4227.jpg
DSC_4244.jpg
DSC_4258.jpg
DSC_42402.jpg

စာရေးဆရာ ဒါရိုက်တာ အကယ်ဒမီ မောင်ဝဏ္ဏ (၆၄ နှစ်) ဟာ

မနေ့ကမနက် ၄ နာရီ ၂၀ ခန့်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒါရိုက်တာ မောင်ဝဏ္ဏဟာ ကင်ဆာဝေဒနာကို တနှစ်နီးပါး ခံစားခဲ့ရပြီး ကွယ်လွန်သွားတာပါ။

ကွယ်လွန်ချိန်မှာ ဇနီး ဒေါ်ချိုရည်နဲ့ သားသမီးများဖြစ်ကြတယ် စာရေးဆရာမ ဝါနု၊ သရုပ်ဆောင် ပြည်ဇင်၊ ဥက္ကာ ဆိုတဲ့သားသမီး ၃ ဦးနဲ့ ပန်းနု ဆိုတဲ့ မြေးမလေးတဦး ကျန်ရစ်ခဲ့ပါတယ်။

ဒါရိုက်တာ မောင်ဝဏ္ဏ ကွယ်လွန်သွားတဲ့အတွက် သာဓု သဘာဝအုပ်စုထဲမှာ အခုဆိုရင် ညီဖြစ်သူ စာရေး ဆရာမင်းလူနဲ့ ဒါရိုက်တာ အာယု တို့ပဲ ကျန်ပါတော့တယ်။

ဒါရိုက်တာမောင်ဝဏ္ဏဟာ ကတ္တိပါဖိနပ်စီး ရွှေထီးဆောင်း၊ ခုနစ်စဉ် အလွမ်း ဇာတ်ကား ၂ ကားနဲ့ အကယ်ဒမီ ဆုကို ဆွတ်ခူးခဲ့ပါတယ်။ မောင်ဝဏ္ဏရဲ့ သဘာဝကျကျ အိမ်ထောင်ရေး ဟာသ ဝတ္ထုများဖြစ်တဲ့ မောင်စိန်သောင်း မနှင်းရည် ဝတ္ထုတွေဟာ လူကြိုက်များပါတယ်။

မောင်ဝဏ္ဏဟာ စာရေးဆရာ ဒါရိုက်တာ သာဓုရဲ့ သားကြီး၊ စာရေးဆရာ အဆိုတော် သရုပ်ဆောင် အကယ်ဒမီ သုမောင်နဲ့ စာရေးဆရာ မင်းလူတို့ရဲ့ အစ်ကိုကြီးဖြစ်ပါတယ်။

အခုဆိုရင် သာဓုမျိုးဆက်တွေအဖြစ် သုမောင်ရဲ့ သား အဆိုတော် သရုပ်ဆောင် ဖိုးသောကြာ၊ မောင်ဝဏ္ဏရဲ့ သား သရုပ်ဆောင် ပြည်ဇင်တို့ကို မွေးထုတ်နိုင်ခဲ့တယ်လို့ စာရေးဆရာမ သန်းမြင့်အောင်က ပြောပါတယ်။

"ပြည်သူတွေဘက်က ရပ်တည်တဲ့၊ ပြည်သူချစ်တဲ့ အနုပညာရှင်တွေထဲက တယောက်ဖြစ်တဲ့ ကြယ်တပွင့် ဆုံးရှုံး သွားတာပါ" လို့ ဆရာမ သန်းမြင့်အောင်က ဧရာဝတီကို ပြောပါတယ်။

မောင်ဝဏ္ဏရဲ့ ပန်းတွေနဲ့ဝေ ဇာတ်ကားကို လူသိများ၊ လူကြိုက်များပါတယ်။ ၂၀၁၁ နှစ်ဦးမှာတော့ ဒါရိုက်တာ မောင်ဝဏ္ဏဟာ ကွယ်လွန်သူ ဒုတိယမြောက် အနုပညာရှင်ဖြစ်ပါတယ်။ အရင်တပတ်မှာ ဇာတ်ပို့ကောင်း တဦးဖြစ်တဲ့ ကေတုမတီ (ဦး) မျိုးအောင် ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။




Reading Club meeting


စာဖတ်ဝါသနာရှင်များအတွက် စက်တင်ဘာလအတွင်းမှာတော့ Reading Club ကို ဇန်နဝါရီလ ၁၄ရက်နေ့ တွင် Library and Information Centre ရှိ Self-Access Centre တွင် ညနေ ၅း၃ဝမှ ၇းဝဝ အတွင်း ပြုလုပ်မှာပါ။ ဒီတစ်ခေါက် ဖတ်ရှုဆွေးနွေးမည့်စာအုပ် ခေါင်းစဉ်ကတော့ William Bedford ရဲ့ Whitemen ဖြစ်ပါတယ်။ စိတ်ဝင်စားသည့် စာကြည့်တိုက်အသင်းဝင်များ Library Registration Desk တွင်လာရောက် စာရင်းပေးသွင်းနိုင်ပါပြီ။ ယခုလပြုလုပ်မည့် library events အားလုံးကို British Council website တွင်ကြည့်ရှုနိုင်ပါသည်။

1/05/2011

လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ အတ္ထုပ္ပတ္တိ (၁၈၇၉-၁၉၃၉)

လယ်တီပဏ္ဍိတ ဦးမောင်ကြီးသည် မုံရွာမြို့တောင်ဘက်
ညောင်ဖြူပင်ရွာသားဇာတိဖြစ်သည်။ ခရစ်နှစ် ၁၈၇၉ ခု ဇန်န၀ါရီလ ၃၀ ရက်နေ့တွင်
ဖွားမြင်သည်။ အဖ ဦးရောက်၊ အမိ ဒေါ်ထပ်တို့ဖြစ်ပါသည်။ ငယ်မည်မှာ
မောင်သန့်စင် ဖြစ်လေသည်။

အသက် ဆယ့်သုံးနှစ်တွင် မိဘမဲ့ဖြစ်လေသည်။ အသက်ဆယ့်ရှစ်နှစ်တွင် မုံရွာ
လယ်တီဆရာတော်ထံတွင် သင်္ကန်းဝတ်ဖြင့် ပညာသင်၏။ ဘွဲ့မည်မှာ ရှင်ပဏ္ဍိတဖြစ်သည်။
ရဟန်းဝါ သုံးဝါရသောအခါ မန္တလေးဝိသုဒ္ဓါရုံကျောင်းသို့ကြွကာ
ပညာသင်ယူသည်။ လယ်တီဆရာတော်၏ တပည့်ဖြစ်သောကြောင့် ထိုအခါမှစ၍
လယ်တီပဏ္ဍိတအဖြစ် အမည်တွင်သည်။ ရဟန်းဘ၀တွင် လောကုတ္တရာကျမ်းများနှင့်
ပါဠိအဘိဓာန်ချုပ်ကို ရေးခဲ့သည်။
အသက်သုံးဆယ်တွင် လူဝတ်လဲခဲ့၏။ ထိုအခါမှစ၍ လယ်တီပဏ္ဍိတ ဦးမောင်ကြီး အမည်
ယူခဲ့သည်။ လူဝတ်လဲပြီးနောက် ပျဉ်းမနားမြို့ ဦးအောင်ဒွန်း၊ ဒေါ်ညိမ်းတို့၏
သမီး မမကြီးနှင့် လက်ထပ်ခဲ့သည်။ ၁၉၁၁ ခုနှစ်တွင် ရန်ကုန်သို့ရောက်သည်။
ပထမဦးစွာ မြန်မာ့အလင်းမဂ္ဂဇင်းတွင် အယ်ဒီတာလုပ်သည်။ ထိုစဉ်မှာပင်
"မောင်သောက"၊ "သကုဏ္ဍလ"၊ "ခင်မြင့်ကြီး" ၀တ္ထုတို့ကို ရေးခဲ့သည်။
ဦးရွှေကြူးဖတ်ပြီး ပြောပြသော အင်္ဂလိပ်ဝတ္ထုများကို အခြေခံ၍လည်း ၀တ္ထုများ
ရေးခဲ့သည်။ မြန်မာ့အလင်းမဂ္ဂဇင်း ပျက်သွားသောအခါ ပညာ့အလင်းမဂ္ဂဇင်း၌
"သန်းသန်း"နှင့် အခြားဝတ္ထုတိုများရေးခဲ့သည်။
၁၉၂၃ ခုနှစ်တွင် ဒဂုန်မဂ္ဂဇင်း အယ်ဒီတာလုပ်ခဲ့သည်။
လယ်တီပဏ္ဍိတ ဦးမောင်ကြီးသည် ၀တ္ထုများကို မန္တလေး
မောင်ခင်မောင်အမည်ဖြင့်လည်း ရေးခဲ့သည်။ "ခင်မြင့်ကြီး"၊ "သန်းသန်း"၊
"တင်တင်မြ" တို့ကဲ့သို့သော ၀တ္ထုများအပြင် "နတ်သျှင်နောင်"၊ "ဗညားနွဲ့"၊
"တပင်ရွှေထီး"ကဲ့သို့ အမျိုးသားစိတ်ဓာတ်လှုံ့ဆော်သော ၀တ္ထုများလည်း
ရေးခဲ့သည်။ "ပန်ထွာမင်းသမီး"၊ "ရွှေပြည်ကြီး" စသော ၀တ္ထုများလည်း
ရေးခဲ့သည်။ လောကုတ္တရာနှင့်ဆိုင်သော ကျမ်းများ၊ လောကီရေးရာကျမ်းများလည်း
အများအပြား ရေးခဲ့သည်။

စာအုပ်ပေါင်း လေးရာနီးပါးခန့် ရေးခဲ့သည်ဟု သိရသည်။
၁၉၃၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်က မဟာဝိဇ္ဖာဘွဲ့ဖြင့် ချီးမြှင့်ခဲ့ရ၏။
လယ်တီပဏ္ဍိတ ဦးမောင်ကြီးသည် စကားပြေအရေး၌သာ ထင်ရှားသည်မဟုတ်။
ကဗျာအထုံးအဖွဲ့၌လည်း ထင်ရှားလေသည်။ ဦးမောင်ကြီးသည် ဆရာကြီး
သခင်ကိုယ်တော်မှိုင်းနှင့်အတူ တို့ဗမာအစည်းအရုံးကြီးနှင့်
သခင်လူငယ်များကို အကူအညီပေးခဲ့၏။ တို့ဗမာအစည်းအရုံးဝင် သခင်တစ်ယောက်လည်း
ဖြစ်လေသည်။
လယ်တီပဏ္ဍိတ ဦးမောင်ကြီးသည် ၁၉၃၉ ခု ဧပြီလ ၂၁ ရက်နေ့တွင် မုံရွာမြို့၌
ကွယ်လွန်အနိစ္စရောက်ခဲ့လေသည်။