သီတင်းကျွတ်လပြည့်နေ့

hlabuddha.jpg
Thadingyut Moon Day
Thadingyut is the seventh Myanmar month (in September - October) towards the end of the rainy season.
Lord Gautama Buddha preached The Abhidhamma to Maidawmi Nat (reincarnate of His Mother) in Tavatimsa Abode of celestial beings for three Lenten months and returned to the abode of men on the full-moon day of Thadingyut. The King of Celestials cerated gold, silver, ruby stairways for him. Buddha took the middle ruby one radiating six hues of aura. The nats came along by the right gold stairways and the brahmas by the left silver stairways.
On account of that, Myanmar Buddhists celebrate the full-moon day with multi-coloured illuminations. It is also called Tavatimsa Festival after the Tavatimsa Abode of the nats and the Myinmo Lights Festival after the Mount Myinmo there.
For the Sangha it is the time for what is known as Pawayana, which means inviting, entreating, urging. In parctice since the times of Buddha, it is to beg on another for forgiveness of any action that might have displeased any other among Sangha. There is also the parctice among laity of paying obeisance to parents and elders.



သီတင်းကျွတ်လပြည့်နေ့
သီတင်းကျွတ်လသည် မြန်မာလများတွင် ခုနစ်လမြောက်ဖြစ်ပြီး မိုးရာသီကုန်လုချိန်ဖြစ်ကာ စက်တင်ဘာလနှင့် အောက်တိုဘာလမှာ ကျရောက်ပါတယ်။
ဂေါတမရှင်တော်ဘုရားသည် မယ်တော်မိနတ်သားအား တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်ကို ၀ါတွင်းသုံးလပတ် ဟောကြားတော်မူပြီး သီတင်းကျွတ်လပြည့်နေ့၌ လူ့ပြည်သို့ ပြန်လည်ကြွချီတော်မူပါတယ်။ သိကြားမင်းက ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းတို့ကို ဖန်ဆင်းပူဇော်ပါတယ်။ ဗုဒ္ဓရှင်တော်မြတ်သည်ရောင်ခြည်တော်ခြောက်သွယ်ဖြင့် တင့်တယ်စွာ အလယ်ဗဟိုပတ္တမြားစောင်းတန်းမှ သက်ဆင်းကြွမြန်းတော်မူပါတော့တယ်။ နတ်အပေါင်းက လယ်ယာရွှေစောင်းတန်း၊ ဗြဟ္မာကြီးများက လက်ဝဲငွေစောင်းတန်းမှ သက်ဆင်းလိုက်ပါလာကြပါတယ်။
ယင်းပူဇော်ပွဲကြီးကို အစွဲပြုလို့ မြန်မာ့ယဉ်ကျေးမှု ရာသီပွဲတော်အဖြစ် သီတင်းကျွတ်လပြည့်နေ့ညမှာ ဘုရားရှင်ကို ရည်မှန်းပြီး မီးရှူးမီးပန်းများ၊ မီးပုံး၊ ဆီမီးရောင်စုံတို့ဖြင့် ပူဇော်မှုပြုလာခဲ့ခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာ တာဝတိံသာမှ ဆင်းသက်တော်မူသည်ကို အကြောင်းပြုပြီး တာဝတိံသာပွဲတော်၊ တာဝတိံသာနတ်ပြည်ရှိရာ မြင်းမိုရ်တောင်ထိပ်မှ ဆင်းသက်တော်မူသည်ကို အကြောင်းပြု၍ မီးမြင်းမိုရ်ပွဲဟု ခေါ်ဝေါ်ကြခြင်း ဖြစ်ပါတော့တယ်။
ရဟန်းတော်များဟာ သီတင်းကျွတ်လပြည့်နေ့မှာ ၀ိနည်းဒေသနာတော်အရ ဥပုသ်အစား "ဖိတ်ကြားခြင်း၊ တောင်းပန်တိုက်တွန်းခြင်း'' လို့ အဓိပ္ပာယ်ရသော ပ၀ါရဏာပြုကြရပါတယ်။ ဤပ၀ါရဏာပြုခြင်းသည် ဘုရားရှင်လက်ထက်ကပင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါတယ်။ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးဖော် ရဟန်းတစ်စု အချင်းချင်း မခေါ်မပြော နေထိုင်ကြသည်ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ထိုနည်းတူစွာ ဘုရားရှင်အား ဖူးမျှော်ကန်တော့တဲ့ အစဉ်အလာကို အစွဲပြုပြီး မြန်မာဗုဒ္ဓဘာသာဝင်တို့သည် သီတင်းကျွတ်တဲ့အခါ သက်ကြီးဝါကြီးများအား ပူဇော်ကန်တော့တဲ့ ဓလေ့ထုံးစံကောင်းတစ်ရပ် ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

ရွှေတိဂုံဘုရားလည်း မရောက်တာကြာလို့ ဒီနေ့ ရောက်ဖြစ်တော့ အတော်ကို စည်ကားသိုက်မြိုက်စွာ အလှူအတန်းများနဲ့တကွ ဘုရားဖူးပြည်သူများ တိုးမပေါက်အောင် တွေ့ရတဲ့အတွက် အလွန်တရာမှ ၀မ်းသာကြည်နူးမိပါတယ်။

မေတ္တာတရားသည်သာ

In this world
Hate never yet dispelled hate
Only love dispells hate.
This is the law,
Ancient and inexhaustible.
You too shall pass away.
Knowing this, how can you quarrel?

ဒီလောကတွင် အမုန်းတရားဖြင့်
အမုန်းတရားကို မငြိမ်းသတ်နိုင်...
မေတ္တာတရားကသာ အမုန်းတရားကို
ငြိမ်းသတ်နိုင်၏...
ဒီဥပဒေသသည် ယွင်းမှားမသွားနိုင်သော
ရှေးအစဉ်အဆက်တရားဖြစ်၏...
သင်ကိုယ်၌ပင် တစ်နေ့သေရအံ့မည်ကို
သိလျှင် မည်သည့်အတွက်ကြောင့်
ဖက်ပြိုင်ငြင်းခုန်၍ နေမည်နည်း....

ရှင်မဟာသီလ၀ံသ (၁၄၅၃ - ၁၅၁၈) အတ္ထုပ္ပတ္တိ


အင်းဝခေတ် စာဆိုအမော် ရှင်မဟာသီလ၀ံသ ဖြစ်သည်။ ရှင်မဟာသီလ၀ံသသည် ပေလေးပင် ရှင်လေးပါးအ၀င် ရဟန်းစာဆိုဖြစ်သည်။ ရှင်မဟာသီလ၀ံသသည် ခရစ်နှစ် ၁၄၅၃ ခုနှစ် (မြန်မာသက္ကရာဇ် ၈၁၅ ခုနှစ်) ဖွားဖြစ်ပါသည်။ တောင်တွင်းကြီးမြို့ မြောက်ဘက် မြို့လုလင်ရွာသား ဇာတိဖြစ်၏။ အဖ ဦးကြည်၊ အမိ ဒေါ်ဒွေး ဖြစ်သည်။ ငယ်မည်မှာ မောင်ညိုဖြစ်သည်။
    အရွယ်ရောက်သော် တောင်တွင်းကြီးမြို့ နတ်မီးလင်းဆရာထံတွင် ပညာသင်ကြားသည်။  ဆယ့်ငါးနှစ်သားတွင် သာမဏေဘောင်သို့ ရောက်၏။ အသက် နှစ်ဆယ်တွင် ရဟန်းပြုသည်။ အသက် သုံးဆယ့်ရှစ်တွင် `ပါရမီတော်ခန်းပျို့´ကို စတင်ရေးသားသည်။
    အင်းဝဘုရင် ဒုတိယမင်းခေါင်လက်ထက်တွင် အင်းဝသို့ရောက်လာ၏။ မင်း၏ ကိုးကွယ်ခြင်းကို ခံရသည်။ မြန်မာသက္ကရာဇ် ၈၅၈ ခုတွင် `မင်္ဂလာစေတီတော် မော်ကွန်း`ကို ရေးသည်။ `ဆုတောင်းခန်းပျို့`ကို ရေးပြန်ရာ အင်းဝတွင် ထင်ရှားလာ၏။
    ရှင်မဟာသီလ၀ံသသည် ပျို့ခုနစ်ပုဒ်၊ မော်ကွန်း လေးပုဒ်၊ ဆုံးမစာ လင်္ကာ သုံးပုဒ်၊ ဧကပိုဒ်ရတု သုံးပုဒ်၊ အဖြည့်ခံရတု တစ်ပုဒ်၊ ပိုဒ်စုံရတု နှစ်ပုဒ်၊ ကျောက်စာနှစ်ချပ်နှင့် `ပါရာယန` ၀တ္ထု၊ `ရာဇ၀င်ကျော်`အပါအ၀င် စကားပြေကျမ်း ငါးခုကို ရေးသားခဲ့သည်။ ပျို့အရာ၌ ထင်ရှား၏။ သဒ္ဒါတွင် `ရှင်မဟာကစ္စည်း`၊ ကဗျာတွင် ` ရှင်မဟာသီလ၀ံသ` ဟူသော ဆိုရိုးစကားပင် တွင်ခဲ့၏။
    ရှင်မဟာသီလ၀ံသသည် သက်တော် ခြောက်ဆယ့်ငါးနှစ်၊ ရဟန်းဝါ လေးဆယ့်ငါးဝါတွင် ပျံလွန်တော်မူခဲ့လေသည်။

ခေတ်အဆက်ဆက်မှ ယခုတိုင် နာမည်ကြီး စာရေးသူများ ကိုယ်ရေးရာဇ၀င်ကို ဆက်လက်တင်ပြသွားပါမည်။ ယခုတင်ပြသော အကြောင်းအရာများသည် မြန်မာဝတ္ထုအညွှန်းမှ ပြန်လည်ဖော်ပြထားခြင်း ဖြစ်ပါသည်။

မြ၀တီဦးစ (၁၇၆၆ - ၁၈၅၃) အတ္ထုပ္ပတ္တိ


ဦးစသည် အဖ အစုအမှုထမ်းမျိုး ဦးပေါက်ကျော်၊ အမိ မှူးမတ်မျိုး မငြိမ်းသာတို့၏ သားဖြစ်သည်။ စစ်ကိုင်းဇာတိ၊ မြန်မာသက္ကရာဇ် ၁၁၂၈ ခု သီတင်းကျွတ်လပြည့်ကျော် ဆယ်ရက်၊ အင်္ဂါသား ဖြစ်သည်။ အသက်နှစ်ဆယ် ပထမ အိမ်ထောင်ပျက်ပြီးသည့်နောက်တွင် နန်းတွင်းအမှုထမ်း ဆိုင်းဆရာ ဦးတလုတ်၏ ၀ိုင်းတွင် ကြေးဝိုင်းတီးခဲ့သည်။ နောင်တွင် မင်းမှုထမ်းသည်။`ကုန္ဒာဝုဓ` ဇာတ် ရေးသောအဖွဲ့တွင် ပါဝင်သည်။ ထိုအခါမှစ၍ ဦးစအမည် ထင်ရှားသည်။ သီချင်းသံဆန်း ရေးရာ၌ ကျော်ကြားသည်။ အသက်လေးဆယ်တွင် ပြည်လုံးယူ လှေမှူး ရာထူး၊ အိမ်ရှေ့ အတွင်းဝန် ရာထူးတို့ကို ရသည်။ လေးဆယ့်ခုနစ်နှစ် အရွယ်တွင် မဏိပူရ ကသည်းစစ်တွင် ၀င်ရောက်တိုက်ခိုက်သည်။ နေမျိုးသီဟသူရဘွဲ့ကို ရသည်။ ဘကြီးတော် လက်ထက်တွင် ၀န်ကြီး ဖြစ်သည်။ ၁၈၂၄ ခု ပန်းဝါစစ်ပွဲတွင် မဟာသီဟသူရဘွဲ့ဖြင့် စစ်ကဲအဖြစ် ချီတက်တိုက်ခိုက်သည်။ ထို့နောက် မြ၀တီမြို့ကိုစားရသည်။ ထိုအခါမှစ၍ မြ၀တီ ဦးစဟု တွင်သည်။ သာယာဝတီမင်းလက်ထက်တွင် နန်းတွင်းရေး အရှုပ်အထွေးများကြောင့် ဦးစ အဖမ်းခံရသည်။ ထောင်သက် သုံးနှစ်အကြာတွင် ဦးစလွတ်သည်။ ပုဂံမင်းလက်ထက်တွင် ဆက်လက်အမှုထမ်းသည်။ မင်းတုန်းမင်းလက်ထက်တွင်  အသက် ရှစ်ဆယ့်ခြောက်နှစ်တွင် ကွယ်လွန်အနိစ္စရောက်သည်။
    ဦးစသည် နန်းတွင်းဇာတ်တော်ကြီးများအပြင် ပတ်ပျိုး၊ ကြိုး၊ ယိုးဒယား၊ သီချင်းကြီး၊ သီချင်းခံ အများအပြားရေးခဲ့သည်။ စစ်ရေးစစ်ရာများတွင်လည်း ထက်မြက်စွာ ဆောင်ရွက်ခဲ့၏။ အင်္ဂလိပ် မြန်မာ ပထမစစ်နှင့် ယင်းစစ်နောက်ပိုင်း မြန်မာ ဗြိတိသျှ ဆက်ဆံရေးကိစ္စများတွင် အရေးပါသော ပုဂ္ဂိုလ်တစ်ယောက်အဖြစ် ဆောင်ရွက်ခဲ့သည်။ ဦးစသည် မြန်မာမှု၊ အနုပညာ တေးဂီတများကို ထူးချွန်စွာ အားထုတ်ဆောင်ရွက်ခဲ့သလို ယိုးဒယား၊ မွန်၊ ဗရင်ဂျီတေးဂီတများကိုလည်း လေ့လာခဲ့သည်။ ထိုခေတ်မြန်မာနိုင်ငံရောက် အနောက်တိုင်းသားများ၏ လေးစားခြင်းကို ခံရသော ပုဂ္ဂိုလ်ကြီးတစ်ဦးလည်း ဖြစ်ခဲ့လေသည်။

လှိုင်ထိပ်ခေါင်တင် (၁၈၃၃ - ၁၈၇၅) အတ္ထုပ္ပတ္တိ


လှိုင်ထိပ်ခေါင်တင် မင်းသမီးသည် ကုန်းဘောင်ဆယ့်တစ်ဆက်တွင် ရှစ်ဆက်မြောက် ဖြစ်သော ရွှေဘိုမင်းနှင့် မိဖုရား မမြလေးတို့၏ သမီးတော် ဖြစ်သည်။
    ငယ်မည်မှာ မဖွား (မဖွားကြီးဟုလည်း ခေါ်သည်) ဖြစ်သည်။ သို့သော် မယ်တော်၊ ခမည်းတော်တို့ကမူ တင်တင်ဟု ချစ်စနိုးခေါ်သည်။ ခမည်းတော် ရွှေဘိုမင်း ထီးနန်းရသောအခါ သမီးတော် တင်တင်သည် လှိုင်မြို့ကို စားရသည်။ ထိုအခါမှစ၍ လှိုင်မင်းသမီးဟူ၍ လည်းကောင်း၊ လှိုင်ထိပ်ခေါင်တင်ဟူ၍ လည်းကောင်း ထင်ရှားလာသည်။
    ရွှေဘိုမင်းသည် မိဖုရား မမြလေးအပေါ် နိုင်ငံရေးသံသယရှိသဖြင့် မမြလေးကို သတ်ပစ်လိုက်သည်။ ထိုအခါမှစ၍ လှိုင်မင်းသမီးသည် မိတဆိုးဖြစ်ခဲ့သည်။ ထိုအချိန်တွင် မင်းတုန်းမင်း၏ မိဖုရားက လှိုင်မင်းသမီးကို မွေးစားသည်။ မင်းတုန်းမင်း နန်းတက်၍ ညီတော် ကနောင်မင်းသား အိမ်ရှေ့အရာ ယူသောအခါ လှိုင်ထိပ်ခေါင်တင်သည် ကနောင်မင်းသားနှင့် လက်ထပ်ခဲ့သည်။
    ထိုအချိန်မှစ၍ အခြားမင်းသမီးများနှင့် မွေ့လျော်နေသော မောင်တော်၏ စိတ်သဘောကို ဖျောင်းဖျသည့် ဘောလယ်တေးကဗျာများ စတင် ရေးသားလာသည်။ ဘောလယ်ကဗျာအရေးအဖွဲ့ကို လှိုင်မင်းသမီးက အစပြုခဲ့ခြင်း ဖြစ်သည်။ သို့ဖြင့် မင်းတုန်းမင်းလက်ထက်တွင် ထင်ရှားသော စာဆိုဖြစ်လာ၏။
    လှိုင်မင်းသမီးတွင် ကနောင်မင်းသားနှင့်ရသော သားတော်တစ်ပါးရှိသည်။ ထိုသားတော်မှာ သီပေါမင်း အရေးအခင်းတွင် အသတ်ခံခဲ့ရသည်။ အသက် လေးဆယ့်နှစ်နှစ်တွင် လှိုင်မင်းသမီး အနိစ္စရောက်ခဲ့သည်။
    လှိုင်မင်းသမီးသည် ဘောလယ်ကဗျာကို စတင် တီထွင်ရေးသားခဲ့သည်။ ပတ်ပျိုးသီချင်းများကိုလည်း ရေးခဲ့သည်။ `၀ိဇယကာရီ` နန်းတွင်းဇာတ်ကိုလည်း ရေးခဲ့သည်။

ကြင်သူ သိစေ

ရင်မှာ မျိုသိပ် ချစ်တဲ့စိတ်ကို
ပြောကြားချင်ပေမယ့် မ၀ံ့ရဲလို့
ငါးရာ့ငါးဆယ် မေတ္တာသွယ်လို့
ချစ်တယ်ဆိုတာ သူ သိပါစေ
ခုတော့လည်းလေ
မပြည့်စုံသေး ဘ၀ရေးမို့
ပူဆွေးတို့မှာ လွမ်းဗျာပါဒနှင့်
ရင်နာအသည်း ခံစားဆဲမို့
တို့ရဲ့အချစ် မေတ္တာစစ်ကို
သူ သိပါစေ
စိတ်ရည်ရွယ်၍ ကာရံကိုတွေး
ကဗျာရေးရင်း ပူဆွေးရတယ်
ချစ်သောသူရယ်

မြတ်သော ဆရာများနေ့

ဒီကနေ့ဟာဖြင့် အောက်တိုဘာ ၅ ရက်နေ့ ဆရာများနေ့လို့ သတ်မှတ်ထားတဲ့နေ့လေး
တစ်နေ့လည်း ဖြစ်ပါတယ်။ ကျွန်မကတော့ နေ့တိုင်း နေ့တိုင်း ဆရာများနှင့်
မိဘများနေ့ ရှိနေတယ်လို့လည်း ခံယူထားပါတယ်။ ဘာလို့လဲဆိုတော့ မိဘပြီးရင်
ဆရာဆိုတာ ကျွန်မအတွက်တော့ လက်ဦးဆရာပါ။ ခုနောက်ပိုင်း စာတွေ မရေးဖြစ်သလို
ဘာမှလည်းမလုပ်ဖြစ်ပါဘူး။ ဒီပလိုမာလေးတက်မိပါတယ်။ စိတ်ဓာတ်ပါ
ကျဆင်းနေသလိုဖြစ်နေတယ်။ ခုလည်းစာမေးပွဲဖြေနေရင်း ဆရာ ဆရာမတွေရဲ့
ကျေးဇူးကို ပြန်လည်အောင်းမေ့တမ်းတနေမိပါတယ်။ ငယ်ငယ်လေးထဲက သင်ဆရာ ကြားဆရာ
မြင်ဆရာများအပြင် ခုတက်နေတဲ့ ဘွဲ့လွန်ဒီပလိုမာက ဆရာ ဆရာမတွေကလည်း
သားသမီးနဲ့ မိဘသဖွယ် သိချင်တာ တတ်ချင်တာများကို
အိတ်သွန်ဖာမှောက်သင်ကြားပေးတဲ့အပြင် ဆိုးသမျှကိုလည်း
နားလည်ခွင့်လွှတ်ပေးကြတယ်။ ကျွန်မကတော့ ဆရာမင်းကျော်လို၊ ဆရာ
ချစ်ဦးညိုလို စာရေးဆရာ မဟုတ်တဲ့အတွက် စာအုပ်ထုတ်ပြီး
ဆရာတို့ကိုသာလွမ်းဆိုတာကို ရေးချင်ပေမယ့် ရင်ထဲကနေပဲ အမြဲဂရ၀တရားကို
ဆင်ခြင်အောင်းမေ့ပြီး ပြောသမျှ၊ သင်သမျှ ဆုံးမသမျှကို
အမြဲနားထောင်သွားပါမယ်လို့ ပြောရင်း အောက်တိုဘာ ၅ ရက်နေ့ ဆရာများနေ့ကို
ငယ်မှသည် ဒီချိန်ထိ သင်ဆရာ မြင်ဆရာ ကြားဆရာများအားလုံးကို
ဂုဏ်ပြုကန်တော့လိုက်ပါတယ်ရှင်။
 
........./***EOT***/........