7/25/2010

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့)

မနက်ဖြန်ဆို မြန်မာများရဲ့ ၀ါဆိုလပြည့်နေ့ဖြစ်ပါတယ်။ ၀ါဆိုလပြည့်နေ့မှာ
မြတ်စွာဘုရားရှင် ပဋိသန္ဓေနေတော်မူခြင်း၊ တောထွက်ခြင်း၊ တရားဦး
ဓမ္မစကြာကို ဟောကြားတော်မူခြင်း၊ ရေအစုံ မီးအစုံတန်ခိုးပြာဋိဟာများကို
ပြသတော်မူခြင်းဆိုတဲ့ ထူးခြားတဲ့နေ့ ဖြစ်ပါတယ်။ ၀ါဆိုလပြည့်ကျော် ၁
ရက်နေ့မှာ ရဟန်းသံဃာများ ပုရိမ၀ါကပ်ဆိုတော်မူကြပါတယ်။ ဒါကြောင့်
ဝါဆိုလကို လထူးလမြတ်အဖြစ်သတ်မှတ်ထားကြပါတယ်။ ၀ါဆိုလပြည့်ကျော် ၁ ရက်နေ့ဟာ
ကျွန်မရဲ့ မြန်မာမွေးနေ့ရက်လည်း ကျရောက်ပါတယ်။
ရှေးမြန်မာဘုရင်များသည် ဗုဒ္ဓသာသနာတော် တိုးတက်စည်းကားပြန့်ပွားရေးနှင့်
ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်များကို ရရှိရေးဟူသော ရည်ရွယ်ချက်နှစ်ရပ်တို့ကို
အကြောင်းပြုပြီး ၀ါဆိုလမှာ ပဉ္စင်းခံရှင်ပြုပွဲတော်ကြီးကို
ရာသီပွဲတော်အဖြစ် ကျင်းပလေ့ရှိပါတယ်။ ၀ါဆိုလပြည့်နေ့မှာ ဖြစ်စေ၊
လပြည့်ကျော် ၁ ရက်နေ့မှာ ဖြစ်စေ၊ ၀ါဆိုလမှာ ဖူးပွင့်ကြတဲ့ ပုန်းညက်ပန်း
စတဲ့ ပန်းမျိုးစုံတို့ကိုစေတီပုထိုးများမှာ သွားရောက်လှူဒါန်းဖို့
ဝါဆိုပန်းခူးထွက်တဲ့ ကျွန်မတို့ရဲ့ မြန်မာများရဲ့ ကြည်နူးကျေနပ်စရာ
ယဉ်ကျေးမှုဓလေ့တစ်ရပ်လည်း ပေါ်ပေါက်ခဲ့ပါတာဆိုရင်ဖြင့်
ခုချိန်တိုင်ထိပေါ့လေ။
အချို့ကတော့ သံဃာတော်များ ၀ါဆိုတဲ့အခါ ပူဇော်ဆက်ကပ်နိုင်ဖို့
ဝါဆိုပန်းနှင့် ၀ါဆိုဖယောင်းတိုင်ကြီးတွေကို ဘုန်းတော်ကြီးကျောင်းများမှာ
လှူဒါန်းကြပါတယ်။ ထို့အပြင် သင်္ကန်းများကိုလည်းကပ်လှူကြပါတယ်။
ဝါဆိုတော့မယ့် သံဃာတော်များအား ၀ါဆိုလဆန်းမှာပင်
လှူဒါန်းကြတဲ့သင်္ကန်းဖြစ်တာကြောင့် "၀ါဆိုသင်္ကန်း" လို့ခေါ်ကြတာပေါ့ရှင်။
ကျွန်မလည်း ကျွန်မမွေးနေ့အတွက်ဝါဆိုသင်္ကန်းကပ်ဖို့ စီစဉ်ခဲ့ပါတယ်။
မြန်မာတို့ရဲ့ ယဉ်ကျေးမှု အစဉ်အလာတစ်ရပ်အဖြစ် အသက်၊
သိက္ခာဂုဏ်ဝါကြီးသူများကို ၀ါဝင်ခါနီးမှာ ပူဇော်ဖွယ်ရာများနဲ့
ပူဇော်ကန်တော့ကြတာဆိုရင်ဖြင့် ကျွန်မတို့ဘိုးဘေးဘီဘင်လက်ထက်ထဲက
ခုချိန်တိုင်အောင်ပင် ဖြစ်ပါတော့တယ်ရှင်။

လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေမောင်နှမ သူငယ်ချင်းအားလုံးလည်း
ဝါဆိုလနှင့်အတူ ပျော်ရွှင်ခြင်းများစွာ ပိုင်ဆိုင်နိုင်ကြပါစေနော်....

7/24/2010

ဗုဒ္ဓဖြစ်စဉ်အကျဉ်း

ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေဖြင့် မိမိကိုးကွယ်သော ဗုဒ္ဓမြတ်စွာဘုရားနှင့်
ဗုဒ္ဓဘာသာအကြောင်းကို အသေးစိတ်မသိသော်မှ အကျဉ်းချုပ်၊ အနှစ်ချုပ်မျှကိုကား
သိထားရန်လို၏။ သို့မှသာ မိမိတို့ ယုံကြည်ကိုးကွယ်သော ဗုဒ္ဓအပေါ်
ပိုမိုကြည်ညိုသက်ဝင်လာရုံမျှမက ဗုဒ္ဓဘာသာတရားတော်၏ အနှစ်သာရကိုလည်း
သိလာမည်ဖြစ်သည်။ ဗုဒ္ဓဘာသာ၏ အနှစ်သာရအစစ်ကို သိရှိမှသာလျှင်
ဗုဒ္ဓဘာသာဖြစ်ရကျိုးနပ်ပေလိမ့်မည်။ ထို့အပြင် အခြားဘာသာများ
ဗုဒ္ဓဘာသာအကြောင်းမေးလာလျှင် အဆင်သင့် ဖြေနိုင်ရန်ဖြစ်သည်။
ဗုဒ္ဓအကြောင်းနှင့် ဗုဒ္ဓဘာသာတရားတော်အကြောင်းကို ဂဃနဏသိထားလျှင်
ဘာသာခြားများ၏ ဖျားယောင်းသိမ်းသွင်းမှုအန္တရာယ်ကိုလည်း
ကာကွယ်နိုင်ပေလိမ့်မည်။

ဗုဒ္ဓဖြစ်တော်စဉ်အကျဉ်း
ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် ကပိလ၀တ်ပြည့် ဘုရင် သုဒ္ဓေါဒန
မဟာရာဇာ၏ သီရိမဟာမာယာဒေ၀ီမှ မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့် သောကြာနေ့တွင်
လုမ္ဗိနီမည်သော အင်ကြင်းတော၌ ဖွားမြင်တော်မူသည်။
အလောင်းတော်သည် အသက် ၁၆ နှစ်အရွယ်တွင် ယသော်ဓရာဒေ၀ီနှင့်အတူ နန်းမ ၃
ဆောင်၌ မင်းစည်းစိမ်ကို ၂၉ နှစ်အရွယ်အထိ ခံစားခဲ့သည်။ ထို့နောက်
နိမိတ်ကြီးလေးပါးကို မြင်တော်မူ၍ သံဝေဂရတော်မူသဖြင့် တောဝနာသို့ထွက်ကာ
တရားဓမ္မကျင့်သုံးခဲ့သည်။ ဒုက္ကရစရိယာဟုဆိုသော အကျင့်မျိုးကို
ပင်ပန်းကြီးစွာ ကျင့်သုံးခဲ့၏။ တရားမှန်ကို မရသဖြင့်
မဇ္ဈိမပဋိပဒါကျင့်ထုံးဖြင့် ပြောင်းလဲကျင့်သုံးခဲ့ရာ မဟာသက္ကရာဇ် ၁၀၃-ခု၊
ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။
ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီးနောက် ကျွတ်ထိုက်သော ဝေနေယျသတ္တ၀ါ
လူနတ်ဗြဟ္မာတို့အား တရားရေအေးအမြိုက်ဆေးကို တိုက်ကျွေးတော်မူ၏။ ၄၅ နှစ်
ကာလပတ်လုံး ဓမ္မဒေသနာတို့ကို ဟောကြားခဲ့သည်။ သက်တော် (၈၀) ၀ါတော် (၄၅) ၀ါ
ပြည့်သောအခါ မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လပြည့် အင်္ဂါနေ့၌ ကုသိနာရုံပြည်
မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်ဝယ် ပရိနိဗ္ဗာန်ပြုတော်မူလေသည်။


အလွယ်မှတ်ရန် ဗုဒ္ဓ၀င်အကျဉ်း
၁။ လူအမည် - သိဒ္ဓတ္ထ
၂။ ဘုရားဘွဲ့ - ဂေါတမ
၃။ မိဘအမည် - သုဒ္ဓေါဒနမင်းနှင့် မာယာဒေ၀ီ
၎။ ကြင်ယာတော် - ယသော်ဓရာ (ဘဒ္ဒကဉ္စနာ)
၅။ ရင်သွေးတော် - ရာဟုလာ
၆။ ယောက်ဖတော် - ဒေ၀ဒတ်
၇။ မိထွေးတော် - မဟာပဇာပတိ ဂေါတမီ
၈။ နေပြည်တော်- ကပိလ၀တ်ပြည် (သက္ကတိုင်း၊ မဇ္ဈိမဒေသ)
၉။ ဖွားရာဌာန - လုမ္ဗိနီဥယျာဉ် (ကပိလ၀တ်နှင့် ဒေ၀ဒဟအကြား)
၁၀။ နန်းစံနှစ် - ၁၃ နှစ် (သက်တော် ၁၆ နှစ်မှ ၂၉ နှစ်အထိ)
၁၁။ နိမိတ်ကြီးများ - သူအို၊ သူနာ၊ သူသေ၊ ရဟန်း
၁၂။ ဗျာဒိတ်ခံယူသောဘ၀ - သုမေဓာရသေ့ဘဝ
၁၃။ ဗျာဒိတ်ခံယူသောနေ့ - ကဆုန်လပြည့်နေ့
၁၄။ ဗျာဒိတ်ပေးသောဘုရား - ဒီပင်္ကရာမြတ်စွာဘုရား
၁၅။ ပါရမီဖြည့်ဘက် - သုမိတ္တာအမျိုးသမီး (ယသော်ဓရာအလောင်း)
၁၆။ ပါရမီဖြည့်ရာကာလ - လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း
၁၇။ ပါရမီဖြည့်ရခြင်း၏ ရည်ရွယ်ချက် - သတ္တ၀ါများ အကျိုးဆောင်ရွက်ရန်
၁၈။ ဒုက္ကရစရိယာကျင့်ရသောနှစ် - ၆ နှစ် (မဟာသက္ကရာဇ် ၉၇-ခုမှ ၁၀၃-ခု အထိ)
၁၉။ ဒုက္ကရစရိယာကျင့်သည့်နေရာ - ဥရုဝေဠတော
၂၀။ ဘုရားဖြစ်ချိန်သက်တော် - ၃၅ နှစ်အရွယ်
၂၁။ ဘုရားပွင့်ရာလူ့သက်တမ်း - နှစ် ၁၀၀ တမ်း
၂၂။ အလုပ်အကျွေး - ပဉ္စ၀ဂ္ဂီငါးဦး (ဒုက္ကရစရိယာကျင့်ခိုက်)
၂၃။ တရားဦးဟောသည့်နေရာ - ဗာရာဏသီပြည်၊ မိဂဒါဝုန်တော
၂၄။ ပထမဆုံးသာဝက - ပဉ္စ၀ဂ္ဂီငါးဦး (ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ )
၂၅။ နောက်ဆုံးသာဝက - သုဘဒ္ဒပရိဗိုဇ်
၂၆။ လက်ယာရံအဂ္ဂသာဝက - အရှင်သာရိပုတ္တရာ
၂၇။ လက်ဝဲရံအဂ္ဂသာဝက - အရှင်မောဂ္ဂလာန်
၂၈။ အဆုံးအမသာသနာ - ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ
၂၉။ ကျင့်စဉ်သိက္ခာ - သီလ၊ သမာဓိ၊ ပညာ
၃၀။ ချမှတ်သောလမ်းစဉ် - မဇ္ဈိမပဋိပဒါ (မဂ္ဂင်လမ်းစဉ်)
၃၁။ သန္ဓေယူသောနေ့ - မဟာသက္ကရာဇ် ၆၇-ခု၊ ကြာသာပတေးနေ့
၃၂။ ဖွားမြင်သောနေ့ - မဟာသက္ကရာဇ် ၆၈-ခု၊ (ဘီစီ-၆၂၃) ကဆုန်လပြည့်၊
သောကြာနေ့
၃၃။ တောထွက်သောနေ့ - မဟာသက္ကရာဇ် ၉၇-ခု၊ ၀ါဆိုလပြည့်၊ တနင်္လာနေ့
၃၄။ ဘုရားဖြစ်သောနေ့ - မဟာသက္ကရာဇ် ၁၀၃-ခု၊(ဘီစီ-၅၈၉) ကဆုန်လပြည့်၊
ဗုဒ္ဓဟူးနေ့
၃၅။ ဓမ္မစကြာဟောသောနေ့ - မဟာသက္ကရာဇ် ၁၀၃-ခု၊ ၀ါဆိုလပြည့်၊ စနေနေ့
၃၆။ ပရိနိဗ္ဗာန်စံသောနေ့ - မဟာသက္ကရာဇ် ၁၄၈-ခု၊ (ဘီစီ-၅၄၄) ကဆုန်လပြည့်၊
အင်္ဂါနေ့
၃၇။ တေဇောဓါတ်လောင်သောနေ့ (မီးသဂြိုဟ်သောနေ့) - မဟာသက္ကရာဇ် ၁၄၈၊
ကဆုန်လဆုတ် (၁၂)ရက်၊ တနင်္ဂနွေနေ့။


သက္ကရာဇ်ရှင်းလင်းချက်
မဟာသက္ကရာဇ်ဆိုသည်မှာ ဘုရားမပွင့်မီက ဘိုးတော်အဉ္စနမင်း တည်ထားသော
သက္ကရာဇ်ကို ခေါ်သည်။
သာသနာတော်နှစ်ဆိုသည်မှာ ဘုရားပရိနိဗ္ဗာန်ပြုပြီးနောက်
ပထမသင်္ဂါယနာတင်သည့်နှစ်မှစ၍ ရေတွက်သောနှစ်ဖြစ်သည်။
မြန်မာသက္ကရာဇ်ဆိုသည်မှာ ပုပ္ပားစောရဟန်းမင်းလက်ထက် တည်ထားသော
သက္ကရာဇ်ဖြစ်သည်။
ခရစ်နှစ် (ဘီ၊စီ) ဆိုသည်မှာ ခရစ်မပေါ်မီနှစ်ကို ခေါ်သည်။
ခရစ်နှစ် (အေ၊ဒီ) ဆိုသည်မှာ ခရစ်တော်ပေါ်ပြီးနှစ်မှစ၍ ရေတွက်သည်။
သာသနာသက္ကရာဇ်သည် မြန်မာသက္ကရာဇ်ထက် ၁၁၈၂ နှစ် ကြီးသည်။ ခရစ်သက္ကရာဇ်ထက်
၅၄၄ နှစ် ကြီးသည်။
ခရစ်သက္ကရာဇ် (အေ၊ဒီ)သည် မြန်မာသက္ကရာဇ်ထက် ၆၃၈ နှစ် ကြီးသည်။ ထို့ကြောင့်
ဘုရားရှင်ပရိနိဗ္ဗာန်ပြုသောနှစ်ကို ခရစ်မပေါ်မီ ဘီစီ ၅၄၄ ဟု
သာသနာ့သမိုင်းများက အတည်ပြုထားသည်။

မှတ်ချက် - ကျမ်းကိုး (ဖတ်မှတ်မိသမျှ ပြန်လည်တင်ပြထားခြင်းဖြစ်ပါသည်။)

7/22/2010

ဝေဘူဆရာတော်ဘုရားကြီး အစဉ်ဟောကြားတော်မူလေ့ရှိသော တရားတော်များ

ဗုဒ္ဓ၏အလိုတော်ကျ ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီး
အစဉ်ဟောကြားတော်မူလေ့ရှိသော တရားတော်များ

သီလဆောက်တည်ပြီးလျှင် ပြည့်စုံအောင်ဖြည့်ကြ၊
ဖြည့်လို့ပြည့်စုံပြီဆိုလျှင် မိမိစိတ်အလိုတောင်းတတဲ့ အတိုင်းပြီးမယ်။
ယခုလည်းချမ်းသာမယ်။ နောင်လည်းချမ်းသာမယ်။
ပစ္စုပ္ပန်ချမ်းသာ၊ သံသရာချမ်းသာ နှစ်ဖြာကို ပေးစွမ်းနိုင်တာဟာ
ဘုရားရှင်အဆုံးအမတော်ကလွဲလို့ တခြားမရှိဘူး။
ဘုရားရှင် အဆုံးအမဆိုတာ ပိဋကတ်သုံးပုံပဲ။ ပိဋကတ် သုံးပုံဆိုတာ
အလွန်ကျယ်ဝန်းတယ်။ ပိဋကတ် သုံးပုံကို အဆီထုတ်ပါလျှင် ``ဗောဓိပက္ခိယတရား
၃၇-ပါး´´ ၇တယ်။ ဗောဓိပက္ခိယတရား ၃၇-ပါးကို အဆီထုတ်လျှင် မဂ္ဂင်ရှစ်ပါးရတယ်။
မဂ္ဂင်ရှစ်ပါးကို အဆီထုတ်လျှင်တော့ သိက္ခာသုံးပါးရတယ်။ သိက္ခာသုံးပါးဆိုတာ
အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာပါဘဲ။
သိက္ခာသုံးပါးကို အဆီထုတ်လျှင် ``ဧကောဓမ္မောတရားတစ်ခု´´ ရတယ်။ ရုပ်ပေါ်
နာမ်ပေါ်မှာနေပြီး ယခုလိုဆောင်ထားတော့ (ရှုမှတ်နေတော့) ကာယကံသောင်းကျန်းမှု၊
ဝစီကံသောင်းကျန်းမှု မရှိဘူး။ အဲဒါ``အဓိသီလ´´ လို့ခေါ်တယ်။
အဓိသီလအားကောင်းလျှင်တော့ စိတ်တွေသောင်းကျန်းမှုမရှိဘဲ
ငြိမ်ဝပ်ပိပြားပြီး တည်နေတော့တယ်။ အဲဒါ ``အဓိစိတ္တ´´ လို့ခေါ်တယ်။
အဓိစိတ္တ(သမာဓိ) အားကောင်းလို့ အချိန်ကြာလျှင် ဘယ်လူ ဘယ်နတ် ဘယ်ဗြဟ္မာမှ
ဖန်တီးခွင့် မပြုဘူး။ လျှပ်တပြက်အတွင်း ကုဋေတစ်သိန်းဖြစ်ပြီး ပျက်နေတယ်။
ရုပ်နာမ်ကို သိနေလျှင်တော့ ဖြစ်ပျက်ကို သိတော့တာပဲ။ ဖြစ်ပျက်ကို သိတာ
``အဓိပညာ´´ လို့ခေါ်တယ်။
အများနားလည်အောင် ပြောမယ်ဆိုရင် ခန္ဓာကိုယ်ပေါ်မှာ ထင်ရှားနေတဲ့
အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ နှာဖျား၊ နှာဝမှာ ထွက်လေ ၀င်လေနှစ်ရပ်ဟာ
အမြဲတိုက်ဝင် တိုက်ထွက်နေတယ်။
နှာဖျားနှာဝဟာ ကာယပသာဒအကြည်က အထိခံ ထွက်လေ၀င်လေဖြစ်တဲ့ လေနှစ်ရပ်
ဝါယောဖောဌာဗ္ဗက ထိတယ်။ ထို အထိခံနှင့် ဒကာမကြီးတို့ သူများမေးမနေနဲ့၊
ကိုယ်နှာဝကို ဥာဏ်နဲ့စောင့်ကြည့် ၀င်တော့ ထိဝင်မယ်။ ထွက်တော့လဲ
ထိထွက်မယ်။ ထိတာကို သိလျှင် သိနေလျှင် လောဘ၊ ဒေါသ၊ မောဟ ဖြစ်ခွင့် မရလို့
လောဘမီး၊ ဒေါသမီး၊ မောဟမီး ငြိမ်းတယ်။ ငြိမ်းတော့ အေးတယ်။
မထိခင်ကလဲ သိလို့ မဖြစ်ဘူး။ ထိပြီးပြန်တော့လည်း သိလို့မဖြစ်ဘူး။
ထိတုန်းကိုသာ သိလို့ဖြစ်တယ်။ အဲဒါကို ပစ္စုန်ပ္ပန်တည့်တည့်လို့ ဆိုတယ်။
အဲသလို တစ်ထိတည်းထိနေတာကို တစ်ဆက်တည်း သိနေအောင် ဆောင်ကြဗျာ။ တစ်ရက်
(၂၄)နာရီ တစပ်လောက်ရလျှင် အလွန်သိသာပါတယ်။ အဲသလို ထိတာကို
မသိမှတ်နိုင်လျှင် လျှပ်တပြက်အတွင်းတွင်ပဲ ကုဋေတစ်သိန်း
အကြွေးတင်သွားရောဗျာ။
ထိတာကို သိလျှင် ရုပ်နှင့် နာမ်သာရှိပါလားလို့ သိလိမ့်မယ်။
ရုပ်နာမ်မှတစ်ပါး၊ ငါ၊ သူတစ်ပါး၊ ယောကျာင်္း မိန်းမမရှိဘူးဆိုတာ ဘုရားရှင်၏
တရားတော်အမှန်ပါလားလို့ ကိုယ့်ဟာကိုယ်သိလိမ့်မယ်။ သူများကို မေးနေဖို့
မလိုပါဘူး။ နှာဖျားနှာဝမှာ လေထိတာကို သိနေလျှင် ထိုအချိန်မှာ အတ္တဆိုတဲ့
ကိုယ်မရှိဘူး။
ထိုသိနေတဲ့ အချိန်မှာ ဥာဏ်အမြင် စင်ကြယ်တယ်။ သမ္မာဒိဠိဖြစ်တယ်။ ထိတာကို
သိနေတဲ့ အချိန်မှာ ``ရုပ်နာမ်မှတစ်ပါး ဘာမှ မရှိပါလား´´ လို့ သိတာကို
ရုပ်နာမ်ကို ပိုင်းခြားပြီး သိလို့ `နာမရူပပရိစ္ဆေဒဥာဏ်´ လို့ခေါ်တယ်။
တထိတည်းထိ၊ တသိတည်းသိနေလျှင် အတ္တစင်၍ ဉာဏ်အမြင်စင်ကြယ်တဲ့ အကျိုးရတယ်။
ဒါဟာ တဒင်္ဂပဟာန် ခဏအချိန်ကလေးအတွင်းမှာ ရတဲ့အကျိုး၊ နည်းတယ်လို့
မမှတ်ကြနဲ့ `ကမ္မဌာန်းထိုင်ရတာများ ဘာမှလဲ မတွေ့ပေါင်၊ ဘာမှလဲ မရပေါင်´
လို့များမမှတ်လိုက်ကြပါနဲ့။ မြင့်မြတ်တဲ့ ဘ၀၊
ဘုရားသာသနာကြုံကြိုက်တဲ့အခါမှာ ဒီလို အကျိုးထူးများရနိုင်တယ်။
စားဘို့သောက်ဘို့ အသာထားပြီး အထူးကြိုးစားကြ။

7/21/2010

ဖျက်စု-၂၀

၁။ စေတီမှန်းထား၊ မြတ်ဘုရား၊ တည်ထားကောင်းလျက်၊ ညောင်ပင်ဖျက်။
၂။ မြစ်မရေနက်၊ သောင်ပြင်ဖျက်သည်။
၃။ မင်းကောင်းပါလျက်၊ မင်းမြောင်ဖျက်သည်။
၎။ လက်ဆုံစား၊ စကားကောင်းလျက်၊ အပြောင်ဖျက်သည်။
၅။ မောင်းသွင်းခုနင်း၊ ရေလျင်သွင်း၊ ပျိုးခင်းကောင်းလျက်၊ မြောင်းတောင်ဖျက်သည်။
၆။ လက်ဆက်တံကူ၊ လှေမူခိုင်လျက်၊ မီးပိုးဖျက်သည်။
၇။ လက်တီးကြမ်းပြင်၊ ဆင်ဝင်ကောင်းလျက်၊ ၀ဲလင်ဖျက်သည်။
၈။ မိန်းမ၍မူ၊ ရူပကောင်းလျက်၊ ဆံထုံးဖျက်သည်။
၉။ ဓမ္မသတ်တရား၊ ရှိပါငြားလည်း၊တိမ်းပါးငဲ့ကွက်၊ လက်ဆောင်ဖျက်သည်။
၁၀။ ရဟန်းတရား၊ ကျင်ပါငြားလည်း၊ တိမ်းပါးငဲ့ကွက်၊ လက်ဆောင်ဖျက်သည်။
၁၁။ ငါးပါးသီလ၊ ကျင့်သူအားကို၊ စီးပွားရမ္မက်၊ လောဘဖျက်သည်။
၁၂။ သုခမိန်ဟု၊ ကျော်ရှိန်နှံ့သိ၊ ပညာရှိ၊ ကြီးဘိအမျက်၊ ဒေါသဖျက်သည်။
၁၃။ တိုက်နှင့်ကျီကျ၊ ထုပ်လျောက်စသည်။ ခိုင်လှပေလျက်၊ ပေါင်းကွပ်ဖျက်သည်။
၁၄။ ပြည်ရွာတိုင်းကား၊ စည်ပင်ငြားလည်း၊ ခေါင်းပါးခေါင်လျက်၊ စပါးဖျက်သည်။
၁၅။ ပဉ္စင်တူရိယာ၊ နှဲခရာ၊ သာယာပေလျက်၊ လင်းကွင်းဖျက်သည်။
၁၆။ လက်သင်လှော်ကား၊ လှော်ပေငြားလည်း၊ အသွားကောင်းလျက်၊ လှေပဲ့ဖျက်သည်။
၁၇။ ဘောဇဉ်ငါးပါး၊ ပျားအရသာ၊ ကောင်းပါပေလျက်၊ ဆားငန်ဖျက်သည်။
၁၈။ ဆီမီးတန်ဆောင်၊ ၀င်းပြောင်ပေလျက်၊ လေးဆိုးဖျက်သည်။
၁၉။ မိန်းမ၌မူ၊ ရူပလက္ခဏာ၊ကောင်းပါပေလျက်၊ ရောဂါနှိပ်စက်၊ အနာဖျက်သည်။
၂၀။ သူကောင်းဖြစ်ငြား၊ မူထားကောင်းလျက်၊ အပေါင်းဖျက်သည်။
                                      တောင်ဖီလာဆရာတော်

7/19/2010

မေ့မရနိုင်သော နေ့လေးတစ်နေ့ (၁၉ ဇူလိုင်)



(၁၉ ဇူလိုင် မမေ့နိုင်)

အို... မိတ်ဆွေအပေါင်းတို့
နှစ်တွေကြာညောင်း
ဘ၀တွေ ဘယ်လိုပြောင်းပြောင်း
ဗိုလ်ချုပ်တို့ခွဲခွာ၊ နေရှိန်ထိုးကျ
လောကပိန်းမှောင်၊ အလင်းရောင်ပျောက်
မိုးအောက်လေရင်၊ ဆူပွက်လတ်သော်
လှိုင်းတွေရပ်သမုဒ္ဒရာ၊ ငြိမ်သက်ရှာကြ
တဒင်္ဂလျှင်
ငါတို့အားလုံး
ဝမ်းနည်းပူဆွေးဦးညွတ်ကြကုန်၏။
အို... သင်္ခါရ၊ အနိစ္စတည်း
ဗိုလ်ချုပ်တို့သွားနှင့်၊ ဖြစ်သဖြင့်ကြောင့်
အောက်မေ့ခွင့်ကြုံ၊ ငါတို့ဆုံရ
ဤဘဝ
သောကတောင်ထုရှိချေပြီတကား....
ထွက်ခွာသွားပြီ၊ တို့မျက်ရည်များ
ဖြည်မဆည်နိုင်၊ မိုးနှင့် ပြိုင်ပြီ
အောက်မေ့တမ်းတ၊ လွမ်းရက်ရှည်ကြာ
နောက်ဆုံးတော့
ဘ၀ တွေ့ကြုံဆုံကွဲတည်း....



ဝါဆိုဝါခေါင် ရေဖောင်ဖောင်ဆိုတဲ့အတိုင်းပဲ။ ဆိုင်းမဆင့် ဗုံမဆင့်ဘဲ ရန်ကုန်မိုးဟာ ဗြုန်းခနဲရွာပြီး တိတ်သွားသော်လည်း အခုတော့ ဘယ်အငြိုးကြောင့် ဒေါမာန်ကြီးစွာနဲ့ ရွာသွန်းနေရပါလိမ့်လို့ ယမင်း စဉ်းစားနေမိတယ်။ လမ်းသွားလမ်းလာတွေလည်း မရှိသလောက် ဖြစ်နေပြီး ယမင်းတစ်ယောက်ထဲ မိုးရွာထဲ လျှောက်သွားနေမိပါ တကား။ သြော်... ဘာလိုလိုနဲ့ မမေ့သင့်၊ မမေ့အပ်၊ မမေ့နိုင်တဲ့နေ့လေးတစ်နေ့ကို ရောက်တော့မှာပါလား။ ဒီလိုဘဲ ရင်ထဲမှာ ခုချိန်ထိ မမေ့နိုင်တဲ့နေ့လေးနှင့်အတူ ယမင်းရဲ့ မွေးရက်လည်း ရောက်လာတော့မှာပါလား။ ယမင်းရဲ့မွေးနေ့က ဇူလိုင် ၁၉ ပြီး နောက်တစ်ရက်လေ။ အင်း အသက်လည်း တစ်နှစ်ကြီးပြန်ပြီပေါ့။ ဒီအစိုင်အခဲဟာ ယမင်း အသက်အရှင်နေသမျှ ကာလပတ်လုံး ပို၍ ပို၍ ကြီးထွားနေမှာဘဲ။ ထိုရက်ကား ဇူလိုင် ၁၉ ရက်နေ့ပင် ဖြစ်ပါတယ်။ ဇူလိုင် ၁၉ နှင့်အတူ မျက်ရည်မိုးတွေ လည်း သွန်းဝေဖြိုးပေတော့မယ်လေ။
ဒီကနေ့တော့ သည်းထန်စွာ ရွာနေတဲ့မိုးကြောင့် ယမင်းလည်း အိမ်ပြန်ရောက် တာနဲ့ နွေးသွားအောင် ကော်ဖီတစ်ခွက်သောက်ပြီး ဟိုတစ်ချိန်ဆီက မေ့မရနိုင်သော နေ့လေးတစ်နေ့ကို မျက်စိမှာ မြင်ယောင်ကြည့်နေမိတော့တယ်။ ဒါဟာ ငယ်ငယ်လေး ကတည်းက မိဘများက ပြောပြခဲ့တဲ့ အကြောင်းအရာတစ်ခုဆိုလဲ ပိုမှန်ပါတယ်။ ကြီးလာတော့ လက်လှမ်းမီသလောက် လေ့လာ၊ ပြီးတော့ သံရုံးက အခွေတွေ ဘာတွေ ငှားကြည့်ဖြစ်ခဲ့တယ်လေ။ ဒါတွေဟာ အမှန်တရားလား။ လုပ်ဇာတ်လမ်းလားဆိုတာ ယမင်းလည်း သေချာမသိပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ်ကိုယ်တိုင် မမြင်ခဲ့ရတာကိုး။



ကျွန်မ တွေးမိတဲ့အကြောင်းအရာကတော့ လွန်ခဲ့တဲ့ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့၊ မိုးတွေ တစိမ့်စိမ့်ရွာသွန်းနေတဲ့အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်ကိုးဦးတို့ဟာ နယ်ချဲ့လက်ပါးစေ ဂဠုန်ဦးစော (အခိုင်းခံရသူ)ရဲ့ လက်ချက် နဲ့ ကျဆုံးခဲ့ရခြင်းပဲ ဖြစ်ပါတယ်။ ယမင်း သိသလောက်ပေါ့လေ နောက်ပိုင်း လေ့လာမိ သလောက်ကတော့ ဂဠုန်ဦးစောဟာ (ဟုတ်မဟုတ်တော့ မသိဘူး၊ သိတာကို ပြောပြတာနော်) ဆာတော်မန်စမစ်ရဲ့ စေခိုင်းချက်ကြာင့် အာဏာရာထူးကို မက်မောပြီး လုပ်ကြံခဲ့ခြင်း ဖြစ်တယ်ဆိုတာ သိခဲ့ရတယ်။ အင်း မြန်မာတိုင်းရင်းသားတို့အတွက် တော့ ကမ္ဘာသာကျေပြီး ဥဒါန်းကျေမှာ မဟုတ်တဲ့ နေ့လေးတစ်နေ့ပေါ့။ ပြောရရင်တော့ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ဟာ ယမင်းတို့ရဲ့ လွတ်လပ်ရေး ပန်းတိုင်နှင့် မဝေးတော့တဲ့အချိန်အခါ သမယဖြစ်တော့မဲ့ အချိန်ပေါ့။ မိုးရာသီဖြစ်တဲ့ အတွက် မိုးရွာတာဟာ မဆန်းပါဘူး။ ဒါပေမဲ့ ထိုနေ့မှာတော့ မိုးမင်းကြီးဟာ ဒီသတင်းဆိုးကို ကြိုတင်ပဲ သိနေလို့လား ညိုသော အရောင် မှောင်တဲ့အသွင်ကို ဆောင်ပြီး တိမ်လွှာတိမ်လိပ်တို့ကလည်း မိုးကောင်းကင်မှာ ချက်ချက်ဘဲ အုံ့ဆိုင်းတက် လာတာပေါ့။ အဲဒီအချိန်မှာ မိုးသံ တချုန်းချုန်း မျက်စိတစ်မှိတ် လျှက်တစ်ပြက် အတွင်းမှာဘဲ လျှပ်စီးတွေ လက်ပြီး လေကလည်း ထန်လာတယ်။ အချိန်ကား နံနက် ၁၀ နာရီခန့် ရန်ကုန်မြို့လယ်ရှိ အတွင်းဝန်ရုံးဟာ မိုးတွေကြားမှာ လေပြင်းကို အန်တုပြီး အခိုင်အမာရပ်တည်နေတာပေါ့။ အဲ အထဲမှာ ရှိတဲ့လူတွေဟာ အချမ်းဒဏ် ကို ဂရုမပြုနိုင်ဘဲ တိုင်းရင်းသားအားလုံးအတွက် လှုပ်ရှားနေခဲ့ကြတယ်လေ။ သူတို့ဟာ အတွင်းဝန်ရုံး ပထမထပ် အလယ်ခန်းမှာ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုတဲ့ မျိုးချစ်ခေါင်းဆောင်ကြီးတွေပဲ ဖြစ်ပါတယ်။

အသက် ၃၃ နှစ်ဝန်းကျင်ပဲ ရှိသေးတဲ့ ဗိုလ်ချုပ်ဟာ တက်ရောက်လာတဲ့ ခေါင်းဆောင်ကြီးတွေနဲ့ ယမင်းတို့ရဲ့ နိုင်ငံအတွက် ဆွေးနွေးတိုင်ပင်နေကြတာပေါ့။ ခေါင်းဆောင်တွေဟာ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် နေ့ညမဟူ လုံ့လထုတ်ကြ ရှာရပါတယ်။ ဒါပေမဲ့ ဇူလိုင်လ ၁၉ ရက် နံနက် ၁၀ နာရီနဲ့ ၃၇ မိနစ်အချိန်လောက် မှာဘဲ ဘယ်လိုမှ မထင်မှတ်ထားတဲ့ ရင်နင့်ဖွယ် အဖြစ်ဆိုးကြီးဟာ ရုတ်တရက် ဖြစ်သွားခဲ့ရပြီလေ။ ဆူညံစွာ မောင်းဝင်လာတဲ့စက်သံနှင့်အတူ ဂျစ်ကားတစ်စီးဟာ အတွင်းဝန်ရုံးရှေ့ကို ရောက်ရှိလာပြီး မျက်နှာဖုံးစွပ် လူလေးယောက်ဟာ ရုတ်တရက် ၀င်ရောက်လာပြီး မြင်မြင်သမျှ မည်းမည်းမြင်ရာကို လိုက်လံပစ်ခတ်တော့တာပါပဲ။ ဗိုလ်ချုပ်ဟာ ရုတ်ခြည်းထရပ်ပြီး တားရန် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သေနတ်ကျည်ဆန်ထိပ်ဖူးဟာ ကိုယ်တွင်းကို ရောက်ရှိသွားပြီး တားမြစ်မှုဟာ မအောင်မြင်ခဲ့ဘူးပေါ့။ အဖြစ်အပျက်ဟာ မြန်ဆန်လွန်းတဲ့အတွက် တစ်ခဏအတွင်းမှာ မြင်မကောင်းအောင် သွေးချောင်းစီးသွားပါတယ်။ မျိုးချစ်ပုဂ္ဂိုလ် ကိုးဦးဟာ မျိုးဖျက်သစ္စာဖောက်၊ အသားထဲက လောက်ထွက်တဲ့သူတွေရဲ့စနစ်ကြောင့် ကျဆုံးခဲ့ရ ရှာတော့တယ်။ ပြည်သူက ချစ်သော ဗိုလ်ချုပ်ဟာ ပြည်သူ့အတွက် လုပ်ဆောင်ရင်းနဲ့ အကြံပက်စက် ဆန်ကောလောက်မှ ဇောက်မနက်တဲ့ လူတွေရဲ့လက်ချက်နဲ့ ကျဆုံးခဲ့ရလေတယ်။ ဘယ်လောက် မိုက်ရိုင်းလိုက်သလဲ။ ဗိုလ်ချုပ်နဲ့အတူ သခင်မြ၊ မန်းဘခိုင်၊ ဒီးဒုတ်ဦးဘချို၊ မစ္စတာ အဗ္ဗဒူရာဇာတ်၊ ဦးဘ၀င်းတို့လည်း အဲဒီနေရာမှာတင် သေဆုံးခဲ့ရရှာတယ်။ အဲ ဒဏ်ရာပြင်းထန်စွာ ရသွားတဲ့ မိုင်းပွန်စော်ဘွား စောစံထွန်း၊ အတွင်းဝန် ဦးအုန်းမောင်နှင့် သက်တော်စောင့် မောင်ထွေးတို့လည်း ရရှိတဲ့ဒဏ်ရာနဲ့ သေဆုံးခဲ့ရရှာတယ်။ အာဇာနည် ကြယ်ကိုးပွင့် အကြွေစောခဲ့ရလေပြီ။


ခုချိန်မှာတော့ ဗိုလ်ချုပ်တို့ရဲ့ သွေးစက်နဲ့ လမ်းခင်းပေးခဲ့တဲ့ လွတ်လပ်ရေးဟာ အထင်အရှားရှိခဲ့ရပြီလေ။ ယခုဆိုရင် ၂၀၁၀ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ကို ရောက်ရှိ လာခဲ့ပြန်ပြီပေါ့။ ယမင်းလေ ရေးစရာတွေ ရင်ထဲမှာ အပြည့်ရှိနေပါတယ်။ ဒါပေမဲ့ ရင်ထဲမှာ ၀မ်းနည်းဆို့နစ်ကြေကွဲပြီး ဘယ်လိုမှ ဆက်ရေးလို့ မရတော့ဘူး။ အခု မိုးတွေ သည်းကြီးမဲကြီး ရွာနေပြန်ပြီလေ။ အာဇာနည်နေ့ကို ကြိုတင်ဦးညွှတ်ဂုဏ်ပြုနေသည့်အလား၊ ယမင်းရဲ့ရင်ထဲမှာ မေ့မရသောနေ့လေးတစ်နေ့ကို မြင်ယောင်နေမိပါ တော့တယ်။ အားလုံးတိတ်ဆိတ်ငြိမ်သက်စွာနဲ့ ကျဆုံးလေပြီးသော အာဇာနည်မျိုးချစ် ခေါင်းဆောင်ကြီးတွေကို ယမင်းနဲ့အတူ ၀မ်းနည်းပူဆွေးစွာနဲ့ပဲ ဂုဏ်ပြုကြိုဆို ကြပါစို့နော်။



ဒီပိုစ့်လေးက ကျွန်မ တင်ပြီးသား ပိုစ့်လေးတစ်ခုပါ.... ပိုစ့်အသစ်ရေးဖို့ အချိန်မရှိတဲ့အတွက် ပြန်လည် တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်ရှင်....

7/18/2010

Navitas ၏ နိုင်ငံတကာ ပညာရေးပြပွဲ စည်ကားစွာ ကျင်းပမည်

မြန်မာနိုင်ငံတွင် ပထမအကြိမ် ကျင်းပပြုလုပ်မည့် Navitas' International Education Exhibition ကို ၂၀၁၀ ဇူလိုင်လ (၂၁) ရက်
ဗုဒ္ဓပာူးနေ့တွင် ကုန်သည်ကြီးများပိာုတယ် Myanmar Ballroom တွင်  နံနက် (၁၀) နာရီမှ ညနေ (၆) နာရီအထိ ကျင်းပပြုလုပ်

မည်ပာု သိရှိရသည်။

အမေရိကန် ၊ ကနေဒါ ၊ အင်္ဂလန် နှင့် သြစတြေးလျ ကျောင်းများကို တစ်ရက်တည်း တစ်နေရာတည်းတွင် တစ်စုတစ်ဝေးတည်း
တက်ရောက်တွေ့ဆုံမေးမြန်းစုံစမ်း နိုင်စေရန် ရည်ရွယ်၍ Navitas မှ စီစဉ်ပြုလုပ်ခြင်းဖြစ်သည်။

Navitas သည် နိုင်ငံတစ်နိုင်ငံမှ ကျောင်းတစ်ခု မပာုတ်ဘဲ  အမေရိကန် ၊ ကနေဒါ ၊ အင်္ဂလန်၊ သြစတြေးလျ နှင့် စင်ကာပူနိုင်ငံများ
မှ တက္ကသိုလ်များပါဝင်သည့် နိုင်ငံတကာ ပညာရေးကွန်ယက်ကြီး တစ်ခုဖြစ်ပါသည်။


နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ပညာရေးစနစ်နှင့်အထက်တန်းပညာရေးအဆင့်ခြင်း မတူညီကြသည့် အားလျော်စွာ ကျောင်းသားများ
နိုင်ငံရွှေ့ပြောင်းပညာသင်ကြားရာတွင် အဆင်ပြေလွယ်ကူစေရန် Navitas မှ ၄င်းတို့နှင့် ချိတ်ဆက်ထားသော တက္ကသိုလ်များတွင်
ပေါင်းကူးကောလိပ်များဖွင့်လှစ်ကာ သင်တန်းများပို့ချလျက်ရှိသော နိုင်ငံတကာကွန်ယက် ကျောင်းကြီးတစ်ခုဖြစ်သည်။


နိုင်ငံစုံပညာရေးပြပွဲနေ့တွင်
- Navitas နှင့် ချိတ်ဆက်ထားသော အမေရိကန်တက္ကသိုလ်များသို့ ၀င်ခွင့်လျှောက်ထားခြင်းဆိုင်ရာ အချက်အလက်များ ၊
- အင်္ဂလန်တက္ကသိုလ်ကြီး (၆) ခုကို တက်ရောက်သင်ကြားနိုင်မည့် ပညာရေး အခွင့်အလမ်းများ ၊
- သြစတြေးလျ တက္ကသိုလ်ကြီး (၉)ခုရှိ ဘွဲ့သင်တန်းများကို ဒုတိယနှစ်မှ စတင်တက်ရောက်နိုင်မည့် ပေါင်းကူးဒီပလိုမာများ ၊
- ဘွဲ့လွန် သင်တန်းများ ၀င်ခွင့်လျှောက်ထားခြင်းဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်း ပောာပြောဆွေးနွေးပေးမည်။


နိုင်ငံစုံပညာရေးပြပွဲသို့ Navitas မှ အဆင့်မြင့်အရာရှိ (၈) ဦးကိုယ်တိုင် လာရောက်ခင်းကျင်းပြသပောာပြောမည်ဖြစ်ပြီး
- အင်္ဂလန်နိုင်ငံသို့ ကျောင်းသားဗီဇာအဆင့်များနှင့် ကျောင်းများကိုအဆင့်လိုက်ရွေးချယ်မှုများ ၊
- သြစတြေးလျနိုင်ငံမှ အသစ်ထုတ်ပြန်လိုက်သည့် ကျွမ်းကျင်အဆင့်ဘွဲ့ရကျောင်းသားများ နေထိုင်ခွင့် ဗီဇာ
- အမေရိကန် ကျောင်းသားဗီဇာ လျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များကို ထည့်သွင်း ဆွေးနွေးပေးမည်။
 
အမေးအဖြေအစီအစဉ်များနှင့် ပညာရေးဆိုင်ရာ ဗီဒီယိုအပိုင်းတိုများကို ထည့်သွင်းပြသပေးသွားမည်။

အမေရိကန်နှင့် ကနေဒါနိုင်ငံများသို့ IELTS (သို့) TOEFL စာမေးပွဲများဖြေဆိုရန် မလိုဘဲ တိုက်ရိုက်သွားရောက်တက်ရောက်
လိုသောကျောင်းသားများအတွက် Navitas English Test ကို စစ်ဆေးပေးသွားမည်ဖြစ်သည်။

ဝင်ခွင့်လျှောက်ထားလိုသော ကျောင်းသားများအနေဖြင့် ပညာရေးအထောက်အထားစာရွက်စာတမ်းများကို ယူဆောင်လာရ
မည်ဖြစ်ပြီး တစ်ဦးချင်းတွေ့ဆုံ ဆွေးနွေးအကြံပြုချက်များကို ရယူနိုင်မည်ဖြစ်သည်။

ပြပွဲတွင် အထူးအစီအစဉ်အနေဖြင့် British Council ၊ Myanmar WWW Institute ၊ Popular Bookstore ၊ Technoland
နှင့် Blue Mountain တို့မှလည်း လာရောက်လေ့လာသူများကို အထူးအစီအစဉ်များဖြင့် လာရောက်ပံ့ပိုးပေးမည်။

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက တရားဝင်အသိအမှတ်ပြု နိုင်ငံတကာ ပညာရေး အတိုင်ပင်ခံ ကုမ္ပဏီကြီး
ဖြစ်သည့် AT&S Co., Ltd. အဆောင် (၅) ၊ အခန်း(၄) ၊ မြန်မာအင်ဖိုတက်(ခ်) ၊ လှိုင်တက္ကသိုလ်နယ်မြေ ၊ ရန်ကုန်မြို့ ။
ဖုန်း - ၅၂၁၁၂၅ ၊ ၆၅၂၂၈၈ ၊ ၀၉-၅၀-၆၂၁၇၁ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ကျောင်းများမှ ပြသမည့် Presentation အချိန်များကို ပွဲရက်၌ ပြပွဲခန်းမ၏ ၀င်ပေါက်တွင် ဖော်ပြထားမည်။

nvt.ats@gmail.com သို့လည်း Seminars & Presentations Schedule ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

You can also read our news on http://www.planet.com.mm/news/read.cfm/id/15423

သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းများကိုလည်း သတင်းဖြန့်ချီပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

7/15/2010

ဦးအောင်သိန်း ခေါ် စာရေးဆရာကြီး နန်းညွန့်ဆွေ ကွယ်လွန်

ဦးဇာဂနာရဲ့ ဖခင် ကွယ်လွန်သွားတဲ့သတင်းလေးပါ…

ကချင်ပြည်နယ် မြစ်ကြီးနားထောင်တွင် ထောင်ဒဏ် ၃၅ နှစ် ကျနေသည့် နာမည်ကျော် ဟာသပညာရှင် ဇာဂနာ ခေါ် ဦးသူရ၏ ဖခင် ဦးအောင်သိန်း ခေါ် စာရေးဆရာကြီး နန်းညွန့်ဆွေသည် အသက် ၈၇ နှစ် အရွယ်တွင် သူနေထိုင်းရာ ရန်ကုန်တိုင်း ရန်ကင်းမြို့နေအိမ်၌ ကွယ်လွန်သွားပြီ ဖြစ်သည်။



7/12/2010

Converter အမျိုးမျိုးပြောင်းလဲခြင်း

http://www.coolutils.com/
Description: အွန်လိုင်းမှတဆင့်ဓါတ်ပုံ၊ သီချင်း၊ ဗီဒီယိုများကို format ပြောင်းလဲပေးနိုင်သည့် လူသုံးအများဆုံး Converter များစွာကို ထည့်သွင်းဖော်ပြထားပြီး နှစ်သက်ရာ Converter များကိုရွေးချယ် အသုံးပြုနိုင်ပါတယ်။ ဓါတ်ပုံ format ပြောင်းလဲပေးနိုင်သည့် Converter များ၊သီချင်း format ပြောင်းလဲပေးနိုင်သည့် Converter များ၊ ဗီဒီယို format ပြောင်းလဲပေးနိုင်သည့် Converter များ၊ HTML Converter များစသည်ဖြင့် Converter များစွာကိုရယူ အသုံးပြု နိုင်ပါတယ်။ အသုံးပြုလိုသည့် ဓါတ်ပုံတစ်ခုကို browser မှတစ်ဆင့် ထည့်လိုက်ပါ။ ဒုတိယအဆင့်အနေဖြင့် Set Convert Options တွင် ကူးပြောင်းလိုသည့် format ကို ရွေးချယ်ပေးလိုက်ပါ။ အလွယ် တကူ Convert ပြုလုပ် ကူးပြောင်း၍ download ပြုလုပ်ကာရယူနိုင်ပါ တယ်။ ဓါတ်ပုံ၊ သီချင်းများအား Convert ပြုလုပ်ရာတွင် ဖိုင်အ ရွယ်အစားကိုပါ ပြောင်းလဲပြင်ဆင်ပေးနိုင်သလို Slideshow ပြုလုပ်လို့လည်းရပါတယ်။ icon ပြုလုပ်နိုင်သည့် Tool များ ဓါတ်ပုံ Editing ပြုလုပ်နိုင် Tool များMultimedia Tool များအပြင်အခြား System Tool များစွာကို ထည့်သွင်းပေးထား အခြားထပ်မံ File Rename ပြုလုပ်နိုင်သည့် ဆော့ဖ်ဝဲများ Document Processing ဆော့ဖ်ဝဲ များ၊ PDF Format သို့ ပြောင်းလဲပေးနိုင်သည့် ဆော့ဖ်ဝဲများစသည့်ဖြင့် စုံလင်စွာ ထည့်သွင်းပါရှိပါသည်။

7/06/2010

လူ့ဘ၀ရခဲခြင်းနှင့်သံသရာရှည်လှပုံ

ဘုရားရှင်ကိုယ်တော်မြတ်ကြီးက လူ့ဘ၀ရခဲခြင်းကို ဒုလ္လဘတရားငါးပါးဖြင့်
ဆုံးမတော်မူခဲ့သည်။
(၁) ဘုရားနှင့်မီဖို့၊ ဘုရားရှင်၏သာသနာတော်အတွင်း ကျရောက်ဖို့ ခဲယဉ်းခြင်း၊
(၂) သူတော်ကောင်းတရားကိုကြားနာဖို့၊ ထောင်နိုင်သော နားရှိဖို့
လွန်စွာခဲယဉ်းခြင်း၊
(၃) လူသားအဖြစ်ရဖို့ ခဲယဉ်းခြင်း၊
(၄) ယုံကြည်ထိုက်သော တရားများကို ယုံဖို့ခဲယဉ်းခြင်း၊ မယုံကြည်ထိုက်သော
အမွေတွေကို ယုံဖို့ လွယ်ကူခြင်း၊
(၅) ရဟန်းအကျင့်ကိုကျင့်ဖို့ ခဲယဉ်းခြင်း။


ယနေ့ကြွရောက်လာသော မိဘဆွေမျိုးအားလုံးတို့သည် အင်မတန် ကံကောင်းလှသည့် လူသားများ
ဖြစ်သည်။ မြန်မာနိုင်ငံသည် ထေရ၀ါဒနိုင်ငံတို့၏ အထွဋ်အထိပ်ဖြစ်ပြီး အများစုမှာ
ဗုဒ္ဓသာသနာဝင် မိသားစုများမှ မွေးဖွားလာသည့်အပြင် ၀ိပဿနာတရားနှင့်လည်း
အလှမ်းမဝေးပေ။ ဉာဏ်ကြီးလှပြီး အာရုံခြောက်ပါး စလုံးလည်း ကောင်းမွန်သည့်
ပုဂ္ဂိုလ်များဖြစ်သည်။ ရခဲလှသည့် လူ့ဘ၀မှာ အခွင့်အရေးများ အပြည့်အ၀ ပိုင်ဆိုင်
ထားကြသည်။

လူ့ဘ၀တန်ဖိုးကိုသိရန် ဘုရားရှင်က နခသိခ (လက်သည်းခွံ) သုတ္တန်တွင်
ဟောကြားခဲ့သည်။ တစ်နေ့ တွင် ဘုရားရှင်က မြေမှုန့်တစ်ဆုပ် ကိုကျုံး၍
လက်သည်းခွံပေါ်မှာတင်ပြီး နောက်လိုက်ရဟန်းများကိုမေးသည်။ "ငါ၏လက်သည်းခွံပေါ်က
မြေမှုန့်နှင့် ဤမဟာပထ၀ီမြေကြီး (ကမ္ဘာကြီး)မှ မြေမှုန့်၊ မည်သည့်မြေမှုန့်က
များသနည်း" လို့ မေးသည့်အခါ နောက်လိုက်ရဟန်းများက "တုနှိုင်းလို့မရပါဘုရား"လို့
ဖြေကြသည်။ ဘုရားရှင်က မိန့်ကြားသည်မှာ "အသင်တို့တွေ့သော
ငါ၏လက်သည်းခွံပေါ်တွင်ရှိသည့် မြေမှုန့်မျှလောက်သာလျှင် လူ၊ နတ်၊
ဗြဟ္မာတို့အားလုံး စုတေ၊ ကွယ်လွန်သွားလျှင် လူ၊ နတ်၊ ဗြဟ္မာပြန်ဖြစ်သည်။ ကျန်သည့်
ဤမဟာပထ၀ီ မြေကြီး အပြည့်ရှိသော မြေမှုန့်အားလုံးလောက်က အပါယ်သို့ကျကြသည်"ဟု
ဆုံးမတော်မူခဲ့သည်။ ၀ိပဿနာ မလုပ်သေးသည့်ပုဂ္ဂိုလ်မှန်သမျှ အပါယ်ဆင်းမှာ
သေချာလှသည်။

အပါယ်ကျလျှင် သုဂတိဘုံ ပြန်ရောက်ဖို့ ခက်ခဲကြောင်းကို ကာဏကစ္ဆပသုတ္တန်
(လိပ်ကန်းသုတ္တန်) တွင် ဆုံးမတော်မူခဲ့သည်။ အပြောကျယ်သည့် သမုဒ္ဒရာ၏
ကြမ်းခင်းပေါ်မှာ မျက်လုံးကန်းနေသည့် လိပ်ကြီး တစ်ကောင် သွားချင်ရာသွားနေပြီး
သမုဒ္ဒရာရေမျက်နှာပြင်ပေါ်မှာလည်း လှည်းထမ်းပိုးတုံး တစ်တုံး မျောချင်ရာ
မျောနေသည်။ ၎င်းထမ်းပိုးတုံးတွင် အပေါက်ကလေး တစ်ပေါက်ပါသည်။ ထိုအပေါက်မှာ
လိပ်ကန်း၏ ဦးခေါင်းနှင့် စွပ်ရုံလောက် သာရှိသည်။ ထိုလိပ်ကန်းမှာ
နှစ်တစ်ရာကြာမှ ရေမျက်နှာပြင်ပေါ် တစ်ကြိမ်ပေါ်သည်။ ဘုရားရှင်က
နောက်လိုက်ရဟန်းများကိုမေးသည်။"သွားချင်သလို သွားနေသည့်
လိပ်ကန်း၏ဦးခေါင်းနှင့် မျောချင် သလိုမျောနေသည့် လှည်းထမ်းပိုးတုံး၏
အပေါက်တို့စွပ်သွားရန် လွယ်ပါ့မလား" လို့မေးသည့်အခါ
"မည်သို့မျှမဖြစ်နိုင်ပါဘုရား"ဟု နောက်လိုက်ရဟန်းများက ဖြေသည်။

လိပ်ကန်းနောက်မှာ လှည်းထမ်းပိုးတုံးကြီးကို လူကိုယ်တိုင်လိုက်စွပ်လျှင်တောင်
ဖြစ်နိုင်ချေမရှိပေ။ ဘုရားရှင်က ဆုံးမတော်မူခဲ့သည်မှာ "လိပ်ကန်းကလည်း
ကမ္ဘာတည်သရွေ့ အသက်ရှည်ပြီး ထမ်းပိုးတုံးကလည်း မဆွေးဘဲဆက်လက် တည်ရှိနေခဲ့လျှင်
ကံကောင်းထောက်မလွန်းစွာဖြင့် စွပ်ချင်လျှင် စွပ်သွားလိမ့်မယ်၊ အပါယ်သို့
ကျပြီးသော လူ၊ နတ်၊ ဗြဟ္မာအားလုံး လူ၊ နတ်၊ ဗြဟ္မာပြန်ဖြစ်ဖို့ရာ
အဆပေါင်းရာထောင်မက ခဲယဉ်းလှပေသည်" ဟု ဆုံးမ တော်မူခဲ့သည်။

ဘုရားရှင်က ရှည်လျားလွန်းလှသည့် သံသရာကြီးအကြောင်းကိုလည်း
ဟောကြားတော်မူခဲ့ပါသည်။ သံသရာသည် ကမ္ဘာပေါင်း မြောက်မြားစွာ ကြာမြင့် လှပေသည်။
တစ်ကမ္ဘာတွင် မြောက်မြားစွာ ကြာမြင့်လှပေသည်။ တစ်ကမ္ဘာတွင် ကပ်ကြီးလေးကပ်ရှိသည်။
အာယုကပ်၊ အန္တရကပ်၊ အသင်္ချေယျကပ်၊ မဟာကပ် တို့ဖြစ်သည်။ မရေမတွက်နိုင်အောင်သော
ရှည်လျားလှသည့် သက်တမ်းကစပြီး အနှစ်တစ်ရာကြာတိုင်း တစ်နှစ်
လျော့လာခြင်းဖြစ်ရာမှ ဂေါတမဘုရားရှင် ပွင့်တော်မူချိန်မှာ အနှစ်တစ်ရာ
နေနိုင်သောသက်တမ်းဖြစ်သည်။ အနှစ်တစ်ရာကြာတိုင်း တစ်နှစ်လျော့လာ၍
ဘုရားပရိနိဗ္ဗာန်စံပြီး သာသနာသက္ကရာဇ်(၂၅၄၉)နှစ်ကျော်ရှိ လာသော ယခုခေတ်
သက်တမ်းသည် "ခုနှစ်ဆယ်လေးနှစ် ကျော်ကျော်" ဖြစ်သည်။ အနိမ့်ဆုံးမှာ ဆယ်နှစ်တန်း
မှာဆုံးသည်။ ထိုသို့ ကျဆင်းလာခြင်းကို "ဆုတ်ကပ်"ဟုခေါ်သည်။ သက်တမ်း
ဆုတ်လာခြင်းဖြစ်ပြီး သာသနာ ဆုတ်လာခြင်း မဟုတ်ပေ။ ယနေ့ခေတ် လူအများမှာ
သာသနာဆုတ်သည်ဟု မှားယွင်းစွာပြောဆိုနေကြသည်။ ယနေ့ခေတ်သည် ၀ိမုတ္တိခေတ်
သာသနာနှစ်(၂၅၀၀)ကျော်လျှင် အနတ္တသာသနာတစ်ပတ်ပြန်လည်လာသည့် "ကာလ၀ိမုတ္တိယုဂ
ခေတ်ကြီး" ဖြစ်သည်။
သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်များ လက်ညိုးထိုးမလွဲ၊ ရဟန္တာကြီးများ
တဗြောင်းဗြောင်းပွင့်ရမည့် ခေတ်ဖြစ်သည်။ (၄၉)နှစ်ပင် ကျော်လာပြီးဖြစ် သည်။
ထေရ၀ါဒ ဗုဒ္ဓသာသနာဝင်များ၏ နှုတ်ဖျားမှာ "သာသနာ ဆုတ်ကပ်"လို့ မပြောသင့်ပေ။
လူ့သက်တမ်း ဆယ်နှစ်အထိ ဆုတ်ပြီးသောအခါ အနှစ်တစ်ရာကြာတိုင်း နှစ်ဆ ပြန်တက်သည်။
မရေတွက်နိုင်သည့် သက်တမ်းအထိ ပြန်တက်လာခြင်းကို "တက်ကပ်"ဟုခေါ်သည်။ ထိုသို့
ဆုတ်လာ သည့်ကပ်နှင့် တက်လာသည့်ကပ်ကို "အာယုကပ်"ဟုခေါ်သည်။ အာယုကပ်၏
အတက်နှင့်အဆင်း တစ်ကြိမ်ကို အန္တရကပ်ဟုခေါ်သည်။ အန္တရကပ်ပေါင်း (၆၄)ကြိမ်ကို
"အသင်္ချေယျကပ်"ဟုခေါ်သည်။ အသင်္ချေရကပ် လေးကပ်၊ လေးကြိမ်ပေါင်းထားခြင်းကို
မဟာကပ်(တစ်ကမ္ဘာ)ဟု ခေါ်ပါသည်။ အသင်္ချေယျကပ် လေးကပ်မှာ -
(၁) သံဝဋ္ဋကပ်(ကမ္ဘာပျက်ဆဲကာလ)
(၂) သံဝဋ္ဋဌာယီကပ် (ပျက်ပြီးတည်နေဆဲကာလ)
(၃) ၀ိဝဋ္ဋကပ် (ကမ္ဘာပြန်လည်ဖြစ်လာဆဲကာလ)
(၄) ၀ိဝဋ္ဋဌာယီကပ် (ကမ္ဘာဖြစ်လာပြီးတည်နေဆဲကာလ)
အသင်္ချေယျကပ်လေးကပ်ကို တစ်ကမ္ဘာ (မဟာကပ်တစ်ခု)ဟုခေါ်သည်။ ထို့ကြောင့် တစ်ကမ္ဘာတွင်
ရေတွက်၍ မရနိုင်အောင် ကြာမြင့်လှပါသည်။ အပါယ်သို့ရောက် သွားလျှင် သုဂတိဘုံ
ပြန်ရောက်ရန် ကြာမြင့်လှ ပါသည်။ ထို့ကြောင့် လူ့ဘ၀ရခဲခြင်းနှင့်
သံသရာရှည်လှပုံကို နားလည်သဘောပေါက် ပြီး အခွင့်အရေးရှိတုန်း "၀ိပဿနာ ဘာဝနာ"ကို
အားထုတ်သင့်ပေသည်။

source: theravada-3p.org