11/29/2008

လနဲ့ ကြာသပတေးဂြိုဟ် စုံတွဲခုတ်တဲ့ နိုဝင်ဘာညကောင်းကင်


၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့က ကမ္ဘာ့အနောက်ခြမ်းရဲ့ ညချမ်းကောင်းကင်မှာ ဆန်းစသော်တာ ငွေလှေ လခြမ်းနဲ့ တောက်ပ စူးလင်းနေတဲ့ ကြာသပတေးဂြိုဟ်စုံတွဲကို မြင်တွေ့ခွင့်ရခဲ့ပါတယ်။ ဆည်းဆာအလွန်ကာလမှာ နေမင်းကြီး ကွယ်တဲ့နေရာမှာ အနီးတစ်ဝိုက်မှာ တွေ့ရှိရခြင်းဖြစ်ပါတယ်။
    အမေရိကန်နဲ့ ဥရောပကဲ့သို့သော မြောက်အလယ်ပိုင်း လတ္တီတွဒ်ဒေသတွေမှာ လူတွေဟာ ငွေလှေ လခြမ်းနဲ့ ကြာသပတေးဂြိုဟ်တို့ကို အထင်အရှားတွေ့မြင်ခဲ့ရပါတယ်။ လအနီးမှာ နေတစ်ဆူပမာ တောက်ပနေတဲ့ ကြာသပတေးဂြိုဟ်ကြီးကို ကမ္ဘာ့အနှံ့အပြားမှ တွေ့မြင်နိုင်ပါတယ်။ ကမ္ဘာမှ အတောက်ပဆုံး တွေ့မြင်တဲ့ သောကြာဂြိုဟ်ကို ကြာသပတေးဂြိုဟ်နဲ့ မှားယွင်းဖွယ် မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကြာသပတေးဂြိုဟ်က နေမင်းကြီးမှလွဲရင် အတောက်ပဆုံးဖြစ်နေပြီး လနဲ့လည်း နီးကပ်စွာ တည်ရှိနေတာကြောင့်ပါပဲ။ နိုဝင်ဘာလအတွင်းမှာ သောကြာဂြိုဟ်က အထက်တက်ပြီး ကြာသပတေးဂြိုဟ်အနီးသို့ ချဉ်းကပ်လာတာကို တွေ့ရမယ်။
       ကမ္ဘာပေါ်ရှိ ဒေသအလိုက် နိုဝင်ဘာလ ၃၀ ရက်နေ့ သို့မဟုတ် ဒီဇင်ဘာ ၁ ရက်နေ့ ဆည်းဆာအလွန်မှာ သောကြာဂြိုဟ်နဲ့ ကြာသပတေးဂြိုဟ်တို့ နက္ခတ်ချင်း ယှဉ်တွဲနေပုံကို တွေ့ရှိရလိမ့်မယ်။ ဒါကြောင့် နိုဝင်ဘာလအတွင်းမှာ သောကြာဂြိုဟ်နဲ့ ကြာသပတေးဂြိုဟ်တို့ကို ရှာဖွေလေ့လာကြည့်သင့်တယ်။ နေနဲ့ ဒုတိယအနီးဆုံး ပတ်လမ်းကြောင်းက ဂြိုဟ်မှာ သောကြာဂြိုဟ်က ကြာသပတေးဂြိုဟ်ထက် ရွေ့လျားမှုပိုပြီး လျင်မြန်တယ်။ သောကြာဂြိုဟ်ရဲ့ ရွေ့လျားမှုနှုန်းက တစ်စက္ကန့်ကို ၂၁ မိုင်ဖြစ်ပြီး ကြာသပတေးဂြိုဟ်ကတော့ တစ်စက္ကန့်ကို ၈ မိုင်နှုန်းနဲ့ ရွေ့လျားပြီး နေမင်းကြီးကို လှည့်ပတ်နေကြမှာ ဖြစ်ပါတယ်။

ဒါဆိုရင် ကောင်းကင်ကို မော့ကြည့်ပြီး အရမ်းတောက်ပနေတဲ့ ကြယ်မောင်နှံလို့တောင် ပြောလို့ရနေပြီပေါ့။ ကြည့်ဖြစ်အောင် ကြည့်လိုက်ဦးနော်။ ခဏတာ စိတ်ချမ်းသာမှုတော့ ရလိမ့်မယ်ထင်မိပါတယ်။

ကျွန်မ ဖတ်ခဲ့မိတဲ့ သိပ္ပံနှင့် နည်းပညာဂျာနယ်စာအုပ်ထဲက ပြန်လည် တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။
အားလုံး ပျော်ရွှင်နိုင်ကြပါစေ...

11/26/2008

”Ten Things I Hate About Myself”

မောင်လေး ဟန်သစ်ငြိမ်ရဲ့ ဖိတ်ခေါ်ချက်အရ...
ဘာလဲတော့ မသိဘူးပေါ့...
"Ten Things I Hate About Myself"

၁။ လူကဲခတ် ညံ့ဖျင်းခြင်း
၂။ လုပ်ချင်တာ သိများနေခြင်း
၃။ လူတိုင်းကို ယုံကြည်စိတ်ရှိခြင်း
၎။ တစ်ယောက်ထဲ အလုပ်များနေခြင်း
၅။ သူတစ်ပါးကို အမြဲကူညီတတ်ခြင်း
၆။ လုပ်ချင်ရာကို မဖြစ်မနေ လုပ်တတ်ခြင်း
၇။ အပေါင်းအသင်း အရမ်းပဲ သံယောဇဉ်ကြီးခြင်း
၈။ သူတပါးမကျေနပ်လည်း မှန်ရာကို ပြောတတ်ခြင်း
၉။ မိမိ သိနေတာကို ပြန်လည်ဖောက်သည်ချတတ်ခြင်း
၁၀။ လူအများ၏ ဂရုတစိုက် အသိအမှတ်ပြုမှုကို လိုအပ်ခြင်း

ဤသို့ဖြင့်…
လူ များကို ယုံကြည်၊ အလုပ်များ ကူညီတတ်ပြီး သံယောဇဉ်ကြီးသူ မိမိ၊ အားလုံးရဲ့ အသိအမှတ်ပြုမှုကို မျှော်လင့်နေပါတယ်။

မောင်လေး ဟန်သစ်ငြိမ်ရေ... ရေးတတ်သလို စိတ်ထဲရှိတာ ချရေးလိုက်ပြီနော်။

အမလည်း ပြန်တက်ဂ်လိုက်မယ် ကဲ ဘယ့်နှယ့်လဲ
၁။ ဟိန်းညီ
၂။ အံ့မင်းညို
၃။ သီဟညိမ်း
၎။ သန့်ယဉ်ကို
၅။ အဲလာ
၆။ နွေဆူးလင်္ကာ
၇။ ဇောင်း
၈။ မသက်ဇင်

11/23/2008

ဘ၀ဆိုတာ...



> Life is an opportunity, benefit from it.
> ဘ၀ဆိုတာ အခွင့်အရေး... အကျိုးရှိအောင်လုပ်ပါ...
> Life is a beauty, admire it.
> ဘ၀ဆိုတာ အလှတရား... လေးစားပါ...
> Life is a dream, realize it.
> ဘ၀ဆိုတာ အိမ်မက်.... လက်တွေ့အကောင်အထည်ဖေါ်ပါ..
> Life is a challenge meet it.
> ဘ၀ဆိုတာ စိန်ခေါ်မှူ... ရင်ဆိုင်ပါ...
> Life is a duty, complete it.
> ဘ၀ဆိုတာ တာဝန်... ပြီးမြောက်အောင်လုပ်ပါ...
> Life is a game, play it.
> ဘ၀ဆိုတာ ကစားပွဲ... ကစားပါ...
> Life is a promise fulfill it.
> ဘ၀ဆိုတာ ဂတိ... ဖြည့်ဆည်းပါ...
> Life is sorrow, overcome it.
> ဘ၀ဆိုတာ ၀မ်းနည်းမှု... ကျော်လွှားပါ...
> Life is a song, sing it.
> ဘ၀ဆိုတာ သီချင်း... သီဆိုလိုက်ပါ....
> Life is a struggle, accept it.
> ဘ၀ဆိုတာ ရုန်းကန်မှု... လက်ခံပါ....
> Life is a tragedy confront it.
> ဘ၀ဆိုတာ အလွမ်းဇတ်လမ်း... ရင်ဆိုင်လိုက်ပါ...
> Life is an adventure, dare it.
> ဘ၀ဆိုတာ စွန့်စားခန်း... ရဲရင့်လိုက်ပါ...
> Life is luck, make it.
> ဘ၀ဆိုတာ ကံကောင်းမူ... ဖြစ်အောင်လုပ်ပါ...
> Life is life, fight for it.
> ဘ၀ဆိုတာ ဘ၀... ယှဉ်ပြိုင်တိုက်ခိုက်ပါ...



Web အကြောင်း တစေ့တစောင်း

၁၉၈၉ ခုနှစ် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ခပ်ငယ်ငယ် ရူပဗေဒဓာတ်ခွဲခန်းဌာန (CERN) တစ်ခုမှ Web ကို မွေးဖွားပေးလိုက်ပါတယ်။ ကွန်ရက်ကြီးတစ်ခုပေါ်တွင် document များကို သက်ဆိုင်ရာ ချိတ်ဆက်မှု Link များနှင့်အတူ 'hypertext' process ကို အသုံးပြုပြီး information management system တစ်ခုကို ကွန်ပျူတာသိပ္ပံပညာရှင်တစ်ဦးဖြစ်သူ Tim Berners-lee က ပထမဦးဆုံး ဆွေးနွေးတင်ပြခဲ့ပါတယ်။ သူနှင့်အတူ Robert Cailliau တို့သည် Web  ၏ မူလပုံကြမ်းကို အကောင်အထည်ဖော်ကာ တင်ပြပေးခဲ့ခြင်း ဖြစ်ပြီး အများ၏ လက်ခံဆောင်ရွက်မှုနှင့်အတူ ဖြစ်ပေါ်လာသော Web ၏ အစပိုင်း နှစ်အတော်ကြာအထိ Webpage များမှာ text ဖြစ်သာ ဖန်တီးခဲ့တယ်လို့ သိရပါတယ်။ ၁၉၉၂ ခုနှစ်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ရေတွက်မယ်ဆိုရင် Websever ၅၀ ခန့်ရှိခဲ့ပါတယ်။ Web ကြီးထွားမှု အရှိန်အ၀ါကိုလည်း ၁၉၉၂ ခှုစ်မှ စတင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ၁၉၉၂ ခုနှစ်မှာ ပထမဆုံး graphical browser (NCSA Mosaic) ကို စတင်မိတ်ဆက်လာခဲ့သောကြောင့် ဖြစ်ပါတယ်တဲ့။ ထိုအချိန်မှစပြီး သုတေသနလုပ်ငန်း အသိုင်းအ၀ိုင်းက ပြင်ပမှာရှိတဲ့ ထုထည်ကြီးမားတဲ့ ဆက်သွယ်မှုတွေ ရှိလာစေနိုင်သော mass media ကို ရောက်ရှိသွားတာကြောင့် ဖြစ်ပါတယ်။ Web ဖွံ့ဖြိုးတိုးတက်တဲ့ ကိစ္စအ၀၀ကို Massachusetts Institute of Technology (MIT) မှာရှိတဲ့ အပျော်တမ်း ဆောင်ရွက်သော အဖွဲ့အစည်းတစ်ခုမှ World Wide Web Consortium (W3C) အမည်နှင့် ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။ ပိုမိုကျယ်ပြန့်စွာ လေ့လာလိုပါက www.inria.fr/Actualites/ cailliau-fro.html ဒါမှမဟုတ် wdvl.com/internet/history သို့မဟုတ် www.w3c.org/history.html တို့မှာ ၀င်ရောက်လေ့လာနိုင်ပါကြောင်း.....

11/22/2008

မှာတမ်း


သူငယ်ချင်း
မင်းတို့ကိုသာ
စိတ်ချစွာ ငါ
မှာချင်ပါတယ်
ငါ သေသွားသော်
ငါ့အိမ်လေးမှာ
အများအကျိုးတွက်
ဆက်လက်လုပ်ဆောင်စေချင်တယ်
သန့်ရှင်းစွာဖြင့်
ငါ တည်ဆောက်ခဲ့
ဒီအိမ်လေးကို
အမြဲလာလည်စေချင်တယ်
ငါ့ကို မေ့ချင်မေ့သွားပစေ
တတ်နိုင်သရွေ့
ငါ့ရဲ့ မတောက်တခေါက်ပညာ
ချွေးနည်းစာနှင့်
စုကာဆောင်းကာ
ငါ ကြိုးစားခဲ့
ငါ့ရဲ့အရိပ်နဲ့
ထပ်တူညီတဲ့
ဒီအိမ်လေးကို
ဝိုင်းဝန်းစောင့်ရှောက်
ရှိစေချင်တယ်
ငါ့ရဲ့ အမှာစကား
ဖြစ်ပါတယ်သူငယ်ချင်း....

ဒီပိုစ့်လေးက ကျွန်မ တင်ပြီးသားပိုစ့်လေးပါ။ ကိုယ့်ဘာသာရေးပြီး အရမ်းသဘောကျခဲ့မိပါတယ်။ အားလုံးကိုလည်း ယုံကြည်တယ်လေ။ တစ်နေ့တစ်ချိန်ကျရင်.....

11/21/2008

အောင်မြင်မှု

တိုးတက်မှုမရှိဘဲ ချောင်ပိတ်မိနေတဲ့
အခြေအနေမျိုးကို ငါချည်းပဲ
ကြုံတွေ့နေရတာ မဟုတ်ကြောင်း သိထားစမ်းပါ....
စွန်တစ်ကောင်ဟာ လေဆန်ကို ပြန်ပြီး
အဆိုးဆုံး အခက်အခဲတွေ့ ရင်
လေဆန်တောင် ပြန်သွားသေးတာဘဲ
ငါလည်းဘဲ သူလို နေနိုင်အောင် ကျင့်ရမယ်လေ....

----------------------------------------

လူဆိုတာ
ဒုက္ခကို ခံနိုင်တဲ့ သတ္တ၀ါတစ်မျိုးပါ
သူများတွေ ခံစားရတဲ့ ဒုက္ခတွေနဲ့ယှဉ်ပြီး
ငါ့ဒုက္ခတွေဟာ သာမညလို့ မပြောနိုင်ဘူး
ဒါပေမဲ့....
သူများက ဘ၀ကို တွယ်တာပြီး
ဒုက္ခအပေါင်းကို ကျော်လွှားသွားခဲ့ကြတယ်
ငါလည်း ကျော်လွှားနိုင်ရမယ်


Invisible လုပ်ထားရင် ...



Google Talk ကို ယခုနောက်ပိုင်း ဂျီမေးလ်ကနေ သုံးလို့ရလာပါတယ်။ အဲ့ဒီလို သုံးတဲ့အခါမှာ Invisible ဆိုတဲ့ Function တစ်ခုပါလာပါတယ်။ ကိုယ့်ရဲ့ Status ကို Invisible လုပ်ထားရင် ကိုယ့်ကို ဂျီတော့မှာ သူများက offline အနေနဲ့ပဲတွေ့နေရမှာ ဖြစ်ပါတယ်။ ကိုယ်ကတော့ ဂျီမေးလ် ရဲ့ Google Talk ကလေးကနေပြီးတော့ သူများတွေကို online ဖြစ်နေလား offline ဖြစ်နေလား ဆိုတာကို တွေ့နေရပါတယ်။

အကယ်၍ သင်ကော ကိုယ့်ရဲ့ GTalk က လူတယောက်ကို offline အနေနဲ့ တွေ့နေရတယ်။ အဲဒီ့လူ တကယ် offline ဖြစ်မဖြစ်ကို သိချင်တယ်ဆိုပါတော့။ ဒါဆို စစ်တဲ့ နည်းလေးရှိပါတယ်။ offline အစစ်လား၊ offline အတုလား သိချင်ရင် ဒီလိုလေးလုပ်ပါ။

(၁) Google Talk မှာ ကိုယ်သိချင်တဲ့ offline ဖြစ်နေတဲ့ လူနဲ့ ပုံမှန်ချက်သလိုပဲ ဖွင့်လိုက်ပါ။
(၂) Send voicemail ရယ် Call ရယ် စတဲ့ ခလုပ်တွေဘေးနားက အောက်ဘက်ညွှန်ပြနေတဲ့ ခလုပ်ကိုနှိပ်လိုက်ပါ။ Go off the record ကို နှိပ်ပါ။
(၃) သူ့ကို ပုံမှန်ချက်သလို စာတခုခု ရိုက်ထဲ့ပြီး ချက်ကြည့်ပါ။ ဥပမာ… hello လို့ ရိုက်ပြီး ချက်ကြည့်ပါ။
(၄) blahblahblah@gmail.com is offline and can't receive messages right now. လို့ ပေါ်လာခဲ့ရင် သူတကယ် offline ဖြစ်နေတာပါ။ တကယ်လို့ ဘာမှ မပေါ်လာရင် သူ Invisible လုပ်ထားတာပါ။
(၅) စစ်ပြီးသွားရင် "Stop chatting off the record" ကို ပြန်နှိပ်ပေးပါ။ သို့မှသာ နောက်ပိုင်း သူနဲ့ ချက်ရင် Gmail မှာ သူနဲ့ နောက်ပိုင်း ချက်တာတွေကို Chat section မှာ ဂျီမေးလ်ကနေ ပြန်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

11/18/2008

မေတ္တာတရား

In this world
Hate never yet dispelled hate
Only love dispells hate.
This is the law,
Ancient and inexhaustible.
You too shall pass away.
Knowing this, how can you quarrel?

ဒီလောကတွင် အမုန်းတရားဖြင့်
အမုန်းတရားကို မငြိမ်းသတ်နိုင်...
မေတ္တာတရားကသာ အမုန်းတရားကို
ငြိမ်းသတ်နိုင်၏...
ဒီဥပဒေသသည် ယွင်းမှားမသွားနိုင်သော
ရှေးအစဉ်အဆက်တရားဖြစ်၏...
သင်ကိုယ်၌ပင် တစ်နေ့သေရအံ့မည်ကို
သိလျှင် မည်သည့်အတွက်ကြောင့်
ဖက်ပြိုင်ငြင်းခုန်၍ နေမည်နည်း....

11/16/2008

ခြင်နဲ့ ပုရွက်ဆိတ်

ခြင်
ဆင်ခြင်ဥာဏ်ကင်း
ညံ့ဖျင်းတဲ့လုံ့လနဲ့
ဝမ်းဝရုံရှာစား
ပစ္စုပ္ပန်မှာ နားနေတဲ့သတ္တ၀ါ
ပုရွက်ဆိတ်
ထူးခြားသွက်လက်
ထက်မြက်တဲ့ဆင်ခြင်ဥာဏ်
ရင့်သန်တဲ့လုံ့လနဲ့
မနိုင်ဝန်အားမာန်နဲ့ထမ်း
ဘ၀အတွက် စုဆောင်း
နောင်ရေးအတွက် မျှော်ကြည့်
အနာဂတ်ကို သိတဲ့သတ္တ၀ါ
လူ
ဘ၀ထဲကလူ
အူကြောင်ကြားနဲ့ လမ်းသွား
သွေးပျက်နေတဲ့ အယူအဆများနဲ့
ကမ္ဘာလောကကြီးထဲ လျှောက်သွား
အတ္တတရားကို ရှေ့တန်းတင်
ခြင်သတ္တ၀ါကို အားကျ
တစ်ဘ၀စာနဲ့ ကျေနပ်မှာလား....
ဒါမှမဟုတ်
ပုရွက်ဆိတ်ကို နည်းယူ
ကြည်ဖြူတဲ့စိတ်ထား
မြင့်မြတ်တဲ့ သဒ္ဓါတရားနဲ့
ကုသိုလ်တံတားတွေ တည်ဆောက်
သံသရာလမ်းကို လျှောက်မှာလား...
အဲဒါကို
သင် စဉ်းစား.....

11/15/2008

မိဘကျေးဇူး အကျေဆပ်နည်း



စိတ်ထားမတတ်သေးတဲ့ မိဘ စိတ်ထားတတ်အောင်
စိတ်ထားတတ်ပြီးသား မိဘ ပိုပြီး ပိုပြီး စိတ်ထားတတ်အောင်
လမ်းညွှန်ဖေးမပေးရင် မိဘကျေးဇူးကျေပါတယ်။

ကုသိုလ်မလုပ်သေးတဲ့ မိဘ ကုသိုလ်လုပ်အောင်
ကုသိုလ်လုပ်နေတဲ့ မိဘ ကုသိုလ် ပိုပြီး ပိုပြီး
တိုးလုပ်နိုင်အောင် ကူညီပံ့ပိုးပေးရင် မိဘကျေးဇူးကျေပါတယ်။

တရားမရှိသေးတဲ့မိဘ တရားရှိအောင်
တရားရှိပြီးသား မိဘ ပိုပြီး ပိုပြီး
တရားရှိအောင် စွမ်းဆောင်ဖြည့်ဆည်းပေးရင်
မိဘကျေးဇူးကျေပါတယ်။

ပိုပြီး ပြည့်ပြည့်စုံစုံသိချင်ရင် အရှင်ဆန္ဒာဓိကရဲ့ နို့နှစ်လုံးဖိုးကျေပါတယ် (၂၀၀၄ ခုနှစ်) ထုတ်
စာအုပ်ကို ဖတ်ကြည့်စေချင်ပါတယ်။

ပြီးတော့ သတင်းကောင်းပါးပါရစေ။ တရားခွေနားထောင်ချင်တဲ့ မိတ်ဆွေတွေအတွက်ပေါ့။
အခု ယမင်းအိမ်မှာ နားထောင်နေတဲ့တရားခွေတွေရှိပါတယ်။ ခုတစ်လော နားထောင်ဖြစ်တဲ့ တရားခွေ တွေကတော့ အရှင်ဒေါက်တာ ကောဝိဒ ဟောတဲ့ အမွေခံထိုက်သူ ဖြစ်ပါစေ နှင့် အမေအိုရဲ့ ဓမ္မအောင်လံဆိုတဲ့ တရားခွေဖြစ်ပါတယ်။ အမေအိုဟာ သားသမီး ၁၄ ယောက်ရဲ့ မိခင်ဖြစ်ပါတယ်။ သူဟာ သားသမီးတွေက မကျွေးနိုင်လို့ ဓမ္မရိပ်ကို ရောက်သွားပြီး ရဟန်းန္တာမ ဖြစ်သွားတဲ့အကြောင်းကို ဟောပါတယ်။ တော်တော်ကို
တရားရဖို့ ကောင်းပါတယ်။ မိတ်ဆွေတို့လည်း အားရင် နားထောင်ကြည့်စေချင်ပါတယ်။

11/14/2008

ဝဋ်ကြွေးရှိရင် ကျေပါစေ

သြော်....
ဘာလိုလိုနဲ့ လွတ်ကျသွားတဲ့ မြို့တော်နဲ့အတူ
ဘ၀နိဂုံး ပျောက်ဆုံးသွားတဲ့ မြို့စားကြီးတစ်ယောက်
ဘလောဂ့်ရပ်ဝန်းက ထွက်ခွာသွားခဲ့တာ
တစ်နှစ်ကျော်ခဲ့လေပြီ....
ခုတော့ ကံကြမ္မာရဲ့စေစားရာအတိုင်း
မြို့တော်ကြီးကို တကယ်ပဲ ကျောခိုင်းသွားခဲ့လေသလား...
ဘ၀ရဲ့အလှည့်အပြောင်းမှာ
ဖြစ်သမျှအကောင်း
ကြုံသမျှ ဘ၀၀ဋ်ကြွေးအဖြစ် သတ်မှတ်လိုက်ပါ မြို့စားကြီးရေ....
ခုတော့ ကြားရသူအပေါင်း
တုန်လှုပ်ချောက်ချားစေတဲ့
မြို့စားကြီးရဲ့ ဘ၀ရှေ့ရေးအတွက်
နှစ် ၂၀ ဆိုတဲ့ အချိန်အတိုင်းဟာ
ဘယ်ကာလထိများ တည်မြဲသွားမှာလဲ
လွှတ်ကျခဲ့တဲ့မြို့တော်ကို
ပြန်ကောက်ဖို့ကော ကြိုးစားနိုင်ခွင့်ရှိပါ့မလား
မတတ်သာ ဒီဘ၀မှာဖြင့်
ခပ်ခွာခွာ ဝေးတစ်နေရာက
လွတ်ကျခဲ့တဲ့ မြို့တော်ကြီးကို ပြန်လည်မွမ်းမံမယ့်အချိန်
အမြန်ပြန်ရောက်လာနိုင်ပါစေလို့
ဘလောဂ့်ရပ်ဝန်းတစ်ခုလုံးက
မျှော်လင့်ခြင်းများစွာနဲ့
စောင့်နေလျှက်ပါ.....


(လွတ်ကျခဲ့သော မြို့တော်ကြီးကို တည်ဆောက်ခဲ့တဲ့ မောင်လေး နေဘုန်းလတ်ရေ... နှစ် နှစ်ဆယ်ဆိုတဲ့အသံထက် နှစ်နှစ်ဆိုတဲ့အသံကို ပဲ နားထဲမှာ ပင့်တင်သံကြားယောင်နေမိတော့တယ်။ ၀ဋ်ကြွေးရှိရင် ကျေပါစေလို့ ရွှေမြန်မာမှ ဆုတောင်းနေပါတယ်။)

11/10/2008

တန်ဆောင်မုန်းလပြည့်နေ့

တန်ဆောင်မုန်းလသည် မြန်မာလများမှာ ရှစ်လမြောက်ဖြစ်ပြီး အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် ကျရောက်ပါတယ်။
    ဒီလမှာ ကထိန်အလှူပွဲတော်၊ မသိုးသင်္ကန်းရက်လှူပွဲ၊ ပံ့သကူပစ်ပွဲ၊ ကြာသင်္ကန်းကပ်လှူပွဲ၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ ရှင်မာလဲပွဲတော်တို့ကို ကျင်းပတဲ့ တန်ဆောင်မုန်းလဆိုလည်း မမှားပါဘူးရှင်။
    ကထိန်လို့ဆိုတဲ့နေရာမှာ သင်္ကန်းဖြတ်ခြင်း၊ ချုပ်ခြင်း၊ ဆိုးခြင်း၊ ခင်းခြင်း စတဲ့ ကထိန်မှုနှင့် စပ်ဆိုင်တဲ့အရာအားလုံးကို ခြုံငုံပြီး သုံးစွဲတဲ့ ဝေါဟာရတစ်မျိုးဖြစ်ပါတယ်။ ကထိန်သင်္ကန်းအလှူဟာ တစ်နှစ်မှာ တစ်လ၊ တစ်လမှာ တစ်ကြိမ်သာ အချိန်အခါနှင့် ပြုရသော ကာလဒါနဖြစ်ပါတယ်။ ကထိန်ပွဲတော်ကို ပုဂ္ဂလိက ကထိန်ပွဲ၊ ဘုံကထိန်ပွဲနှင့် ပစ္စည်းရှင်တစ်ဦးက မတည်ဦးစီးပြီး လူအများစုက ၀ိုင်းဝန်းကူညီလှူဒါန်းသော ကထိန်လို့ခေါ်ဆိုပြီး ကျင်းပလေ့ရှိကြပါတယ်။ မြန်မာများရဲ့ ချစ်စရာ ဓလေ့ အလှူဒါနပြုတဲ့ပွဲလို့ ပြောလို့ရတာပေါ့။ ဒီလို လှူဒါန်းခြင်းဟာ မြို့ရွာနယ်ပယ်ဒေသအသီးသီးမှာ ပြုလုပ်လေ့ရှိကြပါတယ်။ တန်ဆောင်တိုင်ဆိုရင် တောင်ကြီးမှာ မီးပုံပျံပွဲတော်လို့ ခေါ်တဲ့ အများပြည်သူငေးရလောက်အောင် မီးပုံပျံပွဲတော်ကို ခြိမ့်ခြိမ့်သဲ ကျင်းပကြပါတယ်။ ကျွန်မတော့ တစ်ခါမှ မရောက်ဖူးသေးဘူး။ တန်ဆောင်တိုင်ရောက်တိုင်း အရမ်းသွားချင်စိတ်တော့ ဖြစ်မိပါတယ်။ ဟော ကျောက်ဆည်မြို့ကျတော့ ဆင်ကပွဲတွေ ပြုလုပ်ကြပြန်ပါတယ်။ ကျွန်မတို့ မြန်မာတွေဟာ ဘယ်လောက် ကျက်သရေမင်္ဂလာရှိတဲ့ အလှူဒါနမျိုးတွေပြုလုပ်သလဲဆိုတာသာ ကြည့်ပါတော့။ အင်း ဒါနဲ့ သင်္ကန်းအကြောင်းဆက်ပါဦးမယ်။ သင်္ကန်းအပ်နှင်းမှု၊ ချုပ်ဆိုးမှုများ ညတွင်းချင်းပြီးစေပြီး အရုဏ်မတက်မီ လှူဒါန်းနိုင်သော သင်္ကန်းကို မသိုးသင်္ကန်းလို့ ခေါ်ပါတယ်။ ပံ့သကူပစ်ပွဲမှာ သင်္ကန်း စသည့် သံဃာ့အသုံးအဆောင်ပစ္စည်းများကို တိတ်တဆိတ် စွန့်ပစ်လှူဒါန်းခြင်းဖြစ်ပါတယ်။ ပိတ်သားတွေပေါ်မှာ ရွှေရောင်စက္ကူ၊ ရွှေဝါရောင် ဖဲကြာပွင့်ကြီးများ ထိုးထားတဲ့သင်္ကန်းများကိုလည်း ကြာသင်္ကန်းလို့ ခေါ်ပြန်ပါတယ်။ ရှေးအခါကတော့ ဘုရားရှင်ကို ကပ်လှူပြီး ယခုအခါ စေတီပုထိုးများနှင့် ဘုရားရုပ်တုများမှာ ရစ်ပတ်လှူဒါန်းကြပါတယ်။
    နောက်ပြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်သည် နက္ခတ်ပွဲသဘင် မီးထွန်းပွဲသာ ဖြစ်ပါတယ်။ ရှင်မာလဲပွဲဆိုတာကလည်း ရှင်မာလဲမထေရ်က တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း ဝေဿန္တရာဇာတ်တော်ကို ဟောကြားတာကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ပွဲလို့လည်း ဆိုစမှတ်ပြုကြပါတယ်။ နောက် ကျွန်မတို့ မသိတဲ့ ပွဲတော်တွေလည်း ရှိပါသေးတယ်။ မသိတာထက် မြို့တွေမှာ မလုပ်တာလည်း ပါတာပေါ့လေ။ အဲဒါက လှော်ကားပုံပြုပြီး လှော်ကားထက်တွင် အသီးတစ်ထောင်၊ အပွင့်တစ်ထောင်၊ ထမင်းဆုပ်တစ်ထောင်၊ ဆီမီးတစ်ထောင် တင်ပြီး လှူဒါန်းကြခြင်းကြောင့် လှော်ကားပွဲတော်၊ ထောင်ပြည့်ပွဲတော်လို့ ခေါ်ကြပါတယ်တဲ့။ အင်း အခုခေတ်မှာတော့ အဲဒီပွဲတွေက ကွယ်ပျောက်လုရှိနေပြီ ထင်မြင်မိပါတယ်။
    တန်ဆောင်မုန်းလပြည့်နေ့မှာ ဆေးပင်အပေါင်းတို့ကို စောင့်တဲ့နတ်တို့သည် မဲဇလီပင်စောင့်နတ်မင်းအား လာရောက်ခစားကြတယ်လို့ အစွဲပြုကာ မဲဇလီပင်သည် ဆေးပေါင်းခသည့်အပင်ဟု ယူဆကြပြီး အနာမျိုး ၉၆ ပါးကင်းရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့လေ တန်ဆောင်မုန်းလပြည့်နေ့တွေမှာ မဲဇလီဖူးသုတ်တို့ မဲဇလီဟင်းချိုတို့ စားတဲ့ဓလေ့ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ အဲ နောက်တစ်ရက်ကျတော့ သူခိုးကြီးများနေ့ဆိုပြီး ကျွန်မတို့ ငယ်တုန်းကတော့ သူများအိမ်ရှေ့က ပစ္စည်းတွေ ယူပြီး ကြည့်မရတဲ့အိမ်တွေရှေ့ကို သွားချကြပါတယ်။ ပျော်ဖို့လည်း ကောင်းတယ်ရှင့်။ အမှန်ပြောရရင် ကျွန်မတို့ မြန်မာတွေဟာ အပျော်ကော အလှူတွေကော ၁၂ လ ရာသီမှာ ၁၂ လလုံးရှိနေတာကို အံ့သြစွာ တွေ့ရှိရပါတယ်။ အင်း ဒါနဲ့ ဘာလိုလိုနဲ့ ဆောင်းတွင်းထဲကို ၀င်မှန်းမသိ ၀င်လာနေပြန်ပြီနော်။ ကဲ အားလုံးပဲ တန်ဆောင်မုန်းလမှာ အလှူဒါနများကို ကျွန်မနဲ့အတူ ဆင်နွှဲကြရအောင်နော်။

11/07/2008

ကောင်းသောစိတ်

မစင်ကြယ်သော အတွေးအကြံစိတ်ကို လိုက်သူသည်
ယခုဘ၀ရော နောက်ဘ၀ပါ နှစ်ဘ၀လုံး
ဆင်းရဲဒုတ်ခရောက်လိမ့်မည်။
ကိုယ်ပြုသည့် မကောင်းမှုကို မြင်သည်နှင့်အမျှ
ကြီးမားစွာ ဆင်းရဲပူပန်ရမည်သာ ဖြစ်၏။

whoever follows impure thoughts
suffers in this world and the next.
In both worlds he suffers
And how greatly
when he sees the wrong he has done.

11/03/2008

နှလုံးသွေးကြောကျဉ်းရောဂါ (Ischemic Heart Disease)




နှလုံးဟာ ခန္ဓာကိုယ် တစ်ခုလုံးသို့ သွေးလည်ပတ် စီးဆင်းရန်အတွက် လုပ်ဆောင်ပေးသော သွေးညှစ်စက်
(Blood Pump Machine) တစ်ခု ပဲဖြစ်ပါတယ်..တစ်ရက်လျှင် ပျမ်းမျှ အကြိမ် ၁၀၀,၀၀၀ ခန့် ခုန်ရပြီး သွေး
ထုထည် ဂါလံ ၂,၀၀၀ ခန့် ညှစ်ထုတ် ပေးနေရပါတယ်.. လူ့သက်တမ်း တစ်လျှောက်လုံး မရပ်မနား စည်း
ချက်မှန်မှန် ညှစ်ထုတ်ပေး နေရပြီး အသက် ၇၀ အရွယ်ရောက်ပါက နှလုံးခုန်ခြင်း အကြိမ်ပေါင်း ၂.၅ ဘီလီ
ယံ ကျော် ခုန်ပြီး ဖြစ်ပါတယ်.. ဒီလို အချိန်ပြည့် လုပ်ဆောင်နိုင်အောင် နှလုံးကြွက်သားအတွက် အောက်စီ
ဂျင်နဲ့ အာဟာရကို နှလုံးသွေးကြော (Coronary Arteries) များက ထောက်ပံ့ပေးနေရပါတယ်.. အကြောင်း
အမျိုးမျိုးကြောင့် နှလုံးသွေးကြောများဟာ ကျဉ်းမြောင်းလာပြီး နှလုံးကြွက်သားအတွက် အောက်စီဂျင်နဲ့ အာ
ဟာရကို လုံလောက်စွာ မထောက်ပံ့နိုင်တော့တဲ့အခါ နှလုံးသွေးကြောကျဉ်း လက္ခဏာများ ပေါ်ပေါက်လာပါ
တယ်.. အမေရိကန်နိုင်ငံတွင် လူဦးရေ ၃သန်းမှ ၄သန်းခန့်ထိ ဘာလက္ခဏာမှမပြပဲ နှလုံးသွေးကြောကျဉ်း
ရောဂါ ဖြစ်ပေါ်နေပါတယ်..


နှလုံးသွေးကြော ကျဉ်းစေသော အဓိက အချက်(၃)ချက်မှာ

  1. သွေးတိုးရောဂါ (Hypertension)
  2. သွေးတွင်း ကိုလက်စထရော များခြင်း (Hypercholesterolaemia)
  3. ဆေးလိပ်သောက်ခြင်း (Smoking)
တို့ဖြစ်ပါတယ်...

နှလုံးသွေးကြော ကျဉ်းစေသော အခြား အကြောင်းများကတော့
  • ဆီးချိုသွေးချိုရောဂါ (Diabetes)
  • စိတ်ဖိစီးမှုများခြင်း (Stress)
  • အဝလွန်ခြင်း (Overweight)
  • လှုပ်ရှားမှုနည်းသော ထိုင်၍ အလုပ်လုပ်ကိုင်ရခြင်း (Sedentary Lifestyle)
တို့ဖြစ်ပါတယ်..

အထက်ပါ အကြောင်းများကြောင့် သွေးကြောရဲ့ အတွင်းနံရံဟာ အနည်ကျ စုပုံ ထူအမ်းလာပြီး (Athero-
sclerosis) ကျဉ်းမြောင်းလာပါတယ်.. အနည်ကျ စုပုံတဲ့ အထဲတွင် ကိုလက်စထရော (Cholesterol)၊ ကယ်
လ်စီယမ် (Calcium)၊ ဆဲလ်သေ အစအနများ (Cellular debris)၊ သွေးမွှားဥများ (Platelets) များ ပါဝင်ပါ
တယ်.. ၎င်း အနည်ကျစုပုံခဲသည် သွေးကြောနံရံမှ ပြုတ်ထွက်ပြီး သွေးကြော တစ်နေရာတွင် ပိတ်မိတတ်ပါ
တယ် (Embolism).. နှလုံးသွေးကြောတွင် ပိတ်မိပါက နှလုံးပုပ်ခြင်း (Myocardial Infarct)၊ ဦးနှောက်သွေး
ကြော ပိတ်မိပါက လေဖြတ်ခြင်း (Stroke)၊ ခြေလက်ရှိ သွေးကြောများ ပိတ်မိပါက နာကျင်ခြင်း၊ အသားပုပ်
ခြင်း (Gangrene) တို့ ဖြစ်တတ်ပါတယ်..


နှလုံးသွေးကြောကျဉ်း ရောဂါလက္ခဏာများမှာ (Angina Pectoris)
  • ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ် အလယ်တွင် တင်းကျပ်စွာ ခံစားရခြင်း၊ လေးလံနေခြင်း၊ ရင်ပူခြင်း
    • ရင်ဘတ်အောင့်ခြင်းသည် ရံဖန်ရံခါ ဘယ်ဘက်ပုခုံးနှင့် ဘယ်ဘက်လက်မောင်းသို့၎င်း၊ လည်ပင်း နှင့် မေးစေ့တစ်ဝိုက် သို့၎င်း ပြန်နှံ့နာကျင် တတ်ပါတယ်.. ရင်ဘတ်အောင့်ခြင်းသည် ရုတ်တရက် ပြေးလွှားခြင်း၊ အားစိုက်အလုပ် လုပ်ရခြင်းကြောင့် ဖြစ်ပေါ်တတ်ပြီး အများအားဖြင့် စက္ကန့်(၃၀)မှ (၅)မိနစ်ထိ ကြာတတ်ပါတယ်.. အနားယူပါက သက်သာလာပါတယ်..
  • အသက်ရှူမြန်ခြင်း၊ အသက်ရှူကြပ်သကဲ့သို့ ခံစားရခြင်း၊ မူးဝေလာခြင်း၊
  • ပျို့အန်ခြင်း၊
  • အလွန်အမင်း ချွေးထွက်လာခြင်း၊
  • အနားယူသော်လည်း ရင်ဘတ်အောင့်ခြင်း မသက်သာပါက နှလုံးသွေးကြောပိတ်ခြင်း (Heart Attack) ဖြစ်နိုင်သဖြင့် သတိထားရန် လိုအပ်ပါတယ်..

ရောဂါစမ်းသပ်စစ်ဆေးချက်များ
  • Exercise Electrocardiogram (ECG) ရိုက်ခြင်း၊
  • Cardiac Catheterization
    • Tube အသေးစား တစ်မျိုးအား ခြေထောက် (သို့) လက်မောင်း သွေးကြောမှတစ်ဆင့် နှလုံးသွေးကြောသို့ ရောက်အောင်လုပ်ပြီး Special dye တစ်မျိုးအား ထုတ်လွှတ်၍ ဓါတ်မှန်ရိုက်ကြည့်ခြင်းဖြင့် သွေးကြောကျဉ်းတဲ့နေရာ သိနိုင်ပါတယ်..
  • ရင်ဘတ်ဓါတ်မှန် (Chest X-ray) ရိုက်ခြင်းဖြင့် နှလုံးအခြေအနေကို ကြည့်ခြင်း၊
  • သွေးတွင်း ကိုလက်စထရော စစ်ဆေးခြင်း၊ ဆီးချိုသွေးချို စစ်ဆေးခြင်း၊
တို့ ပြုလုပ်ရန် လိုအပ်ပါတယ်..

လိုက်နာရမည့်အချက်များ
  • တိရိစ္ဆာန်အဆီများ၊ နီသောအသား၊ ကြက်ဥ၊ မလိုင်ပါ နွားနို့နှင့် နို့ထွက်ပစ္စည်းများ အစရှိသည့် ကိုလက်စထရော ကြွယ်ဝသော အစားအစာများကို ရှောင်၍ ဟင်းသီးဟင်းရွက် အသီးအနှံများ၊ မလိုင်ထုတ်ထားသော နွားနို့၊ ငါး၊ ကြက်ဘဲအသားများ၊ ဂျုံ ပြောင်း လူး ဆပ် ကဲ့သို့အနှံများ စားသုံးပါ..
  • ဆေးလိပ်သောက်ခြင်းသည် နှလုံးသွေးကြောတွင်း အောက်စီဂျင် ပို့ဆောင်မှုကို အဟန့်အတား ဖြစ်စေသဖြင့် လုံးဝရှောင်ကြဉ်ရန်..
  • သင့်တင့်သော ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်ရန်..
  • သွေးတိုးနှင့် ဆီးချိုသွေးချို ရောဂါ ရှိပါက ရောဂါအတွက် ညွှန်ကြားထား သည်များကို လိုက်နာရန်..
  • စိတ်ဖိစီးမှုများကို ရှောင်ကြဉ်ရန်..

ဆေးဝါးကုသမှု
ဆေးဝါများကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း လိုက်နာသောက်သုံးရပါမယ်..
  • Nitrates (Nitroglycerin..), Betablockers (propranolol, metoprolol...), Calcium channel blockers (Amlodipine, diltiazem...) စသည့် နှလုံးသွေးကြောကျယ်စေရန်နှင့် နှလုံးခုန်နှုန်း၊အောက်စီဂျင် လိုအပ်မှုကို ထိန်းချုပ်ပေးသောဆေးများ ။
  • သွေးခဲခြင်းကိုတားဆီးပေးသောဆေးများ ie. Aspirin (Aspilet),.....။
  • သွေးတွင်းကိုလက်စထရော များနေပါက ကျစေသောဆေးများ ie. Statins (Atorvastatin, Simvastatin,....)။
  • ခွဲစိတ်ကုသမှုအနေဖြင့်-နှလုံးသွေးကြောလမ်းလွှဲတည်ဆောက်ခြင်း (Coronary Bypass) နှလုံးသွေးကြောချဲ့ခြင်း (Angioplasty) စသည့် ခွဲစိတ်နည်းများဖြင့်လည်း နှလုံးသွေးကြောကျဉ်းရောဂါကို ကုသနိုင်ကြောင်း ရေးသားဖော်ပြလိုက်ပါတယ်..။

ကျွန်မမှာ နှလုံးသွေးကြောကျဉ်းတဲ့ရောဂါဖြစ်နေပြီလို့ အီးစီဂျီရိုက်ပြီး ဆရာဝန်ပြောလာခဲ့တော့ တော်တော်စိတ်ညစ်သွားတယ်။ ခုတောင် ဒီရောဂါအကြောင်းကို သေချာသိချင်လို့ အကိုဝင်းသိန်းကို အကူအညီတောင်းလိုက်တာ။ သူက သူ့ဆိုက်ဒ်မှာ တင်ပေးလို့ ပြန်လည် တင်ပြလိုက်တာပါ။ ဆေးကတော့ သွေးကျဲဆေးကို မသောက်ချင်ဘူး။ အရမ်းချိုတယ်။ စိတ်ညစ်လိုက်တာ အရမ်းပဲ။ ခုတော့ ဆေးက မသောက်ချင်လည်းသောက် သောက်ချင်လည်းသောက်ပေါ့။ ကျွန်မလို ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်နိုင်အောင် ပြန်လည် တင်ပြပေးချင်းဖြစ်ပါတယ်။ အကိုဝင်းသိန်းကိုလည်း ညီမလေး ကျေးဇူးအထူးတင်ပါတယ်နော်။ ညီမလေး အီးစီဂျီကိုလည်း စကမ်ဖတ်ပြီး အကို့ဆီ ပို့ပေးပါမယ်။