9/24/2008

ဘလော့ဂ်တွေ ဘယ်လောက် အရေးပါလာမလဲ

အခုတစ်လော blog တွေ၊ wiki တွေ အပြင် ကိုယ်ပိုင်ဒိုမိန်းတွေနဲ့ အုပ်စုတွေ၊ website တွေ တိုးတက်များပြားလာတာကို အချိန်တိုအတွင်းမှာ တွေ့ရှိလာရပါပြီ။ ဒါတွေကို ကြည့်ခြင်းအားဖြင့် လူငယ်လူရွယ်တွေ အချိန်ကို အလဟဿ မကုန်ဆုံးဆောင် အသုံးချတတ်လာကြပြီလို့ မှန်းဆလို့ ရပါတယ်။ ဒါဟာ ဖြစ်လည်း ဖြစ်သင့်ပါတယ်။ တိုးတက်နေတဲ့ ခေတ်အခြေအနေမှာ နည်းပညာတွေ တစ်နေ့ထက် တစ်နေ့ အသစ်အသစ်တွေ ပေါ်ထွက်လာနေချိန်မှာ ကျွန်မတို့တစ်တွေဟာ ခေတ်နောက် ပြတ်ကျန်လို့မရပါဘူး။ မီဒီယာစတိုင်သစ်တွေနဲ့အတူ တတ်နိုင်သရွေ့ ရှေ့ကို အရောက်လှမ်းနိုင်ဖို့ ကြိုးစားကြရမှာပါပဲ။ နောက်ပိုင်း blog တွေ များပြားလာတာနဲ့အမျှ အများရဲ့အမြင်မှာ ကွဲပြားခြားနားစွာ မြင်တတ်ဖို့လည်း လိုအပ်တယ်လို့ ထင်မြင်မိပါတယ်။
blog တွေဟာ လမ်းကြောင်းတစ်ခုတည်းအတွက် ရည်ရွယ်တာ မဟုတ်ပါဘူးဆိုတာပါပဲ။ ကိုယ်ပိုင် ခံစားချက်၊ ကိုယ်ပိုင်တွေ့ရှိချက်၊ ကိုယ်ပိုင်စွမ်းဆောင်ချက်တွေနဲ့အတူ အနုပညာတွေ၊ နည်းပညာ ဗဟုသုတတွေ၊ စီးပွားရေး၊ ပညာရေး အားလုံး အားလုံး လက်လှမ်းမီသလောက် ၀ါသနာအရင်းခံပြီး ဖြန့်ဝေနေကြတာဟာ အလွန်တရာ ၀မ်းသာမိပါတယ်။ ယာဉ်စည်းကမ်းလမ်းစည်းကမ်းရှိသလို၊ လူမှာလည်း လူ့စည်းကမ်းရှိသလို ဘလောဂ့်တွေမှာလည်း ဘလောဂ့်စည်းကမ်းဆိုတာ ရှိပါတယ်။ ဘလောဂ့်ဂါတစ်ယောက်ဟာ ကိုယ်ဖန်တီးတဲ့ အနုပညာအတွက် ကိုယ်ကိုယ်တိုင် တာဝန်ယူရပါတယ်။ မှန်ကန်တဲ့သတင်း၊ မှန်ကန်တဲ့လုပ်ဆောင်ချက်၊ မှန်ကန်တဲ့အကြောင်းအရာ ဒါတွေဟာ တိကျမှန်ကန်မှုရှိမှသာ ကိုယ့်ဘလောဂ့်မှာ တင်ပြကြခြင်း ဖြစ်ပါတယ်။ ငါသာစေ သူ နာစေဆိုတဲ့ စိတ်နဲ့ လုပ်ဆောင်ခြင်းမျိုးက ရေရှည်မှာ တည်မြဲမှု မရှိရုံမျှမက ဘလောဂ့်ဂါ အများကိုလည်း ယုံကြည်မှု ကင်းမဲ့စေတဲ့ လုပ်ဆောင်ချက်ဖြစ်တဲ့အတွက် ဘလောဂ့်ဂါတိုင်း နားလည်လက်ခံသဘောပေါက်ကြပါတယ်။ ကိုယ့်အမြင် သူ့အမြင် ဖလှယ်ခြင်းဟာလည်း ကောင်းတဲ့ လုပ်ဆောင်ချက်နဲ့ အောင်မြင်တိုးတက်မယ့် တက်လှမ်းတွေ ဖြစ်ပါတယ်။ ပြင်ပ ဘလောဂ့်ဂါများ နေရာအနှံ့အပြားမှာ များပြားနေတာကို တွေ့ရှိခြင်းအားဖြင့် ကိုယ့်နိုင်ငံသားတွေလည်း  ဒီလို မီဒီယာအသစ်တွေ အများအပြား တိုးတက်စေချင်တာ အမှန်ပါ။ ဘလောဂ့်ဂါအချင်းချင်း ရိုင်းပင်းကူညီပြီး ပြည်ပ မီဒီယာသမားတွေ ကိုယ့်ဝန်းကျင်းအတွင်း မ၀င်လာနိုင်အောင် အားလုံးကြိုးစားကြစေချင်ပါတယ်။ ပြည်ပနိုင်ငံသား ဘလောဂ့်တွေကို လေ့လာမိသလောက် ဘလောဂ့်ဂါတွေရဲ့ ၃၅ ရာခိုင်နှုန်းကသာ ဘလောဂ့်တင်ခြင်းကို ဂျာနယ်လစ်ဇင်ရဲ့ ပုံစံသစ်တစ်မျိုးအဖြစ် ရှုမြင်ကြပြီး ကျန် ၆၅ ရာခိုင်နှုန်းနီးပါးကတော့ ယင်းသို့ မယူဆပါဘူးလို့ ဆိုပါတယ်။ အဲ နောက်ပြီး မိမိတို့ဟာ တစ်ခါတစ်ရံမှာဖြစ်စေ၊ မကြာခဏဖြစ်စေ မိမိတို့သတင်းမှာ ဖော်ပြမယ့် အချက်အလက်တွေရဲ့ မှန်ကန်မှုနဲ့ပတ်သက်ပြီး စစ်ဆေးအတည်ပြုဖို့အတွက် အချိန်ပိုပေးပြီး လုပ်ကြတယ်လို့ ဆိုသူ အရေအတွက်ကတော့ ၅၆ ရာခိုင်နှုန်းမျှသာ ရှိပါတယ်။ ဒီတော့ ဘလောဂ့်ဆိုတာနဲ့ တစ်ခုထဲသော အကြောင်းအရာကို မမြင်စေချင်ပါဘူး။ ကိုယ့်ရေးသားချက်ကို ကိုယ်တာဝန်ယူရပါမယ်။ ဘလောဂ့်ဂါ တော်တော်များများ အင်း ပြောရရင်တော့ ၇၀ ရာခိုင်နှုန်းလောက်ဟာ သူတို့ရဲ့ သတင်းတွေကို အွန်လိုင်းတင်ရာမှာ သူတို့ရဲ့ အမည်ဝှက်ကိုသာ ဖော်ပြကြပါတယ်။
ဘလောဂ့်ဂါတွေဟာ သတင်းရေးရာမှာ သူတို့ရဲ့ အမည်မှန်ကို မဖော်ပြတဲ့အတွက် တကယ်လို့ သတင်းမှားတွေ ပေးခဲ့ရင်လည်း သူတို့ကို ခြေရာခံနိုင်မှာ မဟုတ်ပါဘူး။ ထိုအဖြစ်တွေကြောင့် တချို့ ဘလောဂ့်ဂါတွေ မှားယွင်းတဲ့ ကောလဟလသတင်းတွေကို ဖြန့်ဝေလာမိတဲ့အခါ ကျန်ဘလောဂ့်ဂါများကိုပါ ထိခိုက်နစ်နာစေမှု ဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် တစ်ဦးနဲ့တစ်ဦး အထင်မှား အမြင်မှားမှုတွေလည်း ဖြစ်လာနိုင်စရာ ရှိလာပါမယ်။ ဘာပဲပြောပြော နည်းပညာတွေ တိုးတက်ပြန့်ပွားလာတာနဲ့အမျှ လူကြီး လူငယ် လူရွယ်တွေအားလုံး နည်းပညာ ဗဟုသုတအမြင်တွေ နေရာတိုင်းမှာ ရရှိလာနိုင်မယ်ဆိုရင်၊ နားလည်မှုတွေ မှန်ကန်လာနိုင်မယ်ဆိုရင် ဘလောဂ့်တွေ ဘယ်လောက်အရေးပါလာမလဲ။ နိုင်ငံတစ်နိုင်ငံလုံးရဲ့ စီးပွားရေး အစိတ်အပိုင်းတစ်ခုအဖြစ် ဖြစ်မလာနိုင်ဘူးလို့ ပြောလို့ မရတော့ပါဘူး။ ဘလောဂ့်တွေဟာ ကျွန်မတို့နိုင်ငံသားတွေရဲ့ အခြေခံ အဆောက်အအုံကို ဖျက်ဆီးပစ်နေတယ်ဆိုတဲ့ တွေးထင်ချက်ဟာ ယေဘုယျအားဖြင့် ခိုင်လုံမှု မရှိဘဲ အယူအဆသဘောသက်သက်သာ ဖြစ်ပါတယ်။ ဘလောဂ့်တွေကြောင့် ငုံ့လျှိုးနေတဲ့ အနုပညာ၊ ကိုယ်တိုင်ဖန်တီးနိုင်မှု စွမ်းရည်၊ လူတိုင်း အရည်အချင်းရှိပါတယ်ဆိုတဲ့ မိမိကိုယ်ကိုယ်ယုံကြည်မှု၊ ပညာတတ်ဝန်းကျင်တွေ အရာအားလုံး တိုးတက်များပြားလာတာနဲ့အမျှ နိုင်ငံတစ်ဝှမ်းလုံး အောင်မြင်ဖြစ်ထွန်းမယ့် လူငယ်လူရွယ်တွေ မွေးထုတ်လာနိုင်ခဲ့ပြီး တိုးတက်အောင်မြင်သော လုပ်ဆောင်ချက်တွေနဲ့ ကမ္ဘာတစ်ဝှမ်းလုံးကို ရင်ဘောင်တန်းလာနိုင်မယ်လို့ ကျွန်မ မြင်မိပါတော့တယ်။
အခုအချိန်အတွက် မေးရမယ့် မေးခွန်းကတော့ ကျွန်မတို့အနေနဲ့ အများပြည်သူဆိုင်ရာ လူသားအားလုံးအတွက် နည်းပညာတွေ၊ ပညာဗဟုသုတ ဖလှယ်မှုတွေ ကိုယ်စွမ်းရှိသလောက် ဘယ်လို ဖြန့်ဝေသွားမလဲဆိုတာပါပဲ။


9/21/2008

ရွှေစည်းခုံအံ့ဖွယ်ကိုး

ထီးမဆိုင်း၊ တံတိုင်းရိပ်တည်
မလွင့်ရွှေလှောင်ပ
ဗိုလ်သောင်းထောင်
ဝင်မကျယ်တဲ့ပြင်
ဆွမ်းကပ်သူ လက်မဦးနိုင်ဘု
မကူးသံကျာဟည်း၊ တီးတဲ့ရွှေစည်...
မြင့်ဝှမ်းယောင်ထင်စနိုးပေရ
မိုးကပ်ပြုရေတရည်
အနည်မျှမကြွင်း....
ချယားပင်၊ ဒွါဒသင်ခါမလင့်ပေပ
ငုံပွင့်ကာ ကြူထုံတဲ့
ဇေယျခုံ အံ့ဖွယ်ကိုးကို
တိုးစ ၀ပ်ဆင်း....

9/10/2008

သဘာဝတရား

လောကအလယ်
နေသာသလို ဖြေလိုက်စမ်း
ဖြစ်ချင်တာတွေ မျိုသိပ်
ကျိတ်မှိတ်ခဲ့တဲ့ ရက်တွေသိပ်များ
ဖြတ်သန်းနေကျ ၀န်းကျင်အသိုင်းအ၀ိုင်း
ကောင်းတဲ့သူတွေရှိသလို
မကောင်းတဲ့သူတွေ သိပ်များ
ဘယ်သူ ဘယ်ဝါဆိုတာ မစဉ်းစားချင်
ဒါဟာ လောကသဘာဝတရား
နေထွက်ချိန်ရှိနေသလို
နေ၀င်ချိန်လည်း ရောက်လာစမြဲ
အရာအားလုံးကို အပြုံးမပျက်ရင်ဆိုင်နိုင်ဖို့
အားတင်းကာ လျှောက်နေဆဲ
ပန်းတိုင်ကို အရောက်လှမ်း
တို့တွေ ကြိုးစားကြစို့

Welcome to goldmyanmar



လာလည်ကြသော သူများအားလုံး ကျေးဇူးတင်ပါတယ်နော်။

9/08/2008

တစ်ကမ္ဘာလုံးဆိုင်ရာ စာတတ်မြောက်ရေးနေ့



စက်တင်ဘာ ၈ ရက်နေ့သည် စာတတ်မြောက်ရေး ဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးဆိုင်ရာ စာတတ်မြောက်ရေးနေ့

တစ်ကမ္ဘာလုံးဆိုင်ရာ စာတတ်မြောက်ရေးနေ့ဖြစ်ပါတယ်။ ၁၉၆၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ကုလသမဂ္ဂပညာ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ ( ယူနက်စကို) က ကြီးမှူးပြီး အီရန်နိုင်ငံ၊ တီဟီရန်မြို့တွင် နိုင်ငံတကာ စာတတ်မြောက်ရေး ကွန်ကရက်ကို ကျင်းပခဲ့ရာ နိုင်ငံပေါင်း (၈၉) နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။ ဒီကွန်ဂရက်ကို ၁၉၆၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ စက်တင်ဘာလ ၈ ရက်နေ့ကို နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း လေ့လာသိရှိရပါတယ်။

စာတတ်မြောက်ရေးနေ့ရဲ့ ရည်ရွယ်ချက်က စာမတတ်သူ ပပျောက်ရေးအတွက် နိုင်ငံအသီးသီး ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စာမတတ်သူ လျော့နည်းပပျောက်ရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်ကြရန်ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။

ခုထိ စက်တင်ဘာလ ၈ ရက်နေ့ကို စာတတ်မြောက်ရေးနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ် ကျင်းပလေးရှိကြပါတယ်။

ဟိုကျွန်မတို့ ငယ်ငယ်တုန်းကတော့ စာမတတ်သူ ပပျောက်ရေးအတွက် ကျေးရွာ တောရွာတွေ ကွင်းဆင်းရပါတယ်။ ကျောင်းပိတ်တဲ့ရက်တွေမှာဆိုရင် ကြားတော့ ကြားဖူးခဲ့ပါတယ်။ နောက်ပြီးတော့ ကျွန်မအရမ်းကြိုက်တဲ့ ကားတစ်ကားရှိတယ် ကားနာမည်က ပန်းမြိုင်လယ်က ဥယျာဉ်မှူးတဲ့။ အဲဒီကားထဲမှာ အံ့ကျော်ရဲ့ သရုပ်ဆောင်ပုံက အရမ်းပီပြင်တယ်။ အရမ်းလည်း သဘောကျတယ်။ ပြီးတော့ ဗဟုသုတလည်းရတဲ့ကားတစ်ကားပဲ။ စာတတ်မြောက်ရေးအတွက် ဘယ်လိုဆိုတာ နားလည်ခဲ့ရတယ်။ ခုတော့ မဟုတ်ပါဘူး။ လွယ်လွယ်သင်လို့ရတာ မသင်ချင်ကြတဲ့ ကလေးတွေတော်တော်များများကို တွေ့ရတာ စိတ်မကောင်းစရာကောင်းပါတယ်။ ကျွန်မတို့လည်း တတ်စွမ်းသမျှ ကိုယ့်ဝန်းကျင်က သူတွေအားလုံးဝိုင်းဝန်းကူညီစောင့်ရှောက်စေချင်ပါတယ်။



9/05/2008

ကျွန်မပြောသော ကျွန်မရဲ့အကြောင်း

မောင်လေး ဟန်သစ်ငြိမ်က Tag တော့လည်း နေမကောင်းတဲ့ကြားက ဖြေပေးရမှာပေါ။ ခုတစ်လော ကျန်းမာရေးက မကောင်း၊ ကျန်းမာရေးကောင်းပြန်တော့လည်း စီးပွားရေးက အဆင်မပြေ အဲ စီးပွားရေး အဆင်ပြေပြန်တော့လည်း ကွန်နက်ရှင်က မကောင်း အဲ စကားက ဘယ်ရောက်သွားတာပါလိမ့်။ တကယ်ပြောတာပါ။ ခုတစ်လော တော်တော်နေမကောင်းလို့ ဆိုက်ဒ်ကို ပစ်ထားခဲ့တာကြာခဲ့ဆိုပါတော့။ ထမင်း နပ်မှန်အောင် စားဖို့ လုပ်တဲ့အလုပ်ကျပြန်တော့ သွားမဆင်းနိုင်နဲ့ အချိန်ပိုင်းလေး အလုပ်လေးယူလုပ်ပါတယ်။ အလုပ်က မပြီးဖြစ်နေတော့တာပါပဲ။ တစ်ယောက်ထဲနဲ့ကို လုံးလည်ချာလည်လိုက်နေတော့တာပါပဲ။ ကိုယ့်ဆိုက်ဒ်လေးကို လွမ်းလို့ လာပြန်တော့လည်း ဘလောဂ့်ဂါမောင်နှမတွေကော မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းတွေကော ၀ိုင်းကြိမ်းတော့တာပဲ။ အဲ စကားဘယ်ရောက်သွားပြီးတုန်း။ ချင်းမိုင်က မောင်ငယ်လေးရဲ့ ကောင်းမှုကြောင့် စိတ်ထဲရှိတာတွေ ပြောရတော့မယ်ဆိုပါတော့။
ကျွန်မအကြောင်းက ဘာမှထွေထွေထူးထူး မရှိပါဘူး။


ကျွန်မရဲ့နာမည် ………… ယ ယမင်းခင် ကကြိုးဆင်
ကျွန်မကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ် ………… ကြိုက်သလိုခေါ်၊နာမည်ဆိုတာ ပညတ်ချက်တစ်ခုပဲ။
ကျွန်မဒီမှာနေတယ်………… နေစကြ၀ဠာ၊ ပြာလဲ့လဲ့မိုးကောင်းကင်ကြီးရဲ့အောက် ကမ္ဘာမြေပေါ်တစ်နေရာ
ကျွန်မဆီဖုန်းဆက်ချင်ရင်………… လူကြီးမင်းခေါ်ဆိုသော ဖုန်းနံပါတ်သည် ဆက်သွယ်မှုအတွင်းတွင် ရောက်ရှိနေပါသဖြင့် ခေါ်ဆိုလို့ မရနိုင်ပါရှင်

ကျွန်မရဲ့အကြိုက်ဆုံးတွေက
အရောင်ဆိုရင်………… မိုးပြာရောင်
အ၀တ်အစားဆိုရင်………… သွားလို့လာလို့နေလို့ထိုင်လို့ သင့်တော်ပြီး သူ့နေရာနဲ့သူ ၀တ်စားဆင်ယင်မှု (မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့အ၀တ်အစား)
အစားအစာဆိုရင်………… စားချင်တဲ့အစားပဲစား မစားချင်တာ ကျွေးလို့မရ(၀က်သား၊ အမဲသားမစား)
ပစ္စည်းဆိုရင်………… ကိုယ့်မှာရှိတာ မြတ်နိုးတယ်
သီချင်းဆိုရင်………… အိုင်စီအသဲစွဲ၊ အဲဒီထဲကမှ အငဲ၊ လေးဖြူရဲ့ မမေ့နိုင်သီချင်းပိုနှစ်သက်၊ မျိုးကျော့မြိုင်အသံစာသားကြိုက်၊ ရင်ဂို၊ ဖိုးကာ၊ လွှမ်းမိုး၊ အနိုင်တချို့စာသားကြိုက်၊ ရှိသေးတယ် မရေးတော့ဘူးနော်။
စာရေးစာဆရာ………… ပါရဂူ၊ နတ်နွယ်၊ မင်းကျော်၊ ကျော်အောင်၊ ဆင်ဖြူကျွန်းအောင်သိန်း၊ ဂျာနယ်ကျော်မမလေး၊ ခင်စောတင့်၊ မိုးမိုး(အင်းလျား)၊ ၀င့်ပြုံးမြင့်(ဂျာမန်ဘာသာပြန်)၊ တင်မောင်မြင့်(ဘာသာပြန်)၊ ကျန်သေးတယ်။ ရေးရင်တောင် နေရာဆန့်မှာ မဟုတ်ဘူး။ မရေးတော့ဘူးနော်။
စာအုပ်………… သွေး၊ မြန်မာပြည်မြောက်ပိုင်း(စစ်အခြေအနေ)၊ နေမင်းတစ်ထောင်(မြန်မာပြည်အကြောင်းအစစ်အမှန်)၊ မလိခ၊ ၀င့်ပြုံးမြင့်ရဲ့ မိသားစုတစ်စု၏ကျရှုံးခန်း၊ သေသော်မှသည် သြော် ကောင်း၏၊ အဖြူကို မည်သူ အနက်ဆိုးသနည်း... စသည်

ကျွန်မရဲ့ဝါသနာ………… စာဖတ်ခြင်း၊ ဘလောဂ့်လုပ်နေရခြင်း၊ သီချင်းနားထောင်ခြင်း၊ ကွန်ပျူတာကလိခြင်း၊ ဂိမ်းကစားခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ ဘောလုံးကန်ခြင်း၊ မိုးရွာထဲ စက်ဘီးလျှောက်စီးရခြင်း၊
အလိုချင်ဆုံးလက်ဆောင်………… ကျွန်မ၀န်းကျင်မှလူသားအားလုံးရဲ့မေတ္တာစေတနာ
ကျွန်မရဲ့ အချစ်ဆုံးသူ………… အဲ... ဘယ်လိုပြောရမလဲ ဖေဖေနဲ့မေမေပေါ့
ကျွန်မရဲ့ အလေးစားဆုံးသူက………… ကျွန်မကို ဦးဆောင်လမ်းပြပေးတဲ့ ဖေနဲ့မေရယ် ပတ်ဝန်းကျင်က သင်ဆရာ မြင်ဆရာ ကြားဆရာအားလုံး... အားလုံး... အားလုံး အားလုံး.....
ကျွန်မရဲ့ အခင်ဆုံးသူငယ်ချင်းက………… ကျွန်မကိုအများဆုံး နားလည်မှုပေးနိုင်ပြီး အရာအားလုံး လိုက်လျောညီထွေစွာနေတတ်သူ
ကျွန်မကို အများဆုံးနားလည်မှုပေးနိုင်သူက………… လောလောဆယ် ဖေရယ်မေရယ် မောင်နှမတွေရယ် သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေရယ်... ရယ်....
ကျွန်မရဲ့ အမုန်းဆုံးသူ………… ကျွန်မဘက်က ၁၀၀ ရာခိုင်နှုန်းမရှိ
ရင်အခုန်ဆုံးအချိန်………… ဟိုတစ်လောက အလုပ်မှာ ရင်အခုန်မြန်ပြီး အသက်ရှူရပ်သွားဖူးတယ်။ (ဆရာဝန်က ပြောတယ် လည်ပင်းအရိုးကျီးပေါင်းဖြစ်တာတဲ့။ နားရမယ်တဲ့ ဟိုက်ရှာလပတ် သေရော)
အကြောက်ဆုံးအချိန်………… သေခါနည်းအချိန်မှာ အသေမဖျောက်မှာကိုပဲ
အပျော်ဆုံးအချိန်………… ရှိခဲ့လား မရှိဘူးလားဆိုတာတောင် မမှတ်မိ
အမှတ်တရနေ့………… အင်း အများကြီးရှိတာပေါ့ ငယ်တည်းကဆို ပြောလို့ဆုံးမှာတောင် မဟုတ်ဘူး။
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု………… နတ်လူသတ္တ၀ါအပေါင်း ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒများပြည့်စုံကြပြီး အေးချမ်းမှုအပေါင်း ရရှိနိုင်ကြပါစေ...
အချစ်ဆိုတာ………… ပြောရရင်တော့ အစစ်ပဲလိုချင်တယ်။ အတ္တကြီးတယ်ပြောပြော တစ်ကိုယ်ကောင်းဆန်တယ်ပြောပြော။ နှစ်ဦးနှစ်ဖက် တကယ် မြတ်နိုးကြင်နာနားလည်မှုပေးနိုင်တဲ့ဘ၀၊ အေးချမ်းတည်ငြိမ်တဲ့ ဘဝ
အမုန်းဆိုတာ………… အရှုံးသမားအတွက်လို့ လူတွေပြောကြပေမယ့် အရှုံးသမားတိုင်းဟာ အမုန်းသမားမဖြစ်ကြပါဘူး။ မုန်းတယ်ဆိုတာဟာလည်း ချစ်နေသေးလို့ပဲလို့ ခံယူမိတယ်လေ။
အလွမ်းဆိုတာ………… လွမ်းတယ်ဆိုတာ ဘာကို ဘယ်လိုလွမ်းရမှန်းမသိဘူးဖြစ်နေတာ လွမ်းတော့လွမ်းတယ်။ ဘာကို လွမ်းရမှန်းမသိ။
သံယောဇဉ်ဆိုတာ………… သံယောဇဉ်ကြိုးဟာ တစ်ဦးနဲ့တစ်ဦး မမြင်ရပေမယ့် ရင်ထဲကိုယ်စီရှိနေကြမယ်ဆိုရင် ရေရှည်တည်မြဲခိုင်မာပြီး သစ္စာရှိနေမှာ ဖြစ်ပါတယ်။
ဘ၀ဆိုတာ………… ခုလောလောဆယ်တော့ ရုန်းကန်ခြင်းဆိုတာထက် တိုးကန်ခြင်း အဲ ဘတ်စ်ကားစီးတာကို ပြောတာပါ။ တိုးတက်နေရတုန်းလေ။
သူငယ်ချင်းဆိုတာ………… ကိုယ့်အပေါ်အရမ်းကောင်းပြီး လိုအပ်နေချိန်မှာ အမြဲကူညီနေတဲ့သူ၊ အရာအားလုံး သည်းခံခွင့်လွှတ်နားလည်ပေးတဲ့သူ(ကျွန်မအနားမှာတော့ ပြည့်စုံနေပါတယ်။)
ချစ်သူဆိုတာ………… ဒါကတော့ ခြွင်းချက်ပေါ့။ မဖြေတတ်ဘူးရှင့်။(မရှိဘူးဆိုတာ ကြေငြာမိသလိုဖြစ်နေပြီ ဒုတ်ကောက်ပဲ)
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်………… လိုအပ်ချက်တွေ များနေသောသူ
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က………… တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမယ်။ မဖြစ်နိုင်တာ မရှိဘူး။ မဖြစ်သေးတာဘဲရှိတယ်။(ဘုရားရှင်လက်ထက်တော်ထဲက ရဟန္တာမ အပါးငါးရာ ပေါ်ပေါက်ခဲ့သေးတာပဲ)
အပြောချင်ဆုံးစကားများ………… ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုထားပါ။ ဖြစ်ချင်တာတွေကို စိတ်မှ စွဲမြဲနေအောင် ထားပါ။ ပြီးတော့ လုပ်ပါ။ မိဘကျေးဇူးဆပ်နိုင်အောင် ကြိုးစားပါ။ ဘာလုပ်လုပ် စဉ်းစားဆင်ခြင်ပြီးမှ ဆုံးဖြတ်ပါ။ မည်သူကိုမဆို အကောင်းမြင်တဲ့စိတ်နဲ့ကြည့်ပါ ပြောပါ။ အားပေးပါ။ အမြဲ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ မဟုတ်ဘူးဆိုတာ သဘောပေါက်နားလည်ထားပါ။ စိတ်ညစ်ရင် ပျော်တဲ့စိတ်ကို တွေးကြည့်ပါ။ အရာအားလုံးကို အပြုံးနဲ့ရင်ဆိုင်နိုင်ကြပါစေလို့ စိတ်ရဲ့အရင်းခံနဲ့ ပြောလိုက်ပါရစေ။
ကဲ ဘယ်သူ့ကိုမှ ပြန်မ Tag တော့ဘူးနော်။ ကျန်းမာရေးကောင်းတာနဲ့ဆက်လက် ရေးချင်တာတွေ ရေးသွားမှာပါ။ အမြဲ လာရောက်အားပေးဖတ်ရှုတာကိုလည်း လှိုက်လှိုက်လှဲလှဲ ၀မ်းသာပီတိ ဖြစ်မိပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။