2/28/2011

ရွှေဥဒေါင်း အတ္ထုပ္ပတ္တိ (၁၈၈၉ - ၁၉၇၃)

ရွှေဥဒေါင်းအမည်ခံ ဦးဖေသိန်းဖြစ်သည်။ အဖ ဦးဧရာ၊ အမိဒေါ်ရွှေတို့မှ
ဖွားမြင်သည်။ ဇာတိ မန္တလေးဖြစ်သည်။ ဖွားရက်မှာ ၁၈၈၉ ခုနှစ် အောက်တိုဘာလ ၂၄
ရက်နေ့ ဖြစ်ပါတယ်။ သီလရှင်ကျောင်း၊ ဘုန်းကြီးကျောင်း၊
သာသနာပြုကျောင်းတို့တွင် အဆင့်ဆင့် ပညာသင်ခဲ့ပြီး ကာလကတ္တားတက္ကသိုလ်ဝင်
စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့သည်။ ထို့နောက်တွင် ကျောင်းဆရာ၊ စာရေး၊
အယ်ဒီတာ စသည်ဖြင့် အလုပ်အမျိုးမျိုး ဘ၀အဖုံဖုံတွင် ကျင်လည်ခဲ့သည်။ ၁၉၁၆
ခုနှစ်တွင် ၀တ္ထုစရေးသည်။ ရွှေဥဒေါင်း၏ ပထမဆုံးဝတ္ထုမှာ ရန်ကြီးအောင်
ဖြစ်ပါသည်။ ယခုအထိ တွေ့ရသော စာရင်းအရ ၀တ္ထုရှည်ကြီး ၁၄ အုပ်ကို ဘာသာပြန်၍
ဝတ္ထုရှည်ကြီး ၁၅ အုပ်ကို မှီငြမ်းပြုရေးသားခဲ့ပြီး
ဝတ္ထုတိုအမြောက်အမြားကိုလည်း မှီငြမ်းပြု၍လည်းကောင်း၊ ဘာသာပြန်၍လည်းကောင်း
ရေးသားခဲ့သည်။ ရွှေဥဒေါင်း၏ ၀တ္ထုအများစုမှာ ဘာသာပြန်အမှီးများ ဖြစ်ပါသည်။
ပင်ကိုရေးဝတ္ထု ၅ ပုဒ်နှင့် ဘာသာရေးဆိုင်ရာ ကျမ်း ၅ ကျမ်း၊ အထွေထွေဗဟုသုတ
ကျမ်း ၃ ကျမ်း၊ ခရီးသွားမှတ်တမ်း ၁ အုပ်၊ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ ၂
အုပ်ကို ရေးသားပြီး ကျန်းမာရေးနှင့် ကြီးပွားရေးကျမ်း ၂ ကျမ်းကိုလည်း
ဘာသာပြန်ခဲ့သည်။ သတင်းစာခေါင်းကြီးများနှင့် ဆောင်းပါးအများကိုလည်း
ရေးသားခဲ့သည်။ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက်
(မြန်မာနိုင်ငံ)ကိုယ်စားလှယ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊
ဆိုဗီယက်ပြည်ထောင်စု သမ္မတနိုင်ငံတို့သို့ သွားရောက်ခဲ့ဖူးသည်။
မြှော်တလင့်လင့် ဖြင့် ၁၉၅၂ စာပေဗိမာန်ဘာသာပြန်ဆု၊ သွေးစုပ်မြေ ဖြင့်
၁၉၅၅ စာပေဗိမာန်ဘာသာပြန်ဆု၊ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များဖြင့်
၁၉၆၁ စာပေဗိမာန် သုတပဒေသာဆု ရရှိခဲ့သည်။
စုံထောက် မောင်စံရှားဝတ္ထုများသည် ထင်ရှားလှသည်။ အခြားထင်ရှားသော
အမှီးဝတ္ထုများမှာ ရူပနန္ဒီ၊ ရူပကလျာနီ၊ ပထမံဆရာသိန်းတို့ ဖြစ်ပါသည်။
၁၉၇၃ သြဂုတ်လ ၁၀ ရက်နေ့တွင် ကွယ်လွန်ခဲ့ပါသည်။

2/20/2011

Frankenstein ကို ဘယ်သူရေးသားခဲ့သလဲ

ဂျီနီဗာရေကန်ကြီးရဲ့ ကမ်းခြေတစ်နေရာမှာ .... ညဥ့်နက်ပိုင်း တစ်ညမှာပေါ့။
လော့ဘိုင်ရွန်က သူ့မိတ်ဆွေတွေကို အကြံပြု ပြောဆိုတယ်။
ဘာအကြောင်းကိုလည်းဆိုတော့ သရဲ တစ္ဆေ၀တ္ထုတွေရေးဖို့ကို ပြောဆိုခဲ့တယ်။
ဒါကြောင့် ပါစီဗစ်ရှီရှယ်လီရဲ့ဇနီး မေရီရှယ်လီက ဒီ ထိတ်လန့်ဖွယ်ကောင်းတဲ့
ကြောက်စရာအလွန်ကောင်းတဲ့ Frankenstein ကောင်ကြီးကို ဖန်တီး
မွေးဖွားရေးသားခဲ့ပါတော့တယ်။ အဲဒီတုန်းကတော့ သူမရဲ့အသက်က ၁၉ နှစ်ပဲ
ရှိပါသေးတယ်။ Frankenstein ဇာတ်ကောင်ကြီးဟာ တကယ် အပြင်မှာ
အသက်ဝင်လာတယ်လို့ ထင်ရလောက်အောင် ကျော်လှိုင်ဦး ဘာသာပြန်စာအုပ်ထဲမှာ
ဖတ်ရတော့ စဉ်းစားမိတယ် အပြင်မှာသာ တကယ်လို့ ဒီလို ကိုယ်ဖန်တီးထားတဲ့
အရိုင်းအစိုင်းကောင်ကြီးဟာ ထိန်းချုပ်မှုမဲ့ပြီး အသိဥာဏ်တိုးတက်လာရင်
တော်တော်ကို ကြောက်စရာကောင်းမယ်လို့ တွေးမိတယ်။ ဖတ်ခါစက အတော် စာဖတ်သူကို
ဘယ်လောက်တောင် ဆွဲဆောင်နိုင်သလဲဆိုရင် လက်ကကို မချချင်အောင်
ဘာဖြစ်လာမလဲဆိုပြီး ထမင်းမေ့ဟင်းမေ့ ဖတ်ခဲ့ရတယ်။ ဖတ်ပြီးတော့ အိပ်တာတောင်
အိပ်မက်ထဲမှာ မြင်မက်လို့ ညသန်းခေါင်မှာ ၀ူးဝူးဝါးဝါးအော်လို့ မေမေက
ထပြီး ရေတိုက်ရတဲ့အထိ စွဲလမ်းခဲ့ရတယ်။ ကျွန်မက စာ စဖတ်ထဲက သိုင်းဝတ္ထုကို
အရင်စဖတ်ဖြစ်ပြီး နောက်ပိုင်းမှာ လှိုင်၊ မဟာ၊ စစ်နှင့်ငြိမ်းချမ်းရေး ၁၂
တွဲ၊ နောက် တက္ကသိုလ်ဘုန်းနိုင်တို့၊ ဦးနတ်စာအုပ်တွေ ဒီလို စာအုပ်တွေ
အဖတ်များလာခဲ့တော့ ခုထွက်တဲ့ စာ သိပ်မပါပဲ စာအုပ်အဖြစ် စာလုံးဖောင့်ကြီး
စာကျဲကျဲ အချစ်ဝတ္ထုတွေ မဖတ်တတ်ခဲ့ဘူး။ ဖတ်ရတာလည်း အနှစ်မရှိသလို
ခံစားရတော့ သိပ်မဖတ်ဖြစ်ဘူး။ စာအုပ်ဖတ်ပြီး ကြိုက်ရင် ထပ်ကာထပ်ကာ ဖတ်ပြီး
စာအုပ်ထဲက ဇာတ်လမ်းအထိဋ်အထိပ်က ဘယ်နေရာမှာလဲ ဘယ်အရာကို ပြောချင်တာလဲ
ဇာတ်လမ်းက ဘာကြောရိုးကိုယ်စားပြုလဲ ဒီထဲက ဘာကို သင်ခန်းစာပေးထားလဲ
စတဲ့အကြောင်းအရာကို စဉ်းစားမိတယ်။ ခုလို Frankenstein လိုမျိုး နောက်ထပ်
ရေးသားချက်တွေ သိပ်မတွေ့ရတော့ဘူးနော်။ နောက် ဒီစာအုပ်ကို အရင်တုန်းက
ကျော်လှိုင်ဦး(စာရေးဆရာမင်းကျော်) က တကယ့်ကို ထိထိမိမိရေးသားထားတာကို
နောက်တစ်ကြိမ်ပြန်ထုတ်ဖို့ ၂၀၀၄ ခုနှစ်လောက်က ထပ်မံကြိုးစားခဲ့ပေမယ့်လည်း
စာပေစီစစ်ရေးရုံးက ထုတ်ဝေခွင့်မပြုခဲ့တာဟာ ဘာကြောင့်ဖြစ်နိုင်သလဲဆိုတာ
ခုချိန်ထိ မသိခဲ့ပါဘူး။ ဒါပေမယ့် ဒီလို အမှန်တကယ်ကို
အပြင်မှာဖြစ်နေသကဲ့သို့ ရေးသားထားတဲ့စာအုပ်တွေ နောက်ပိုင်းမှာ
သိပ်မရှိတော့တာ စာဖတ်ဝါသနာပါသူတွေအတွက် အတော်ကို ထိခိုက်နစ်နာမိသလို
တကယ့်အနှစ်သာရကိုလည်း မခံစားရတော့ပါလား(စာအုပ်တန်ဖိုးဈေးကြီးလာလို့လည်း
မ၀ယ်နိုင်တာလည်းပါတယ်) လို့ တွေးမိရင်း စာအုပ်ကောင်းများ
အမြဲဖတ်နိုင်ဖို့ မျှော်လင့်နေမိပါတော့တယ်။

Jan/Feb 2011 တရားတော် အသစ်များ

ဗုဒ္ဓဘာသာဝင် သူတော်စင် အပေါင်းတို့....


ဗုဒ္ဓဘာသာဝင် တို့အတွက် မြတ်ဗုဒ္ဓ၏တရားတော်တော်များကို လွယ်လင့်တကူ
နာယူမှတ်သားနိုင်ရန်အတွက် dhammadownload.com ကို 2002 ခုနှစ်မှ စတင်
တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံရှိ ဆရာတော်ကြီးများ ဟောကြားခဲ့သော
တရားတော်များကို OnLine Media Library အဖြစ် တင်ပြလာခဲ့သည်မှာ ယနေ့ဆိုလျှင် MP3
တရားတော် အပုဒ်ရေ ပေါင်း ၁၇ထောင်ကျော်၊ WMV ဗီဒီယို တရားတော်ပေါင်း
၎ထောင်ကျော်၊ eBooks စာအုပ်ပေါင်း တထောင်ကျော်တို့ကို စုစုပေါင်း ၆၄၀
ဂစ်ဂါဘိုက် ခန့်တင်ပြထားရာ ဗုဒ္ဓဘာသာဝင်တို့အတွက် ဒီဘဝနှင့်ပင် ခန္ဓာဥာဏ်ရောက်
သစ္စာဆိုက်အောင် သူတော်ကောင်းတရားများ ကျင့်ကြံ အားထုတ်ဖို့ရန်
အခွင့်ထူးကြီးပင်ဖြစ်ပါသည်။ ခေတ်နှင့် အညီ လိုက်၍ သူတော်စင်တို့၏ သွားရင်း
လာရင်း ရရှိသည့် အားလပ်သည့် မိနစ်ပိုင်းလေးတွေမှာပင် တရားတော်များနှင့်
ထိတွေ့နိုင်ရန် iPhone/iPAD နှင့် တချို့သော Mobile Device များပါ မကျန်
dhammadownload.com ပေါ်ရှိ တရားများကို နာယူနိုင်ရန် စီစဉ်ထားရှိပါသည်။
သို့ပါ၍ ဤကဲ့သို့သော အခွင့်ထူးကြီးကို လက်လွတ်မခံကြပဲ မိမိတို့
အခါအခွင့်သင့်သလို တရားတော်များကို http://www.dhammadownload.com တွင်
နာယူကြပါရန်နှင့် နီးစပ်ရာ ဓမ္မမိတ်ဆွေများကိုလည်း ဤ website အကြောင်း
သတင်းကောင်း ပါး ပေးကြပါရန် လေးနက်စွာ တိုက်တွန်း အပ်ပါသည်…
ယ္ခု လက်ရှိ dhammadownload.com တွင် သူတော်စင် ဦးရေ (နေ့စဉ်) ၁၈၀၀ခန့်၊
ဝင်ရောက်လည်ပါတ်သည့်အကြိမ်ပေါင်း (နေ့စဉ်) ၂၆၀၀ခန့်၊ တရားတော် ဒေါင်းသည့်ပမာဏ
(နေ့စဉ်) ၂၈၀ ဂစ်ဂါဘိုက် ခန့် ရှိကြောင်း အားရ ကြေနပ်ဖွယ် တွေ့ရှိရပါသည်။
သူတော်စင်များ ယခုလို အားသွန်ခွန်စိုက် တရားတော်များကို နာယူ မှတ်သား လေ့ကျင့်
နေကြခြင်းကို ဓမ္မဒေါင်းလုပ် အဖွဲ့မှ အလွန်ပင် ဝမ်းမြောက် မိပြီး သူတော်စင်တို့၏
ဖြူစင် အေးချမ်းသော ကောင်းမှု ကုသိုလ်များအတွက် သာဓု ခေါ်ဆို မိပါသည်။

******************************************************

*Jan/Feb 2011 တရားတော် အသစ်များ*

ဓမ္မမိတ်ဆွေ သူတော်ကောင်းများအတွက် အောက်ပါ တရားတော် အသစ်များကို
http://dhammadownlaod.com တွင် ထပ်မံ ဖြည့်စွက် တင်ပြထားပါသည်။
ဓမ္မမိတ်ဆွေအပေါင်းတို့ မြတ်ဗုဒ္ဓ၏ တရားတော်များနှင့် ငြိမ်းအေးကြပါစေ…

11 Jan 2011 တွင် ပါချုပ်ဆရာတော် ကြီး ဒေါက်တာနန္ဒမာလာ ၏ ဗီဒီယို တရာတော် အသစ်
၅၄ပုဒ်ကို ထပ်မံတင်ပြထားပါသည်။ ဤဖေါ်ပြပါ Link တွင် နာယူနိုင်ပါသည်
http://www.dhammadownload.com/Dr-Nandamalabhivamsa-VideoInMyanmar.htm#NewRelease0

19 Jan 2011 တွင် မြကျောက်ဆရာတော်၏ ဗီဒီယို တရာတော် အသစ် ၂ပုဒ်ကို
ထပ်မံတင်ပြထားပါသည်။ ဤဖေါ်ပြပါ Link တွင် နာယူနိုင်ပါသည်
http://www.dhammadownload.com/MyaKyauk-SayaDaw-video.htm

29 Jan 2011 တွင် မိုးကုတ်မြို့ ဓမ္မရံသီဆရာတော် ဘဒ္ဒန္တ သုနန္ဒ္ဒ ၏ ဗီဒီယို
တရားတော် ၁၅၄ပုဒ်ကို ထပ်မံတင်ပြထားပါသည်။ ဤဖေါ်ပြပါ Link တွင် နာယူနိုင်ပါသည်
http://dhammadownload.com/Bhaddanta-Thunanda-Video.htm#New-released

2 Feb 2011 တွင် ဓမ္မဗျူဟာ ဒေါ်ခင်လှတင်၏ ၁၁-၅-၂၀၀၉ မှစ၍ ၄-၈-၂၀၁၀ ထိ တပါတ်လျှင်
နှစ်ကြိမ် ညနေ ၄း၃၀ မှ ၆နညရီထိ ပို့ချသည့်အထူးအဘိဓမ္မာကျင့်စဉ်သင်တန်း ဗီဒီယို
ရုပ်သံ တရားတော်ပေါင် ၁၁၃ ပုဒ်ကို ထပ်မံတင်ပြထားပါသည်။ ဤဖေါ်ပြပါ Link တွင်
လေ့လာ နာယူ နိုင်ပါ သည်
http://www.dhammadownload.com/DhammaByuharDawKhinHlaTin-abhidhammaInMyanmar.htm
http://www.dhammadownload.com/DhammaByuharDawKhinHlaTin-Video.htm

3 Feb 2011 တွင် ဓမ္မဗျူဟာ ဒေါ်ခင်လှတင်၏ အဘိဓမ္မာ အခြေခံ ပို့ချချက် ပထမအဆင့်၊
ဒုတိယအဆင့်၊ တတိယအဆင့် သင်တန်း MP3 အသံ တရားတော်ပေါင်း ၇၁၅ ပုဒ်ကို
ထပ်မံတင်ပြထားပါသည်။ ဤဖေါ်ပြပါ Link တွင် လေ့လာ နာယူ နိုင်ပါ သည်
http://www.dhammadownload.com/DhammaByuharDawKhinHlaTin-abhidhammaInMyanmar.htm
http://www.dhammadownload.com/DhammaByuharDawKhinHlaTin-mp3.htm

4 Feb 2011 တွင် ဓမ္မဓရ အရှင် ကုမာရ ဟောကြားတော်မူသာ ဗီဒီယို ရုပ်သံ တရားတော်
၅၃ပုဒ်ကို ထပ်မံတင်ပြထားပါသည်။ ဤဖေါ်ပြပါ Link တွင် နာယူနိုင်ပါသည်
http://www.dhammadownload.com/DhammaDara-Ashin-Kumara-Video.htm

4 Feb 2011 တွင် ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသဟောကြားတော်မူသာ MP3 အသံ
တရားတော် ၄၈၃ပုဒ်ကို ထပ်မံတင်ပြထားပါသည်။ ဤဖေါ်ပြပါ Link တွင် နာယူနိုင်ပါသည်
http://www.dhammadownload.com/Dr-Nandamalabhivamsa-mp3-myanmar.htm

5 Feb 2011 တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့မှ
ထုတ်ပြန်ထားသော ညွှန်ကြားလွှာများ၊ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းနှင့်
လုပ်ထုံးလုပ်နည်းများကို ထပ်မံတင်ပြထားပါသည်။ ဤဖေါ်ပြပါ Link တွင် လေ့လာ နိုင်ပါ
သည်
http://www.dhammadownload.com/The-Ministry-Of-Religious-Affairs-eBookInMyanmar.htm

5 Feb 2011 တွင် ဓမ္မဗျူဟာ အဘိဓမ္မာ သင်တန်း ပထမ၊ ဒုတိယ၊ တတိယ အဆင့်
မှတ်စုစာအုပ်နှင့် သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ အဘိဓမ္မာစာမေးပွဲ
ဝင်ရောက်ဖြဆိုလိုသူများနှင့် လေ့လာလိုသူများအတွက် ဓမ္မဗျူဟာ အဘိဓမ္မာ ပထမ ဒုတိယ၊
တတိယ အဆင့် ၁၉၇၆-ခုနှစ်မှ ၂၀၀၉ခုနှစ်အထိ မေးခွန်းဟောင်းနှင့် စံပြ အဖြေများကို
ထပ်မံတင်ပြထားပါသည်။ ဤဖေါ်ပြပါ Link တွင် လေ့လာ နာယူ နိုင်ပါ သည်
http://www.dhammadownload.com/DhammaByuharDawKhinHlaTin-abhidhammaInMyanmar.htm

6 Feb 2011 တွင် မဟာဗောဓိမြိုင် ဆရာတော်ကြီး၏ ဗီဒီယို ရုပ်သံတရားတော် ၂၄ပုဒ်ကို
ထပ်မံ တင်ပြထားပါသည်။ ဤဖေါ်ပြပါ Link တွင် လေ့လာ နာယူ နိုင်ပါ သည်
http://www.dhammadownload.com/MahabodhiMyaing-Sayadaw-Video.htm

6 Feb 2011 တွင် အရှင်ပုညာနန္န ၏ ဗီဒီယို ရုပ်သံတရားတော် ၁၁၂ပုဒ်ကို ထပ်မံ
တင်ပြထားပါသည်။ ဤဖေါ်ပြပါ Link တွင် လေ့လာ နာယူ နိုင်ပါ သည် ..
http://www.dhammadownload.com/Ashin-PonnyarNanda-video.htm

6 Feb 2011 တွင် မဇ္ဈိမဂုဏ်ရည် ဆရာတော် ဒေါက်တာ ကောဝိဒ ၏ ဗီဒီယို ရုပ်သံတရားတော်
41ပုဒ်ကို ထပ်မံ တင်ပြထားပါသည်။ ဤဖေါ်ပြပါ Link တွင် လေ့လာ နာယူ နိုင်ပါ သည်
http://www.dhammadownload.com/Dr-Ashin-Kaw-Wi-Da-video.htm

8 Feb 2011 တွင် ဆရာတော် ဘဒ္ဒန္ဘဇနိတာ လင်္ကာရ၏ MP3 အသံတရားတော် ၄၀ပုဒ်ကို ထပ်မံ
တင်ပြထားပါသည်။ ဤဖေါ်ပြပါ Link တွင် လေ့လာ နာယူ နိုင်ပါ သည်
http://www.dhammadownload.com/SayaDaw-U-Zanita-mp3.htm

9 Feb 2011 တွင် ချမ်းမြေ့ရိပ်မြိုင်ဆရာတော် ဘဒ္ဒန္တတေဇောသာရ (ပဲခူး)၏ ဗီဒီယို
ရုပ်သံတရားတော် ၅၂ပုဒ်ကို ထပ်မံ တင်ပြထားပါသည်။ ဤဖေါ်ပြပါ Link တွင် လေ့လာ နာယူ
နိုင်ပါ သည်
http://www.dhammadownload.com/Bhaddanta-TaJoSara(Pegu)-video.htm

2/14/2011

စိန်ဖူးတော်

သုတေသီတို့အဆိုအရ မဇ္ဈိမဒေသ အိန္ဒိယနိုင်ငံ ဆန်ချီစေတီမှာ
ရှေးဦးစေတီဖြစ်သည်ဟု ဆိုပါတယ်။ သရေခေတ္တရာရှိ ဘောဘောကြီး၊ ဘဲဘဲကြီး စသော
မြန်မာရှေးဦးစေတီတို့မှာ အလွန်ရိုးစင်းသော ဗိသုကာလက်ရာဖြင့်
တည်ဆောက်ထားပါတယ်။ ယင်းစေတီအားလုံးမှာ ထီးဟု ခေါ်ဆိုနိုင်ရုံမျှသာ ရှိသော
ထီးသင်္ကေတမျှသာ ပါသည်ကို တွေ့ရပါတယ်။ စိန်ဖူးတော်မှာ မြန်မာတို့၏
တစ်မူထူးခြားသော ဆန်းသစ်တီထွင်မှုတစ်ရပ်ဖြစ်ပေတယ်။ ဒီတီထွင်မှုရဲ့
အနုစိတ်တဲ့ ကျက်သရေအရှိဆုံး အခမ်းအနားဆုံးလက်ရာ ရွှေတိဂုံစေတီတော်ရဲ့
စိန်ဖူးကို စံထားပြီး တင်ပြထားပါတယ်။
စိန်ဖူးဟူသော ဝေါဟာရမှာ တင့်တယ်သင့်မြတ်လှပါတယ်။ ပန်းမပွင့်မီ အဖူး
အထူးသဖြင့် နှင်းဆီပန်းပင်မှ အဖူးနှင့် တူပါတယ်။ စိန်များစီထားသဖြင့်
စိန်ဖူးဟု မှည့်ခေါ်ခြင်းမှာ သဘာဝကျလှပါတယ်။ နေ့ခင်းမှာဆိုရင်
စိန်ဖူးတော်ဟာ နေ့လုံးအသေးစားကလေးသဖွယ် တောက်ပနေပြီး ရွှေရောင်၊
စိန်ရောင်၊ ပတ္တမြားရောင်၊ နီလာရောင်တို့ဖြင့် ညီးနေတတ်တယ်။ ညအခါမှာဆိုရင်
ဘုရားကျောင်းဆောင်မုခ်ဝများမှာ ထွန်းညှိထားတဲ့ ဆီမီး၊ ဖယောင်းတိုင်နှင့်
မီးမောင်းများကြောင့် ဘုရားရင်ပြင်အချို့နေရာမှ ကြည့်ရင် စိန်ဖူးတော်မှ
စိန်တို့သည် နီမြန်းလှပသော အဆင်းကို ဆောင်ထားကြောင်း တွေ့ရတတ်ပါတယ်။
စိန်ဖူးတော်ရဲ့အချင်းမှာ ဆယ်လက်မခွဲရှိပြီး အတွင်းမှ
အခေါင်းနှင့်ဖြစ်တယ်။ ရွဲလုံးပမာပင်။ ခလယ်တွင် စိန်သုံးတန်းပတ်၍
တန်းစီခြယ်သထားပါတယ်။ စိန်ဖူးမျက်နှာပြင်မှ နေရာမလပ်
ဒေါင်းဖိုလိပ်ပြာသရဖူစေတီ စသော ပုံများကို ကျောက်မျက်တို့ဖြင့်
တန်ဆာဆင်ထားပါတယ်။ ရတနာများနဲ့ ပုံဖော်ထားသော ဗုဒ္ဓပုံတော်လည်း
ပါဝင်ပါတယ်။ စိန်လုံးရေလေးထောင်ကျော်ပါပြီး အလေးချိန်အားဖြင့်
ရတီနှစ်ထောင်ကျော်ပါတယ်။ စိန်များအပြင် အခြားအဖိုးမဖြတ်နိုင်တဲ့
ကျောက်မျက်ရတနာလုံးရေ တစ်ရာနီးပါး ပါဝင်ပါသေးတယ်။ စိန်ဖူးတော်၏
အထက်ထိပ်ပေါ်တွင် ခုနှစ်ဆယ်ခြောက်ကရက် အလေးချိန်ရှိသော စိန်ကြီးကို
စိန်စီထားသော ရွှေကွင်းသုံးကွင်းဖြင့် သုံးချောင်းထောက်သဖွယ် တင်ထားပါတယ်။
အခြားအခြားသော စေတီတို့မှာလည်း စိန်ဖူးတော်များရှိပါတယ်။ လက်ရာမှာလည်း
မကွာလှပါဘူး။ ရွှေချိန်ပမာဏနှင့် ကျောက်မျက်ဦးရေမျှသာ ကွာခြားပါတယ်။
ကျေးလက်နှင့် တောတောင်ဒေသများရှိ ဘုရားစေတီများမှာ ဖန်တုံးကို စိန်သဖွယ်
သွေး၍ စိန်ဖူးအဖြစ် တင်ထားတတ်တာကို တွေ့ရှိရပါတယ်။ နေသာချိန်တွင်
ထိုစိန်ဖူးတို့သည်လည်း မာကျူရီမီးလုံးသဖွယ် တောက်ပနေပြီး၊ အလျဉ်းသင့်သော
နေရာမှ ဖူးသော် ထိုစေတီမျိုးကို အဝေးမှပင် ဖူးတွေ့နိုင်ပါတော့တယ်။
စိန်ဖူးတော်ရဲ့အကြောင်း သိသမျှလေး ဖော်ပြလိုက်ပါတယ်။
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ...........

2/11/2011

မေတ္တာတရားသည် အဓိက

In this world
Hate never yet dispelled hate
Only love dispells hate.
This is the law,
Ancient and inexhaustible.
You too shall pass away.
Knowing this, how can you quarrel?

ဒီလောကတွင် အမုန်းတရားဖြင့်
အမုန်းတရားကို မငြိမ်းသတ်နိုင်...
မေတ္တာတရားကသာ အမုန်းတရားကို
ငြိမ်းသတ်နိုင်၏...
ဒီဥပဒေသသည် ယွင်းမှားမသွားနိုင်သော
ရှေးအစဉ်အဆက်တရားဖြစ်၏...
သင်ကိုယ်၌ပင် တစ်နေ့သေရအံ့မည်ကို
သိလျှင် မည်သည့်အတွက်ကြောင့်
ဖက်ပြိုင်ငြင်းခုန်၍ နေမည်နည်း....

2/09/2011

Valentin day ဆိုတာ ဘယ်လိုဖြစ်လာတာလဲ

ချစ်သူတွေ ကို သွားမေးရင်တောင် မသိလောက်ဝူး..ဒီတော့ ဖော်ပြလိုက်ပါတယ်.....

အေတီ ၃ရာစုတုန်းက ရောမမှာ နိုင်လိုမင်းထက် မင်းမှုနေတဲ့ Claudius
လို့ခေါ်တဲ့ မင်းတပါး အုပ်စိုးခဲ့တယ်။ နန်းတော်နဲ့ သိပ်မကွာဝေးတဲ့
နေရာတခုမှာ လှပတဲ့ ဘုရားကျောင်း တဆောင်ရှိတယ်။ အဲဒီ ကျောင်းမှာ Valentine
လို့ ခေါ်တဲ့ဘုန်းတော်ကြီးတပါး နေထိုင်တယ်။ရောမလူမျိုး ကြီးငယ်မရွေး၊
ဆင်းရဲချမ်းသာမရွေး အဲဒီဘုန်းတော်ကြီးကို လေးစားကြတယ်။ ကိုးကွယ်ကြတယ်။
အမြဲလိုလို လူစု လူဝေးနဲ့ ဘုရားရှေ့ ထွန်းညှိထားတဲ့ မီးလျှံတွေ
ကြားမှာဘုန်းတော်ကြီးရဲ့ဆုတောင်းမှုကို နာယူကြတယ်။

ရောမရဲ့ စစ်ပွဲက အဆက်ပြတ်တယ်လို့ မရှိခဲ့ဘူး။ ဘုရင်မင်းမြတ်က
ပြည်သူတွေကိုအတင်းအကျပ် သိမ်းသွင်းပြီး စစ်မြေပြင်ကို စေလွှတ်ခဲ့တယ်။
ယောက်ျားသားတွေက မိသားစုနဲ့ ချစ်သူတွေကို မခွဲချင်ကြဘူး။ Claudius ရဲ့
ရက်စက်ပုံက လူတွေကိုမင်္ဂလာ မဆောင်ရလို့ အမိန့်ထုတ်ခဲ့တယ်။ စေ့စပ်ထားကြတဲ့
လူတွေကိုလဲ စေ့စပ်ကြောင်းလမ်း ဖျက်သိမ်းရမယ်လို့ အမိန့်ထုတ်ခဲ့တယ်။
လူငယ်အများကချစ်သူကို နှုတ်ဆက်ပြီး စစ်မြေပြင်ကို ထွက်ခဲ့ ကြရတယ်။
မိန်းကလေးတွေ ကလဲချစ်သူတွေကို ဆုံးရှုံး လွမ်းဆွတ်ပြီး ကျန်နေခဲ့ရတယ်။

Claudius ရဲ့ ရက်စက်ပုံကို ဘုန်းတော်ကြီး Valentine က
စိတ်မကောင်းခဲ့ဘူး။အဲဒီအချိန်မှာ ချစ်သူစုံတွဲ တစ်တွဲက ဘုန်းတော်ကြီးကို
အကူအညီလာတောင်းခဲ့တယ်။ ဘုန်းတော်ကြီးက သူတို့နှစ်ဦးကို ဘုရားကျောင်းမှာ
တိုးတိုးတိတ်တိတ်လက်ထပ်ပေးလိုက်တယ်။ဒါကို တစ်ယောက်နား
တစ်ယောက်ပေါက်ကြားပြီး ဘုန်းတော်ကြီးရဲ့ အကူအညီနဲ့ ချစ်သူတွေဟာ
လက်ထပ်ဖြစ်ခဲ့ကြတယ်။

အဲဒီသတင်း ဘုရင့် နားဆီ ရောက်သွားခဲ့တယ်။
ဒေါသမိုးကြိုးအပြတ်ခြိမ်းလေပြီပေါ့။ ဘုရားကျောင်းကို စစ်သည်တချို့
စေလွှတ်ပြီး စုံတွဲတစ်တွဲကို
လက်ဆက်ပေးနေတဲ့ ဘုန်းတော်ကြီးကို ဖမ်းယူပြီး အချုပ်ထဲသွင်းထားလိုက်တယ်။
ဘုရင်မင်းရဲ့ စွပ်စွဲချက်ကို လူတွေက အသနား ခံခဲ့ကြတယ်။ ဒါပေမဲ့ အရာ
မရောက်ခဲ့ဘူး။ဘုန်းတော်ကြီးဟာ အချုပ်ထဲမှာပဲ နှိပ်စက်ညှင်းပန်းမှုတွေ
ခံပြီး ကွယ်လွန်သွားခဲ့ရတယ်။ လူတွေက သူ့ကို St. Praxedes ဘုရားကျောင်းမှာ
မြုပ်နှံခဲ့ကြတယ်။
အဲဒီနေ့က အေဒီ ၂၇၀ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ဖြစ်တယ်။

နောက်မှုကွဲ တစ်မျိုးက ဒီလို ဆိုထားပါတယ်။ ဘုန်းတော်ကြီး Valentine ဟာ
ခရစ်ယာန် ဘာသာဝင်ရဲ့ ကနဦးအစကတစ်ဦးလို့ ဆိုရပါမယ်။ အဲဒီခေတ်က
ခရစ်ယာန်ဘာသာဝင် တစ်ဦးဟာ သေမင်းနဲ့ ဘေးဥပါဒ်ကိုတောင် မမှုဘဲ မိမိဘာသာဝင်
လူမျိုးအတွက် အသက်
စတေးရဲခဲ့တယ်။ အချုပ်ထဲ ရောက်သွားတဲ့ အချိန်မှာလဲ မျက်စိမမြင်တဲ့
ထောင်မှူးရဲ့သမီးကို ဆေးကုသ ပေးခဲ့တယ်။ Claudius
က ဒီသတင်းကို ကြားတော့ တော်တော် တုန်လှုပ်သွားခဲ့တယ်။ Valentine ကို
လူထုရဲ့ ရှေ့မှာ သေဒဏ်ပေးဖို့ အမိန့်ချခဲ့ပြန်တယ်။ သေဒဏ်ပေးမဲ့
မနက်မှာValentineဟာ ထောင်မှူးသမီးကို နှုတ်ဆက်စာလေး တစ်စောင်ရေးပေးခဲ့တယ်။
စာအောက်ဆုံးမှာ ရေးထားတာကတော့ From your Valentine တဲ့။
သမိုင်းမှတ်တမ်းတင်တဲ့ လူတွေက ဒီအဖြစ်အပျက်ရဲ့ ရင်းမြစ်ကို
ဖော်ထုတ်ကြပြီး လူတွေကို ယုံကြည်မှုတွေ ပေးခဲ့တယ်။ အေတီ ၂၇၀ ရောမဘုရင်
ထီးနန်းတက်စတုန်းက ရောမမြို့ အနီးတစ်ဝိုက်ဟာ တောကြီးမြက်မဲနဲ့ ၀ံပုလွေတွေ
ပေါများခဲ့တယ်။
ရောမလူမျိုး ကိုးကွယ်တဲ့ နတ်ဘုရားမှာ Lupercus ဆိုတဲ့ နတ်ဘုရားလဲ
ပါဝင်ပြီး အဲဒီ နတ်ဘုရားဟာ လူနဲ့ ဆိတ်တွေကို အကာအကွယ်ပေးတဲ့
နတ်ဘုရားဖြစ်တယ်။ နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလလယ်မှာ
အဲဒီနတ်ဘုရားကိုပသပူဇော်တဲ့ပွဲ လုပ်ကြတယ်။ အဲဒီတုန်းက ပြက္ခဒိန်ဟာ အခုခေတ်
ပြက္ခဒိန်ထက် အနည်းငယ်နောက်ကျတယ်။ အဲတုန်းက နတ်ဘုရားကို
ပူဇော်တဲ့ပွဲဟာနွေဦးကို ကြိုဆိုတဲ့ပွဲလို့လဲ ပြောနိုင်တယ်။
ဒီပွဲဟာ နတ်ဘုရား Faunus ကို ပူဇော်တဲ့ ပွဲလို့လဲ တချို့ကပြောကြတယ်။
အဲဒီနတ်ဘုရားဟာ လူတပိုင်း ဆိတ်တစ်ပိုင်း ဖြစ်ပြီး ခေါင်းမှာ Pan
လို့ခေါ်တဲ့ဂျိုပေါက်နေတယ်။ တိရစ္ဆာန်နဲ့လူတွေကို ကာကွယ်စောင့်ရှောက်တယ်။
ဒီလိုနတ်ဘုရားကို ပူဇော်ပသတဲ့ ဖြစ်စဉ်အစဟာ ရှေးကတည်းက ရှိခဲ့တဲ့အတွက်
အေတီ၁ရာစုက
ရှိခဲ့တဲ့ ပညာရှင်တွေတောင် တိတိကျကျ မသိခဲ့ကြဘူး။ ဒါပေမဲ့
ဒီလိုနေ့မြတ်ရဲ့ အရေးပါပုံကိုတော့ ယုံမှားသံသယ မရှိခဲ့ကြဘူး။
သမိုင်းမှတ်တမ်းအရ Mark Antony ဟာ အေတီ ၄၄ခုနှစ်ရဲ့ နတ်ဘုရား
ပူဇော်ပွဲတစ်ခုမှာ သရဖူကို Jul ius Caesar လက်ထဲ
အပ်နှင်းလိုက်တယ်လို့ သိရတယ်။ နှစ်စဉ်နှစ်တိုင်းရဲ့ ဖေဖော်ဝါရီလ
၁၅ရက်နေ့မှာ ဘုန်းတော်ကြီးတွေဟာ ရောမမြို့မှာရှိတဲ့ Palantine
တောင်ထိပ်ရဲ့ ဂူတစ်ဂူဘေးမှာ စုဝေးကြတယ်။ ဒီဂူမှာ ဟိုးယခင်
နန်းတက်ခဲ့ဖူးတဲ့ Romilus and Remus ညီအစ်ကို
နှစ်ဦးကို ၀ံပုလွေမတစ်ကောင်က ကျွေးမွေး စောင့်ရှောက်ပြီး
ကြီးပြင်းခဲ့တဲ့ နေရာဖြစ်တယ်။ အဲဒီပွဲမှာ နောက်တမျိုး ကျင်းပပုံက
လူကုံထံများဟာ ဆိတ်သရေကြာပွတ်ကို ကိုင်ပြီး လမ်းတစ်လျောက်
ပြေးကြခြင်းပါပဲ။ အမျိုးသမီးတွေက ပြေးလမ်းရဲ့ ဘေးတဖက်စီမှာရပ်ပြီး
ခေါင်းကို ကြာပွတ်နဲ့ အရိုက်ခံကြတယ်။ အရိုက်ခံရမှ သူတို့ဟာ
သမီးလေးမွေးမယ်လို့ ယုံကြည်ကြလို့ပါပဲ။ လက်သင်ဘာသာမှာ ဆိတ်သရေ ကြာပွတ်ကို
februa
လို့ခေါ်တယ်။ ကြာပွတ်နဲ့ ရိုက်တာကို fabruatio လို့ခေါ်တယ်။ တကယ်တော့
စင်ကြယ်ခြင်း ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ နှစ်လပိုင်း February ဆိုတာ
အဲဒီကနေ ဖြစ်လာတာပါ။

ရောမရဲ့ အင်အားဟာ ကြီးလာပြီး ဥရောပတစ်ခုလုံး ပျံ့နှံ့လာခဲ့တယ်။
နတ်ဘုရားပူဇော်ပသတဲ့ အစဉ်အလာဟာ ပြင်သစ်၊ အင်္ဂလန်စတဲ့ နိုင်ငံတွေအထိ
ရောက်ခဲ့တယ်။ အဲလို ပူဇော်ပွဲမှာ လူကြိုက်များတာကတော့ ကံစမ်းမဲ
နိုက်တာပါပဲ။
မိန်းကလေးတွေရဲ့ နာမည်ကို သေတ္တာထဲ ထည့်ပြီး ယောက်ျားသားတွေက
မဲနှိုက်ကြတယ်။ နှိုက်မိတဲ့ မိန်းကလေးနဲ့ အဲဒီ ယောက်ျားလေးဟာ
ချစ်သူတွေဖြစ်သွားကြတယ်။ နှစ်တွေကြာလာတော့ ခရစ်ယာန်တွေ
အမှတ်တရထားတဲ့ဒီလို ထုံးတမ်းစဉ်လာဟာ တဖြည်းဖြည်းနဲ့
ပျောက်ကွယ်လာခဲ့တယ်။ ဘုန်းတော်ကြီးတွေက ဒီပွဲကို လူတွေ မေ့လျော့ကုန်မှာ
စိုးတာနဲ့ အရင်က ကျင်းပခဲ့တဲ့
Lupercalia ပွဲကို Valentine 's Day လို့ပြောင်းပြီး ဖေဖော်ဝါရီလ ၁၄
ရက်နေ့ကို ရွေးခဲ့ကြတယ်။ဘုန်းတော်ကြီး Valentineရဲ့ ရာဇ၀င်နဲ့ ရှေးယခင်က
ရှိခဲ့တဲ့နတ်ဘုရားပူဇော်တဲ့ ပွဲနှစ်ခုကို ပေါင်းစပ်လိုက်ကြတယ်။

ဒီပွဲဟာ ရာစုနှစ်လယ်လောက်က အင်္ဂလန်မှာ တော်တော် ခေတ်စားခဲ့တယ်။
မဲနှိုက်မိတဲ့ အပျိုနဲ့ လူပျိုနှစ်ဦးဟာ လက်ဆောင် ပစ္စည်းတွေ လှဲလှယ်ကြပြီး
မိန်းကလေးက အဲဒီတစ်နှစ်အတွင်းမှာ ယောက်ျားလေးရဲ့ Valentine ဖြစ်ရတယ်။
ယောက်ျားလေးရဲ့ အင်္ကျီမှာတော့ မိန်းကလေးနာမည်ကို ဇာထိုးထားရပြီး
အဲဒီမိန်းကလေးကို ကြည့်ရှူစောင့်ရှောက်ဖို့ တာဝန်ယူရတယ်။
သမိုင်းအထောက်အထားအရ
ဒီလိုစုံတွဲမျိုးဟာ ၁၅ ရာစု နှစ်စမှာ ရှိခဲ့တယ်။

ငယ်ရွယ်တဲ့ ပြင်သစ်မင်းသား Duke of Orleans ဟာ Agincourt စစ်ပွဲမှာ
အင်္ဂလိပ် စစ်သည်တို့က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လန်ဒန်မှာ
နှစ်အတော်ကြာချုပ်နှောင်ခြင်းကို ခံခဲ့ရတယ်။ မင်းသားဟာ သူ့
ကြင်ယာတော်အတွက် ကဗျာတွေစပ်ခဲ့တယ်။သူ့ ကဗျာပေါင်း ၆၀ကို ဒီနေ့ထက်ထိ
သိမ်းဆည်းထားပါတယ်။

နှစ်၂၀၀ နောက်ပိုင်းရောက်မှ ပန်းတွေနဲ့ လုပ်ထားတဲ့ စာတွေ၊ ပစ္စည်းတွေ ပေါ်ခဲ့တယ်။
ပြင်သစ်ဘုရင် Henry IV ရဲ့ သမီးတော်တစ်ဦးက Valentine's Day
မှာကြီးကျယ်တဲ့ညစာစားပွဲတစ်ခု ပြုလုပ်ခဲ့တယ်။အရွေးခံရတဲ့ မိန်းကလေးက
လာရွေးသူ ယောက်ျားလေးဆီကပန်းတစ်စည်းကို လက်ဆောင်ရကြတယ်။

ဒီလိုနဲ့ ဒီအစဉ်အလာဟာ အီတလီ၊ ပြင်သစ်၊ အင်္ဂလန် စတဲ့ နေရာအသီးသီး
ပျံ့နှံ့ခဲ့တယ်။ နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလ (၁၄)ရက်နေ့ဟာ သူငယ်ချင်း၊
ချစ်သူတွေကိုပန်းစည်းတွေ၊ အသဲပုံ ချိုချဉ်တွေ၊ အချစ်စာလွှာနဲ့
လက်ဆောင်ပစ္စည်းတွေ ပေးပို့တဲ့လဖြစ်ခဲ့တယ်။ ဒီလို အပြန်အလှန် လက်ဆောင်တွေ
ဖလှယ်ကြခြင်းဖြင့် ကိုယ်ရဲ့စစ်မှန်တဲ့ အချစ်ကို သက်သေပြရုံမက ရက်စက်တဲ့
ဘုရင်ကို တော်လှန်ခဲ့တဲ့
ဘုန်းတော်ကြီး Valentine ကိုလဲ အောက်မေ့ ဂုဏ်ပြုရင်းနဲ့ပေါ့။
(သူငယ်ချင်းတွေလည်း လက်ဆောင်ပေးလို့ရတယ်နော်။ ဟီး လိုချင်လို့ ပြောတာ မဟုတ်ဘူး။)

2/08/2011

ဘားကမ့်ဆိုတာ ဘာလဲ

တကယ်တော့ ဘားကမ့်ဟာ လွတ်လပ်တဲ့ ဆွေးနွေးချက်တွေကို အခြေခံမယ့် အပြန်အလှန်
အနီးကပ်ဆုံး ဆွေးနွေးနိုင်တဲ့ပွဲတွေဖြစ်ပါတယ်။ ဘယ်သူက
ဘယ်လိုအကြောင်းအရာတွေကို ဆွေးနွေးပြောကြားမယ်ဆိုတာကို ပွဲအတွင်းရောက်မှသာ
ခံစားသိရှိနိုင်တဲ့အတွက် ဘားကမ့်ကို တက်ရောက်လာသူတွေကသာ ပွဲကို
ပုံဖော်သွားကြတဲ့အတွက် တစ်ဦးကနေ အများဆိုတဲ့ အစဉ်အမာမဟုတ်တော့ဘဲ
အများကနေ နောက်ထပ် အများကို ထပ်ပြီး လက်ဆင့်ကမ်းပေးတဲ့
နှီးနှောဖလှယ်ပွဲတွေ ဖြစ်ပါတယ်။ ဘားကမ့်တွေကို ကဏ္ဍအမျိုးမျိုးအတွက်
ဆင်ယင်ကျင်းပလာကြပေမယ့် ဒီအစဉ်အလာကတော့ ပျောက်ပျက်မသွားဘဲ ပုံမှန်
ဆွေးနွေးပွဲတွေ ဟောပြောပွဲတွေကနေ ခွဲထွက်လာခဲ့ပြီး လူကြီး လူငယ် ပညာရပ်
နည်းပညာ စတာတွေကို စုစည်းပေါင်းစုံပေးတဲ့ ပေါင်းကူးလို့လည်း
ပြောလို့ရပါတယ်။
ဘားကမ့်ရန်ကုန် ပထမအကြိမ်တုန်းကတော့ နိုင်ငံတကာ ဘားကမ့်တွေထက်
ပိုမိုစည်းကားတာကို တွေ့ရှိခဲ့ရပါတယ်။ ယခုတစ်ကြိမ် ဘားကမ့်ရန်ကုန်
ထပ်လုပ်မှာဆိုရင်တော့ မြန်မာနိုင်ငံအတွက်ရော ရန်ကုန်မြို့အတွက်ပါ
ဒုတိယအကြိမ်မြောက် ကျင်းပတဲ့ ပွဲလည်း ဖြစ်ပါတယ်။
နိုင်ငံတကာမြို့ကြီးတွေနဲ့ အာရှ အထူးသဖြင့် အရှေ့တောင်အာရှမှာဆိုရင်လည်း
ဘားကမ့်တွေကို တစ်မြို့ပြီး တစ်မြို့၊ နိုင်ငံတစ်ခုပြီး တစ်နိုင်ငံ
ဆက်လက်ကျင်းပလာတာကို ကြည့်ခြင်းအားဖြင့် ဘားကမ့်တွေရဲ့
ထိရောက်အောင်မြင်မှုကို ခံစားသိရှိနိုင်မှာ ဖြစ်ပါတယ်။ ပထမအကြိမ်
ဘားကမ့်ရန်ကုန်ကို ကျင်းပခဲ့စဉ်က စီစဉ်ဆောင်ရွက်သူတွေ၊
ပူးပေါင်းပါဝင်သူတွေ၊ တက်ရောက်သူတွေကြောင့် ကမ္ဘာတစ်ဝှမ်း ကျင်းပခဲ့တဲ့
ဘားကမ့်တွေထဲမှာ အထူးခြားဆုံး တက်ရောက်သူ အများဆုံးဖြင့်
မော်ကွန်းတင်နိုင်ခဲ့ပါတယ်။
ဒါကြောင့် ဒီနှစ်မှာ ဆက်လက်ကျင်းပမယ့် ဒုတိယအကြိမ်မြောက်
ဘားကမ့်ရန်ကုန်ကိုလည်း ဆက်လက်အောင်မြင်ဖို့ နည်းပညာနယ်ပယ်နဲ့
အခြားပညာရပ်နယ်ပယ်အသီးသီးက လူကြီးလူငယ်များကို တက်ရောက်ဆွေးနွေးကြဖို့
ဖိတ်ခေါ်လိုပါတယ်။
တချို့နိုင်ငံတွေမှာ ဘားကမ့်ကို တစ်ကြိမ်မက ကျင်းပခဲ့ကြတဲ့အတွက် Barcamp
NY4, Barcamp Bangkok 4, Barcamp Singapore 2010 အဲလို
နာမည်လေးတွေတပ်ပြီး ကျင်းပကြပါတယ်။ ပထမတစ်ကြိမ်တုန်းကတော့ ဘားကမ့်ရန်ကုန်
၂၀၁၀ လို့ အမည်တပ်ခဲ့သလိုပဲ ယခု ဒုတိယအကြိမ်လုပ်မယ့်ပွဲကိုလည်း Barcamp
YGN2 ဒါမှမဟုတ် Barcamp Yangon 2 လို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ဘားကမ့်ရန်ကုန် ၂၀၁၁ ရည်ရွယ်ချက်တွေကတော့
ဘားကမ့်တိုင်းမှာ ရည်ရွယ်ချက်တွေက တညီတညာတည်းရှိတတ်ကြပါတယ်။
ဘုံရည်မှန်းချက်လို့လည်း ခေါ်လို့ရပါတယ်။ ဘာလဲဆိုတော့ တစ်ဦးနဲ့ တစ်ဦး၊
တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပညာရပ်နယ်ပယ်တွေနဲ့ အသိပညာပိုင်း၊ အတတ်ပညာပိုင်း
ကွာခြားချက်တွေကို ပိုမိုကျဉ်းမြောင်းသွားစေဖို့နဲ့ အတူယှဉ်တွဲ
ပူးပေါင်းဆောင်ရွက်သွားနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ
ပိုမိုပေါ်ပေါက်လာစေဖို့ နီးကပ်စွာ ဆောင်ရွက်ကြပြီး သာလွန်ကောင်းမွန်တဲ့
လူသားအကျိုးပြု၊ နည်းပညာတွေကို ထိထိရောက်ရောက် ဆောင်ရွက်လာနိုင်ဖို့
တစ်ဦးတစ်ယောက် တစ်ဖွဲ့ကနေပြီး ချုပ်ကိုင်ဆောင်ရွက်လာမှုတွေကို တားဆီးပြီး
လွတ်လပ်တဲ့ လူမှုအဖွဲ့အစည်းတွေ နည်းပညာဆိုင်ရာ အဖွဲ့အစည်းတွေ
ဆက်လက်ပေါ်ပေါက်ရှင်သန်ကြဖို့ဘဲ ဖြစ်ပါတယ်။
ဘားကမ့်ရန်ကုန် ၂၀၁၁ ရဲ့ ရည်ရွယ်ချက်တွေကလည်း ထို့အတူ
ပြည်တွင်းမှာရှိကြတဲ့ လူကြီးလူငယ်တွေအနေနဲ့ မိမိတို့စိတ်ပါဝင်စားစရာ
နယ်ပယ်တွေမှာ ဝါသနာတူတွေ ပိုမိုစုစည်းစေနိုင်ဖို့၊ မိမိတို့ရရှိထားတဲ့
နည်းပညာတွေ အသိပညာတောကို အများသူငှာကို လွတ်လပ်စွာ မျှဝေစေနိုင်ဖို့၊
အဖွဲ့အစည်းတွေချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြင့်တက်လာစေရန်
ကြိုးစားပြီး မြန်မာ့သတင်းအချက်အလက်နဲ့ နည်းပညာ အသိုင်းအ၀ိုင်းကို
လက်ရှိအနေအထားထက် ပိုမို ပွင့်လင်းလာတဲ့ အခွင့်အလမ်းနဲ့
ပိုမိုကောင်းမွန်တဲ့ အနေအထားဖြစ်လာအောင် ဝိုင်းဝန်းတည်ဆောက်ကြဖို့ ဆိုတဲ့
ရည်ရွယ်ချက်တွေပဲ ဖြစ်ပါတော့တယ်။

ရန်ကုန်ဘားကမ့် ၂၀၁၁ ကိုတော့ ဖေဖော်ဝါရီလ ၁၉ ရက် ၂၀ ရက်တွေမှာ
မြန်မာအင်ဖိုတက်မှာ မနက် ၉ နာရီမှ ညနေ ၆ နာရီထိ ကျင်းပမည်ဖြစ်ကြောင်း
သတင်းကောင်းပါးလိုက်ပါတယ်။