4/27/2009

နိုင်ငံကျော် ပညာရှင်များရဲ့ အဆိုအမိန့်


Wisdom entereth not into a malicious mind.
( Rabelous)
အမြော်အမြင် ဥာဏ်ပညာဆိုတာ မလိုတမာရှိတဲ့စိတ်ထဲကို ၀င်ရောက်မလာပါဘူး။

**************************************************************
Most of the time
we think we're sick,
it's all in the mind.
(Themas Wolfe)

အချိန်တိုင်းလိုလိုမှာ ကျွန်ုပ်တို့ နေမကောင်းဘူးလို့ တွေးနေတတ်တယ်။ အဲဒီအတွေးဟာ စိတ်ထဲမှာ အမြဲရှိနေတယ်။

**************************************************************
We are, perhaps, uniquely among the earth's creatures, the worrying animal. We worry away our lives, fearing the future, discantent with the present, unable to take in the idea of dying, unable to sit still.
(Lewis themas)

**************************************************************
Every good thought you think is contributing its share to the ultimate result of your life.
(Grenville Kleiser)


**************************************************************
And we are here as on a darkling pkain swept with cenfused alarms of struggle and flight,
Where ignorant armies clash by night.
(Matthew Arnoid)


**************************************************************
It is common sense to take a method and try it. If it fails admit it frankly and try another. but above ally try something.
(Franklin D.Roosevelt)

နည်းလမ်းတစ်ခုကို ယူပြီးလုပ်ကြည့်တာက ဘ၀ပေးအသိဖြစ်တယ်။ မအောင်မြင်ဘူးဆိုရင် ပွင့်ပွင့်လင်းလင်း ၀န်ခံလိုက်ပြီး နောက်တစ်နည်းနဲ့ ကြိုးစားပါ။ ဒါပေမယ့် ဖြစ်နိုင်စရာ အကောင်းဆုံးကတော့ တစ်ခုခုကို ကြိုးစားနေပါ။

*****************************************************************
There is no cure for birth and death save to enjoy the interval.
(George Santayana)
မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကို ပျောက်ကင်းစေတဲ့ ကုထုံးမရှိပါ။ ကြားကာလကို မွေ့လျော်ဖို့ အချိန်ကို ဖယ်ထားပါ။

*****************************************************************
People diving deeply have no fear of dedth.
(Anais Nin)
ဘ၀ထဲမှာ နက်နက်ရှိုင်းရှိုင်း နေနေကြသူတွေမှာ သေခြင်းကို ကြောက်ရွံ့မှု မရှိကြပါ။

*****************************************************************
For certain is death for the born
And Certuin is birth for the dead;
Therefore over the inevitable,
Thau Shouldst not grieve.
(Bhagavad Gita)
သေခြင်းဟာ မွေးဖွားလာသူအတွက်ဆိုတာ ယိုးမှားဖွယ်မရှိပါ။ ထို့အတူ မွေးဖွားခြင်းဟာ သေဖို့ဆိုတာ ယုံမှားဖွယ်မရှိပါ။ ဒါတောင် ရှောင်လွှဲလို့မရတဲ့အပေါ်မှာ သင်တို့ ပူဆွေးသောက ဖြစ်နေစရာ မလိုပါ။

*****************************************************************
Is There "cure" for a broken heart?
Only time can heal your broken heart,
just as only time can heal his broken arms and logs.
(Miss Piggy)
အသည်းကွဲတာကို ကုသနိုင်တဲ့ဆေး ရှိပါသလား။
သူရဲ့ ကျိုးသွားတဲ့ခြေတွေ၊ လက်တွေကို အချိန်က ပျောက်ကင်းအောင် ကုသပေးနိုင်သလို ကွဲနေတဲ့ သင့်ရဲ့အသည်းကိုလည်း အချိန်က ကုစားပေးပါလိမ့်မယ်။

*****************************************************************
Love truth,
but pardon error
                            (Voltaire)
အမှန်တရားကို မြတ်နိုးပါ။
ဒါပေမယ့် အမှားကို ခွင့်လွှတ်ပါ။

*****************************************************************

4/24/2009

အွန်လိုင်းအဘိဓာန်အလွယ်တကူ အသုံးပြုနိုင်ခြင်း




ဆိုက်လို့ ခေါ်မလား လင့်လို့ပဲခေါ်မလား တစ်ခုရရှိခဲ့ပါတယ်။  အဲဒါက ဘာလဲဆိုတော့ အွန်လိုင်းမှာ သုံးလို့အဆင်ပြေအောင် လုပ်ထားတဲ့ အွန်လိုင်း အင်္ဂလိပ်-မြန်မာ အဘိဓာန်ဖြစ်ပါတယ်။ ဘယ်က လုပ်တာလဲဆိုတာတော့ ကျွန်မလည်း မသိပါဘူး။ MZ ကလို့တော့ ကျွန်မ ယူဆမိပါတယ်။ ဟုတ်လား မဟုတ်လားတော့ မပြောတတ်ပါ။ ဂျီတော့မှာ လင့်ကို အက်လိုက်ရုံပါပဲ။ မဆိုးဘူးလို့ ပြောရမယ်ထင်တယ်။ လက်ရှိမှာတော့ သိပ်မစုံလင်သေးတာကို တွေ့ရှိရတယ်။ ဥပမာ Noun လောက်ပဲ သေချာစုံလင်အောင် ချပြတာကို တွေ့ရတယ်။ ကျန်တာက သိပ်တော့ မစုံလင်သေးဘူး။ Link လေးကတော့ ကိုယ့်ရဲ့ဂျီတော့မှာ add နေရာမှာ အစားထိုးရိုက်ထည့်လိုက်ရုံနဲ့ ကိုယ့်ရဲ့ဂျီတော့မှာ မီးစိမ်းလာရင် အသုံးပြုလို့ရပါပြီ။ Link ကတော့ en2mm@mmgeeks.org ဆိုတဲ့ Link လေးတစ်ခုပါပဲ။ အင်္ဂလိပ်လို ရိုက်ရှာရင် မြန်မာလို အဓိပ္ပာယ်ထွက်ပေးတဲ့ အွန်လိုင်းအဘိဓာန်လေးတစ်ခုပါ။ အလွယ်တကူ အသုံးပြုလို့ရတဲ့အတွက် ကျွန်မ အလွန်ပဲ ၀မ်းသာမိပါတယ်။ ဆိုက်တွေဖွင့်တဲ့အခါ စာလုံးအခက်အခဲဖြစ်ရင် စာအုပ်ဖွင့်ဖတ်နေရတဲ့ ဒုက္ခကနေ လွတ်သွားရတဲ့အတွက်ကြောင့်ပေါ့..... အားလုံးသိပြီးသားလည်း ဖြစ်ချင်ဖြစ်မှာပါ။ ကျွန်မကတော့ ခုမှသိတဲ့အတွက် ခုမှ ပြန်လည်ဝေမျှလိုက်ရခြင်းပဲ ဖြစ်ပါတယ်။
အပြန်အလှန်ဆိုရင်တော့ အောက်ပါအတိုင်းတစ်ခုခုရိုက်ပြီးနောက်က @bot.talk.google.com ထည့် Addပါ။
ar2en, en2ar (Arabic<->English)
bg2en (Bulgarian->English)
de2en, en2de (German<->English)
de2fr, fr2de (German<->French)
el2en, en2el (Greek<->English)
es2en, en2es (Spanish<->English)
fi2en (Finnish->English)
fr2en, en2fr (French<->English)
hi2en (Hindi->English)
hr2en (Croatian->English)
it2en, en2it (Italian<->English)
ja2en, en2ja (Japanese<->English)
ko2en, en2ko (Korean<->English)
nl2en, en2nl (Dutch<->English)
ru2en, en2ru (Russian<->English)
uk2en (Ukrainian->English)
ur2en (Urdu->English)
zh2en, en2zh (Chinese<->English)

en2mm@mmgeeks.org အင်္ဂလိပ် မြန်မာက ဒါနဲ့ မရရင် en2mm2@mmgeeks.org နောက်မှာ နံပါတ်လေးတွေထည့်ကြည့်လေနော်.. တစ်ဦးနဲ့တစ်ဦး မတူဘူးလို့ သိရတယ်။
အားလုံးအဆင်ပြေမယ်လို့ ထင်ပါတယ်နော်။ လိုအပ်တဲ့ဘာသာစကားကို add ထားပေါ့နော်။

4/23/2009

ကံဆိုတာ ဘာလဲ.....

" ဖေဖေ၊ လူတစ်ယောက်နဲ့ တစ်ယောက် ကံချင်းမတူနိုင်သလို ပါရမီချင်း မတူနိုင်ဘူးလို့ လူတော်တော်များက ပြောနေကြတယ်။ ကံဆိုတာဘာလဲ၊ ပါရမီဆိုတာကရော  ဘယ်နှစ်ပါးရှိလဲဟင် ?"

" သမီး ကံဆိုတာ ပါဠိသက် ကမ္မက ဆင်းသက်လာတာ။ အင်း ပြောရရင်တော့ သမီးရယ် အလုပ်လို့ ခေါ်တယ်။ မြတ်စွာဘုရားက "အကြင်သူသည် ကံကို ပြုငြားအံ့၊ ထိုကံ၏ အကျိုးကို အကြင်သူသည် ခံစားရလတ္တံ့" လို့ ဆုံးမခဲ့ဖူးတယ်။ ဆိုလိုတာကတော့ ကိုယ်က ကောင်းမှုကို ပြုရင် ကောင်းတဲ့အကျိုးကို ခံစားရမယ်ပေါ့။ ဒါကြောင့်လည်း "ကိုယ်ပြုတဲ့ကံ ကိုယ့်ဆီပြန်"လို့ ဆိုကြတယ်မလား။ ဘယ်အလုပ်ကိုပဲလုပ်လုပ် သမီး မှတ်ထားဖို့က စေတနာနဲ့လုပ်၊ စိတ်ကောင်းနဲ့လုပ်၊ ကိုယ်ချင်းစာတရားနဲ့လုပ်၊ ၀ီရိယထည့်ပြီး ကြိုးစားပမ်းစားလုပ်။ ဒါဆိုရင် သမီး အမြဲကံကောင်းနေမှာ။ စေတနာကောင်းရင် ကံကောင်းတယ်ဆိုတဲ့ စကားလည်း ရှိတယ်လေ"

"ဟုတ်ပါတယ် ဖေဖေ။ သမီး ဒါကို ယုံကြည်ပါတယ်။ ဘယ်အလုပ်ပဲလုပ်လုပ် ကိုယ့်တာဝန်ကိုယ်ကျေအောင် လုပ်မယ်။ ပြီးတော့ အောင်မြင်ရမယ်ဆိုတဲ့စိတ်ကိုလည်း သမီးရင်ထဲမှာ စွဲစွဲမြဲမြဲထားပါတယ်။ နောက်ပြီး စိတ်ထားကောင်းရင် ကံကောင်းမှာပဲဆိုတာ သမီး လက်ခံထားမိတယ်။ ဘယ်သူတွေ ဘယ်လောက် ကောင်းကောင်း မကောင်းကောင်း သမီးဘက်က သည်းခံသင့်တဲ့အတိုင်းအတာထိ တတ်နိုင်သရွေ့ သမီး ကောင်းအောင် နေသွားမှာပါ။ ဘုန်းဘုန်းအရှင်ရာဟုလာက cbox ထဲမှာ လာရေးသွားတယ်ဖေဖေ။ အရမ်းကြီး သည်းခံနေရင်လည်း လူတုံးလူအ ဖြစ်သွားလိမ့်မယ်တဲ့။ သြော် ဒါနဲ့ ပါရမီဆိုတာကရော...."

"အင်း လောကမှာ သည်းခံခြင်းသည် အောင်မြင်ခြင်းဆိုတဲ့ ဆိုရိုးစကားရှိတယ်သမီး။ ဒါပေမယ့် လူတွေက သည်းခံမှုဆိုတာ နားမလည်ကြဘူးလေ။ သည်းခံတာကို ဒီလူက လူတုံး လူအပါလို့ ဝေဖန်ပြစ်တင်ကြတာလေ။ လူအမျိုးမျိုး စိတ်အထွေထွေပေါ့သမီးရယ်။ အဲ ပါရမီကတော့ (၁၀) ပါးရှိတယ်။ အဲဒီ (၁၀) ပါးကတော့
၁။ ဒါနပါရမီ    - စွန့်လွှတ်ခြင်း
၂။ သီလပါရမီ    - ကိုယ်ကျင့်ကောင်းခြင်း
၃။ နေက္ခမ္မပါရမီ    - တပ်မက်မှုကင်းခြင်း
၎။ ပညာပါရမီ    - အမှန်အတိုင်းသိမြင်ခြင်း
၅။ ၀ီရိယပါရမီ    - ဇွဲလုံ့လရှိခြင်း
၆။ ခန္တီပါရမီ    - သည်းခံခြင်း
၇။ သစ္စာပါရမီ    - မှန်ကန်ခြင်း
၈။ အဓိဋ္ဌာန်ပါရမီ    - ခိုင်မာသော ဆုံးဖြတ်ချက်ထားရှိခြင်း
၉။ မေတ္တာပါရမီ    - မေတ္တာစိတ်ထားရှိခြင်း
၁၀။ ဥပေက္ခာပါရမီ    - လျစ်လျူရှုထားခြင်း ဆိုတဲ့ ပါရမီ ၁၀ ပါးရှိတယ်လေ။

သမီးလည်း ပါရမီ ၁၀ ပါးကို အသိနဲ့သတိလေးကပ်ပြီး ဘယ်အရာကိုမဆို အသိတရားနဲ့လုပ်၊ ပညာနဲ့လုပ်၊ ဗြဟ္မစိုရ်တရားလေးပါးဖြစ်တဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခောတရား လက်ကိုင်ထားပြီး လုပ်ပါ။ ဒါဆိုရင် သမီးဟာ အမြဲ ကံကောင်းနေမယ်လို့ ဖေဖေ ယုံကြည်စိတ်ချနေမယ် သမီး"

"ဟုတ်ကဲ့ပါဖေဖေ။ သမီး တတ်နိုင်သမျှ ကြိုးစားနေထိုင်သွားမှာပါ။ ဒီလိုသာ လူတိုင်းလူတိုင်း ကျင့်ကြံနေထိုင်သွားကြမယ်ဆိုရင် သမီးလိုပဲ သူတို့လည်း ကံကောင်းကြမှာပေါ့နော်"

4/21/2009

RECORD OF THE SACRED PAGODA

ကျောက်တန်းမြို့နယ် ကျိုက်မှော်ဝန်း ရေလယ်စေတီတော်

ကျောက်တန်းမြို့မှာ ရှိတဲ့ ကျိုက်မှော်ဝန်းစေတီကို တောင်သူလယ်သမားနေ့တွင် သွားရောက်ဖူးမြော်ခဲ့ပါတယ်။ ငါးစာများလည်း ပျော်ရွှင်စွာနဲ့ ကျွေးခဲ့ပါတယ်။ သူငယ်ချင်းတို့လည်း သွားရောက်လည်ပတ်ရင်း ကုသိုလ်များ ပြန့်ပွားနိုင်စေခြင်း ရည်ရွယ်ချက်ဖြင့် သိသလောက်ကို ပြောပြရခြင်း ဖြစ်ပါတယ်ရှင်။

သာသနာနှစ် (၂၁၅) ခုနှစ်တွင် ပါဒနိုင်ငံတော်ကြီးကို စတင်တည်ထောင် နန်းတည်စိုးစံခဲ့သော ဘောဂသေနမင်းသည် ဆရာရသေ့ ပေးအပ်လာသော ဘုရားရှင်၏ ဆံတော်နှင့် ဓာတ်တော်များကို ဌာပနာ၍ သာသနာသက္ကရာဇ် (၂၃၈) ခုနှစ်၌ ဆရာ ရသေ့ ညွှန်ပြရွေးချယ်ပေးသော ကျောက်ခုံပေါ်၌ ဥာဏ်တော် (၇) တောင်ရှိသော ကျိုကမျှော်ကဋော့ စေတီတော်ကို စတင်တည်ခဲ့ပါသည်။
ဘောဂသေနမင်းမှ (၁၀) ဆက်မြောက်ဖြစ်သော တွတ္တနာဂမင်းကြီး လက်ထက်တွင် သီဟိုဠ်ဘုရင်ထံမှ လက်ဆောင် ပဏ္ဏာအဖြစ် ရရှိခဲ့သော ဆံတော် (၁) ဆူ၊ ဓာတ်တော် (၂၇) ဆူကို ရွှေကြုတ်၊ ငွေကြုတ်တွင် ထည့်ပြီး သီရိလင်္ကာမှ ကြွရောက်လာသော ရဟန္တာအရှင်သူမြတ် (၈) ပါး မိန့်ကြားချက်နှင့်အညီ မူလကျိုက်မျှော်ကဋော့စေတီတော်တွင် ဌာပနာ၍ အဓိဌာန် (၃) ချက်ပြုကာ ပြုပြင်တည်ဆောက်ခဲ့ပါသည်။

အဓိဌာန် (၃) ချက်မှာ
(၁) စေတီတော်၏ ရင်ပြင်ကို ရေမလွှမ်းမိုးနိုင်စေသတည်း။
(၂) လာသမျှ ရဟန်းရှင်လူအပေါင်း ရင်ပြင်တော်ပေါ်၌ နေလောက်စေသတည်း။
(၃) စေတီကို ပြုပြင်လှူဒါန်းသူသည် ပစ္စုပ္ပန်၌ပင်လျှင် လောကီစီးပွားတိုးတက်ပါစေသတည်း။

ဆိုပြီး အဓိဌာန်ပြုခဲ့တာကြောင့် ဒီကနေ့အထိ တည်မြဲစွာ ရှိနေခဲ့ပါတယ်။
 ကောဇာသက္ကရာဇ် ၁၂၇၁ ခုနှစ်၌ အမိန့်တော်အရ ရှေ့နေဦးဘထွန်း၏ ဇနီး ဒေါ်ဒေါ်သက်၏ အိပ်မက်အရ ကျိုက်မှော်ဝန်းချောင်း ရေလယ်တွင်ရှိသော ကုန်းတော်ပေါ်သို့ ရောက်ရှိပြီး ဥာဏ်တော် (၇) တောင်ရှိ စေတီပျက်ကို တွေ့ရှိ၍ ဥာဏ်တော် (၃၄) တောင်၊ မုဋ် (၄) ဆင့် ပါသော စေတီတော်ကို မူလစေတီငယ်ကို ငုံ၍ တည်ဆောက်ခဲ့ပါသည်။ စေတီတော်ဘွဲ့ကိုလည်း ကျိုက်မျှော်ကဋော့မှ ကျိုက်မှော်ဝန်းရေလယ်စေတီတော်ဟု ဘွဲ့တော်ပြုခဲ့ပါသည်။
သက္ကရာဇ် ၁၃၁၀ ခုနှစ်၊ ၀ါဆိုလ၌  ငှက်ပျောဖူးမြေခပြီး ထီးတော်ပါကျ၍ ကျောက်တန်းမြို့ အရှေ့ပိုင်း ကမ်းနားလမ်းနေ ဦးကျော် + ဒေါ်စိန်မေမှ လှူဒါန်းသော ထီးတော်သစ်ကို ၁၃၁၁ ခု၊ ကဆုန်လပြည့်နေ့၌ ပြန်တင်ခဲ့ပါသည်။ ထိုမှတစ်ဆက်တည်း ဂေါပကအဆက်ဆက်မှ စေတီတော်ကို ပြုပြင်ထိန်းသိမ်းခဲ့ပါသည်။

သာသနာသက္ကရာဇ် ၂၅၃၃ ခု၊ မြန်မာသက္ကရာဇ် ၁၃၅၁ ခုတွင် နိုင်ငံတော်က ဦးဆောင်၍ တိုင်းသူပြည်သားအပေါင်းတို့အတူ တစ်ပြည်လုံးရှိ ရှေးဟောင်းစေတီများ ပြုပြင်မွမ်းမံလျက်ရှိရာ ကျောက်တန်းမြို့ ကျိုက်မှော်ဝန်းရေလယ် စေတီဘက်စုံအဖွဲ့နှင့် ဂေါပကအဖွဲ့မှ ရွှေချခြင်း၊ စေတီတော်မူလရင်ပြင်တော်ကို အရှေ့ဘက်၊ တောင်ဘက်၊ အနောက်ဘက်တို့၌ ၁၅ ပေခန့် တိုးချဲ့ခြင်း၊ ကုန်းတော်အရှည်တည်စေရန်အတွက် ကျောက်ချခြင်း၊ အာရုံခံတန်ဆောင်များ အသစ်တည်ဆောက်ခြင်း၊ အဟောင်းများ ပြင်ဆင်ခြင်း၊ ရင်ပြင်၌ အပူခံကျောက်ပြားများ ခင်းခြင်းတို့ကို ဆောင်ရွက်လျက် ရှိနေပါသည်။
၁၃၅၁ ခုနှစ်မှ ၁၃၅၉ ခုနှစ်အထိ ကျပ်သိန်းပေါင်း (၁၅၀၀) ဖိုး ဘက်စုံတည်ဆောက်ခဲ့ပါသည်။
ယခုအခါ အလွန်သွားရ လွယ်ကူသော ကျောက်တန်းရေလယ်ဘုရားသည် ဘုရားဖူးများနဲ့ အမြဲစည်ကားသိုက်မြိုက်စွာ ဖူးမြော်တွေ့ရှိခဲ့ပါတယ်။

ကျိုက်မှော်ဝန်းရေလယ်စေတီတော်၏ ကုန်းတော်ပေါ်ရှိ အခြား ဖူးမျှော်အဓိဋ္ဌာန်ပြုနိုင်သည့်နေရာများစွာလည်း ဘုရားရင်ပြင်တော်ပေါ်တွင် ဖူးတွေ့နိုင်ပါသေးသည်။

ဆုတောင်းပြည့်ငါးစပ်ဘုရား
၁၂၁၈ ခုနှစ်တွင် ကျောက်တန်းမြို့နယ်၊ မင်္ဂလွန်းကျေးရွာအရှေ့၊ ဘုန်းတော်ကြီးကျောင်းတွင် တည်ထားကိုးကွယ်ခဲ့ပါသည်။ ကျိုက်မှော်ဝန်းရေလယ်စေတီ ကုန်းတော်ပေါ်သို့ ၁၃၀၀ ခုနှစ်တွင် ပြောင်းရွေ့ကိန်းဝပ် ပူဇော်ခဲ့ရာ ယနေ့အထိပင် ဖြစ်ပါသည်။ ဘုရားဖူးပါရမီရှင်များမှ ဆုတောင်းပူဇော် အဓိဠာန်ပြုရာတွင် ဆုတောင်းပြည့်သည်ဟု လက်ခံယုံကြည်ကြပါသည်။

ရှင်ဥပဂုတ္ထမထေရ်
ရေလယ်စေတီကုန်းတော်ပေါ်တွိင် လွန်ခဲ့သည့် နှစ်ပေါင်း (၆၀) ခန့်က တည်ထားကိုးကွယ်ခဲ့ပြီး ဘုရားဖူးပြည်သူများမှ သင်္ကန်းများ၊ ပုံတော်များ၊ ဆွမ်းများ၊ ဆီမီးများ၊ အလှူငွေများ ဆက်ကပ်ပြီး အဓိဋ္ဌာန်ပုတီးစိပ်ခြင်း ပြုလုပ်၍ ဆုတောင်းပူဇော်ကြပြီး ဆုတောင်းပြည့်သည်ဟု အဆိုရှိကြပါသည်။

သူရဿတီမယ်တော်
လွန်ခဲ့သည့် နှစ်ပေါင်း (၅၀) ခန့်က ပုံတော်ကို ထုလုပ်ပူဇော်ထားခဲ့ပါသည်။ ယုံကြည်သူများက ဆုတောင်းပူဇော်ရာ အကြံအစည်အောင် ကြသည်ဟုဆိုကြပါသည်။

နာဂမယ်တော်
လွန်ခဲ့သည့်နှစ်ပေါင်း (၅၀) ခန့်က ပူဇော်ခဲ့ပြီး ရေလုပ်ငန်းလုပ်ကိုင်သူများ အထူးသဖြင့် ရေကြောင်းသွားလာသူများ ပူဇော်ဆုတောင်းအဓိဋ္ဌာန် ပြုလေ့ရှိကြပါသည်။

ယက္ခဒေ၀ညီနောင်
တတိယဘုရားဒါယကာ ဦးဘထွန်း၊ ဒေါ်ဒေါ်သက် စေတီတော်ကို ပြုပြင်စဉ်ကပင် စေတီ၏ လှိုဏ်အတွင်း၌ ကျောက်ဖြင့် ထုလုပ်ထားသော ဘီလူးညီနောင် ရုပ်ထုကို တွေ့ရှိခဲ့ပြီး ယခင် ဂေါပကအဆက်ဆက်မှ ယခုလက်ရှိ နေရာသို့ ပြောင်းရွှေ့ပြီး၊ မူလကျောက်ဆင်းတုကို ငုံ၍ လက်ရှိတွေ့ရသော ဘီလူးညီနောင်ပုံများ ပြုလုပ်ထားရှိခဲ့ပါသည်။
ကျန်းမာရေးချို့တဲ့သူများနှင့် ဘုရားဖူးများ ကန်တော့ပွဲများ၊ အလှူငွေများ၊ ပ၀ါများ လှူဒါန်း၍ ဆုတောင်းအဓိဋ္ဌာန်ပြုလုပ်လေ့ရှိပါသည်။

သမ္ဗန်နဲ့ ကူးလိုက်တာနဲ့ တက်တက်ခြင်း မုခ်ဦးတွင် ဘီလူးညီနောင် စံပယ်နေသည်ကို မြင်ရပါလိမ့်မယ်။
မဖူးမြော်ရသေးရင်လည်း တစ်ခါတစ်ခေါက် သွားရောက်ဖူးမြော်စေချင်ပါတယ်ရှင်။

4/18/2009

2009 thyingyan

သူတို့လည်း ပျော်နေကြသည်.....

မင်္ဂလာနှစ်သစ်ပါနော်

ဒီနေ့မှာ ကျရောက်တဲ့ မြန်မာလူမျိုးတို့ရဲ့ အထွဋ်အမြတ်ထားရာ မင်္ဂလာနှစ်ဆန်းတစ်ရက်နေ့မှသည် ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ် တနှစ်လုံး ကျက်သရေမင်္ဂလာ အဖြာဖြာနှင့်ပြည့်စုံခြင်း ၊ စီးပွားဥစ္စာ လာဘ်လာဘများ တိုးတက်ခြင်း ၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်အောင်မြင်ခြင်း ၊ မိဘကျေးဇူးဆပ်နိုင်ခြင်း ၊ ကိုယ်စိတ်နှစ်ပါးရွှင်ကြည်အေးမြခြင်း စသည့် ကောင်းကျိုးမင်္ဂလာ အဖြာဖြာတို့နှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

မြန်မာများရဲ့ နှစ်ဆန်းတစ်ရက်နေ့


မနေ့က မတင်မိလို့ ဒီနေ့ တင်လိုက်ရခြင်း ဖြစ်ပါတယ်။
မြန်မာများရဲ့ တစ်နှစ်တာ နှစ်သစ်ကို ရောက်ရှိလို့ လာခဲ့ပါပြီ။ ဒီနေ့ဟာ ဆိုရင်ဖြင့် အတာရေနဲ့ ဖြန်းပက်ခဲ့လို့ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတဲ့ အခါသမယကို ရောက်ရှိလာခဲ့ပါပြီ။ ဒီတော့ မိုးလင်းထဲက ဘာတွေလုပ်မလဲ။ အရင်ဆုံး အိပ်ယာကနှိုးတာနဲ့ စိတ်ကို အရင် ကြည်လင်အောင် ထခဲ့ပါတယ်။ နောက်ပြီး မျက်နှာသစ် ကော်ဖီသောက်ပြီး ဘုရားသောက်တော်ရေ ဘုရားပန်းရေချမ်းကပ်တဲ့ ဖန်ခွက်တွေ အကုန်အလင် စင်ကြယ်အောင် ဆေးကြောသုတ်သင်ခဲ့ပြီး အဒေါ်တွေက အစ်မ ၀မ်းကွဲ မယ်သီလရှင် ၀တ်တဲ့ မဟာစည်ကို လိုက်ပို့ပါဆိုလို့ သွားရောက်လိုက်ပို့ခဲ့ပါတယ်။ မဟာစည် သာသနာ့ရိပ်သာမှ အပြန် ရွှေတိဂုံစေတော်ကို တက်ရောက်ဖူးမြော်ခဲ့တော့ ထပ်မံ တွေ့ကြုံခဲ့တာတွေကတော့ တော်တော်ကို အေးချမ်းပြီး စိတ်ကို ကြည်နူးမှုကို ဖြစ်စေပါတယ်။ ဘုရားရင်ပြင်တော်ပေါ်မှာ လူအများ ဘုရားလာဖူးမြော်နေတာဟာ တော်တော်စည်းကားသိုက်မြိုက်နေတာ တွေ့ရပါတယ်။ ထပ်မံ အံ့သြဖွယ်တွေ့ရတာကတော့ မြောက်ဘက်မုခ်တက်တက်ခြင်းမှာ လူအများ ကုတင်တွေပေါ်မှာ အများကြီးတွေ့ရတော့ အနားရောက်တော့ စာတမ်းအရှည်နဲ့ ဆိုင်းဘုတ်တစ်ခုကို ဖတ်ကြည့်မိတယ်။ ဆိုင်းဘုတ်က စာတမ်းက ``ပဉ္စမအကြိမ်မြောက် ဥပပါရမီစုပေါင်း သွေးလှူဒါန်းပွဲ´´ ဆိုတဲ့ စာတမ်းပဲ ဖြစ်ပါတယ်။ အလှူတွေထဲမှာ ပိုပြီး မွန်မြတ်တဲ့အလှူဆိုတာ ကိုယ့်ရဲ့သွေးသားဖြစ်တဲ့ သွေးလှူဒါန်းမှုလည်း တစ်ခုအပါအ၀င်ဖြစ်တယ်ဆိုတာ ကျွန်မ သိထားပါတယ်။ ၀မ်းလည်းသာမိသလို ကြည်လည်း ကြည်နူးမိပါတယ်။ ဒါတောင် ကိုယ်လှူတဲ့သွေးမဟုတ်ပါဘူး။ လှူဒါန်းတဲ့လူတွေကို မြင်ပြီး ကြည်နူးမိတဲ့ ကြည်နူးမှုလေးတစ်ခုဆိုလည်း မမှားပါဘူး။ ဘုရားပေါ်မှာ လူတွေ အရမ်းများနေတော့ ကိုယ့်အတွက်ထက် ဆုံးသွားပြီးတဲ့ အဘိုးအဘွားအတွက်ရယ်၊ အမေကြီးအတွက်ရယ် မနည်းတိုးပြီး ရေသပ္ပာယ်ပြီး ဘုရားတစ်ပတ်ပတ်ပြီး ပြန်ဆင်းလာ အောက်ရောက်တော့ ငါးလွှတ်တဲ့သူတွေ ငှက်လွှတ်တဲ့သူတွေ အများကြီးပဲ တိုးကြိတ်တဲ့ကြားက လှူစရာရှိတာ လှူပြီး ပြန်လာခဲ့ပါတယ်။ လမ်းရောက်တော့ သူငယ်ချင်းတွေနဲ့တွေ့ပြီး ဥပုသ်သည်တွေကို အအေးတိုက်ရမယ်လို့ ပြောလို့ ထပ်ပြီး နှစ်ဆန်းတစ်ရက်ရဲ့ အလှူ ထပ်မံပြုလုပ်ပြီး အိမ်က အဒေါ်တွေအတွက် မုန့်ဝယ်ပြီး ပြန်လာခဲ့ပါတယ်။ ဒီနှစ်က ကြာသပတေး တာစားတဲ့အတွက် ကြာသပတေးသားသမီးများ ဒီထက် ဒီထက် မိမိအပါအ၀င်ပေါ့ ပိုပြီး ကုသိုလ်ကောင်းမှုတွေ များများ ပြုလုပ်ဖို့ တိုက်တွန်းရင်း နှစ်သစ်မှာ ပျော်ရွှင် ချမ်းမြေ့ပြီး လိုအင်ဆန္ဒများ မတောင်းပဲနဲ့ အရာရာအားလုံး ပြည့်စုံနိုင်ကြပါစေလို့ နှစ်သစ်မှာ မေတ္တာပို့သလိုက်ပါတယ်နော်။

4/15/2009

မေတ္တာဦး

တို့တွေ မနက်ဖြန်
မခံနိုင်လွမ်း မတွေ့ကြနဲ့
ဝေးကြရတဲ့ရက်ပေါင်းတွေထဲ
အလွမ်းတွေကို သီဖွဲ့အလီလီ
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူး
တစ်မျိုးတိုးလို့ အချစ်တွေထူး
ဘယ်မြို့ဘယ်ဝယ် ရောက်နေသိမသိ
အိမ်မက်ထဲက သခင်တစ်ယောက်
ရည်ရွယ်မျှော်ကာ မှန်းဆကာလွမ်း
သတိရကာ တမ်းတနေလဲ
အကြောင်းမထူးတာဖြင့်
အတာတန်ခူးကို ရောက်ရှိခဲ့ပြန်ပေါ့
ကံကြမ္မာ ယိုးမယ်ဖွဲ့ရရင်ဖြင့်
ဆုံနိုင်ဖို့ အခွင့်ရှိရင်ကွဲ့
ကံဇာတ်ဆရာရယ်
ဒီတန်ခူး နှစ်ကူးမှာ အလှည့်ပေးလှည့်ပါဦး....

ပိတောက်ရွှေဝါ

လဆန်ခူးပေမို့ အလှထူးပါဘိ၊
မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ။
တကယ်တမ်းသာဖြင့် ဘယ်ပန်းတော် စံမတူဘူ့
နန္ဒမူ ဖန်ကူထိပ်မှာလ
ပစ္စေကာချွေးတော် သိပ်ရတယ်၊ ဧရိပ်ဆာယာ။
တစ်နှစ်တွင် သည်တစ်လပေပ
တစ်လတွင် တစ်ရက်ထဲ
ခက်ခဲတဲ့ ရက်ဗုဒ္ဓ၊ ပွင့်ရှာကြစုံမြိုင်တွင်း။
မြူမင်းလွင်ထန်၊ ကြူသင်းတာချိန်ယံမတော့
ရွှေဝတ်ဆံ ငုံတံညှောင့်ကယ်နှင့်၊
ခါသင်္ကြန်ဂိမှာန် ရောက်ပြန်တော့၊
သိန်သရေထိန်ဝေလို့ တောက်တဲ့ပြင်
လမ်းတစ်လျှောက်သင်းပါဘိ
ဆန်းသလောက် မလင်းနိုင်ဘူး
ပန်းပိတောက်မင်း။

ရေးသူ ဦးကြော့

4/14/2009

နှစ်ကူးပြီနော်

ဘာလိုလိုနဲ့ တစ်နှစ်ကူးပြန်ပြီလေ... သင်္ကြန်ဆိုကိုယ့်အတွက် ဘာမှန်းမသိအောင်ကုန်ဆုံးစေခဲ့တာ နှစ်တွေလည်းများခဲ့ပါပြီ။ မနှစ်ကလည်း အချိန်ပိုင်းအလုပ်သွားလုပ်နေတဲ့အတွက် သင်္ကြန်ဆိုတာ ဘာလဲလို့တောင် မေးယူရတဲ့အထိဖြစ်ခဲ့တယ်။ ဒီနှစ်တော့  အိမ်မှာပဲ အလုပ်လေးတွေယူလုပ်ရင်းနဲ့  သီလယူဖြစ်တယ်။ နှစ်တွေကမြန်လိုက်တာနော်။ မိုးတွေလည်း ရွာဆိုတော့ နေလို့တော့ ကောင်းပါတယ်။ အလုပ်များလုပ်ရမလား အောင်းမေ့တယ်။ မီးက မလာ၊လာပြန်တော့ အိပ်ချိန်ဖြစ်နေတယ်။ ဒါနဲ့ပြောင်းပြန်လုပ်ရတော့တယ်။ နေ့ဘက်ကို အိပ်၊ ညဘက်ကို စာစီစာရိုက်ယူလုပ်တာတွေ လုပ်ဆိုသလိုဖြစ်နေပြီ။ အိမ်မှာက အဒေါ်တွေနဲ့နေနေရတော့ အလုပ်ကို မိုးလင်းခါနီးထိလုပ် အိပ်ပျော်တုန်း လာနိုးတယ်။ ဘုန်းကြီးကျောင်းသွားဖို့ ဒါနဲ့ မနည်းထပြီး သွားရတယ်။ သီလယူပြီးပြန်လာတော့ ထီးက မပါဆိုတော့ မိုးရွာပါလေရော... ဒါနဲ့ ဇရပ်ထဲ ခဏ၀င်ခိုရင်း ပုတီးစိတ်ပြီး မိုးမတိတ်ခင် အိမ်အရောက်ပြေးရပါတော့တယ်။ ခုလည်းပျင်းလို့ ခဏဆိုပြီး ထွက်လာတာ။ နှစ်သစ်မှာ ပျော်ရွှင်မှုယူတာကောင်းပေမယ့် အပျော်မလွန်မိဖို့ အရေးကြီးပါတယ်။ မဖြစ်သင့်တာ မဖြစ်အောင် လူတိုင်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မယ်ဆိုရင် နှစ်ကူးသင်္ကြန်မှာ ပျော်ရွှင်မှုတွေနဲ့ ပြည့်စုံနေကြမယ်ဆိုတာ ကျွန်မယုံကြည်နေမိပါတယ်။ အင်းဒီနေ့ဆို သင်္ကြန်အကျဖြစ်နေပြီနော်။

4/08/2009

နှစ်သစ်ကို စိတ်သစ်နဲ့ ကြိုဆိုကြပါစို့

သြော်.....
နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်လို့လာပြီ
နှစ်သစ်မှာ
ငါ ဘာတွေလုပ်မလဲ
စဉ်းစားဖို့ လိုလာပြီ
အခုမှ စဉ်းစားရမှာ
တချို့ကပြောကြတယ်
ပြီးခဲ့တာတွေ ပြီးပါစေတော့တဲ့
ကျွန်မအထင်ကတော့ ပြီးမယ် မထင်ဘူး
ဘာလို့လဲဆိုတော့ အတိတ်ဆိုတာ လူတိုင်းမှာ ရှိတယ်လေနော်
တမ်းတဖို့မှ မဟုတ်တာ၊ အနာဂတ်လဲဒီလိုပဲ စိတ်ကူးယဉ်နေရုံနဲ့
ဘာမှမဖြစ်လာဘူးလေ၊ အဓိက ကတော့ ယခုလက်ရှိအချိန်ဟာ
အရေးကြီးဆုံးပဲလေ ဒီတော့ ဘာပဲလုပ်လုပ် အမှားအမှန် ခွဲခြားသိမြင်ပြီး
မကောင်းမှုကို အဝေးကရှောင်ပြီး
အသိတရားလေး ကိုယ်မှာကပ်ပြီး တစ်နေ့ထက် တစ်နေ့ အောင်မြင်တိုးတက်မှု
ရှိဖို့ လိုအပ်နေတယ်လို့ ကျွန်မ သဘောပေါက်လိုက်မိပြီ သူငယ်ချင်းတို့ရယ်.....


နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးခါနိးကာလ၊ နှစ်ဟောင်းကို စွန့်ခွာပြီး နှစ်သစ်မှာ
ခြေမချခင် လမ်းဆုံမှာ ခြေစုံရပ်ပြီး ဆင်ခြင်သုံးသပ်ရပါမယ်။ နှစ်ဟောင်းကနေ
နှစ်သစ်ကို ကူးပြောင်းခွင့်ရတာဟာ နှစ်ဟောင်းမှာ ငါ မသေခဲ့လို့ပဲ၊ နှစ်ဟောင်းမှာ
မသေခဲ့ပေမဲ့ နှစ်သစ်ကိုရောက်တာနဲ့ ငါ့အသက်တစ်နှစ်ကြီးလာပြီ၊ သေဖို့
တစ်နှစ် ပိုနီးလာပြီ။
နှစ်သစ်ရဲ့ ရက်စွဲတစ်ခုခုမှာ ငါသေချင်သေသွားနိုင်တယ်။ နှစ်ဟောင်းမှာ သေခြင်းတရားကို
လွန်မြောက်ခဲ့ပေမဲ့ နှစ်သစ်မှာ လွန်မြောက်ချင်မှ လွန်မြောက်မယ်။
နှစ်ဟောင်းမှာ ငါဘာတွေ လုပ်ခဲ့လဲ။ ငါ့အတွက် ဘာအကျိုးတွေ ခံစားရလဲ။
စဉ်းစားဖို့ လိုလာပြီနော်။ ပြီးတော့ နှစ်သစ်မှာရော အချိန်တွေ
ဖြုန်းမှာလား။
အချိန်တွေ သုံးမှာလား။ ကိုယ်လုပ်ချင်တဲ့ အလုပ်၊ ကိုယ်လုပ်သင့်တဲ့
အလုပ်ဆိုတာ မသေခင်ကာလလေးမှာပဲ
လုပ်ပိုင်ခွင့်ရှိပါတယ်။ သေပြီးရင် ဘာမှ လုပ်ပိုင်ခွင့်မရှိတော့ပါဘူး။
ခုလို နှစ်ဟောင်းကုန်ကျူး နှစ်သစ်ကူးတော့မဲ့
အချိန်ကာလမှာ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်ထားတဲ့
သေခြင်းတရားကိုလည်း သတိရနေမိတယ်။
ဒါကြောင့် သင်တို့အားလုံးကော မသေခင် ဘာလုပ်ကြမလဲ ဟင်..........................

သင်္ကြန်နဲ့ ပိတောက် ခွဲလို့မရဘူး တဲ့.....။ တစ်နှစ်ကုန်လို့ နှစ်သစ်ကို
ကူးတော့မယ်...။ ရှေးလူကြီးတွေ ပြောစကားရှိတယ်.. နှစ်ဟောင်းက အညစ်အကြေးကို
နှစ်သစ်မပါအောင် သင်္ကြန်ရေနဲ့ ဆေးရတယ်တဲ့...။ သင်္ကြန်ရေနဲ့ဆေးတိုင်း
စိတ်အညစ်အကြေးတွေ ကင်းစင်ကုန်ရင် ကောင်းတာပေါ့နော်...။ ဒါပေမဲ့
ရေနဲ့ဆေးလို့ မပျက်တဲ့ စိတ်အညစ်အကြေးတွေကို လူတိုင်းနီးပါး လုပ်နေကြတာ
သိကြားမင်းကြီး သိစေချင်ပါတယ်...။ ဒီနှစ် သိကြားမင်းက
ဘီလူးစီးလာမှာတဲ့.... သတိထားကြနော်.... လူအညစ်အကြေးတွေ....ဟဲဟဲ...။
သြော်..... ဘာလိုလိုနဲ့ အသက်တစ်နှစ်ကြီးလာပြန်ပြီပေါ့နော်.............။
ဒါပေမဲ့ ဘာမှဖြစ်မလာသေးဘူးပေါ့နော်.....။ ခုထိ ကြိုးစားဆဲပေါ့......။
မိတ်ဆွေတို့ကော နှစ်သစ်ရောက်ခါနီးပြီနော်။ နှစ်ဟောင်းကုန်လို့
နှစ်သစ်ကူးခံနီးမှာ ပြင်ဆင်စရာ ရှိတာတွေကို ကြိုတင်ပြင်ဆင် သင့်ပြီလို့
ကျွန်မ ယူဆမိပါတယ်။ ဒါဟာ ဘာတွေကို ပြင်ဆင်ရမယ်ဆိုတာ မိတ်ဆွေတို့
သိမယ်လို့ ကျွန်မ ယူဆမိပါတယ်......။
အားလုံး နှစ်သစ်မှာ ပျော်ရွှင်ကြည်နူးနိုင်ကြပါစေလို့ ကျွန်မ
ဆုတောင်းလိုက်မိပါတယ်။ အားလုံးပျော်ရွှင်ချမ်းမြေ့ပြီး နှစ်သစ်မှာ
စိတ်ကောင်းထားနိုင်ကြပါစေ......။

သင်္ကြန်အကြို ပိတောက်ပန်း လက်ဆောင်

* သင်္ကြန်အကြို ပိတောက်ပန်း လက်ဆောင်*

Happy New year for you.......