ပိုစ့်မတင်ဖြစ်တာ အတော်ကြာပါပြီ။ ဘာလို့လဲဆိုတော့ မအားတာရယ်... စက်တွေက ဗိုင်းရပ်ကိုက်နေလို့ ဖောင်းမတ်ရိုက်နေရတာကြောင့် နောက်တစ်ချက်က မီးမလာဘူးလေ ဒါကြောင့်မို့ ဘာမှမတင်ဖြစ်ဘူး။ နက်လည်း သိပ်မသုံးဖြစ်တာပါတယ်။ သုံးတော့လည်း အိုင်တီဆိုက်တွေထဲ ခေါင်းထိုးဝင်နေရတာနဲ့ ဆိုက်ဘက်ကို မလှည့်ဖြစ်တော့ဘူး ဖြစ်နေတော့တယ်။ ဒီနေ့တော့ ဗိုင်းရပ်ကိစ္စအဖြေသိချင်တာရယ် နက်မကောင်းတာနဲ့ မေလ်းလည်း  မစစ်ဖြစ်တာရယ်ကြောင့် သုံးဖြစ်သွားတယ်။ နောက်တစ်ချက် သင်တန်းလည်းတက်နေတော့ အဆိုင်းမတ်တင်ရတာနဲ့ စာမေးပွဲရှိနေတာကြောင့် ကုန်းရုန်းလုပ်နေရတယ်။ ခုတစ်လော ကိုးနက်ရှင်ကလည်း အဆင်မပြေဘူးလေ။ ဒီနေ့တော့ အေးဆေးရပြီပေါ့။ ဒါနဲ့ အွန်လိုင်းကနေ မလတ်(နှင်းဆီနက်) က လှမ်းပြီးနှုတ်ဆက်ပါလေရော... ခု နက်သုံးတဲ့သူတိုင်း နှုတ်ဆက်နည်းအသစ်နဲ့ နှုတ်ဆက်နေကြတာ တွေ့ရတယ်။ ဘာလဲဆိုတော့ စ တွေ့တွေ့ခြင်း ဟလို... ဟိုင်း... ကွန်နက်ရှင် ကောင်းလား... ဆိုတဲ့ သူငယ်ချင်းအချင်းချင်း နှုတ်ဆက်နည်းအသစ်ပေါ့လေ။ ကျန်းမာရေးက နောက်မှ မေးတဲ့အဆင့်ဖြစ်သွားပြီ။ အဲလို တိုးတက်လာတာသိလား။ ဒါနဲ့ ပြောတဲ့စကား ဘယ်ရောက်သွားပြီလဲ အဲ မလတ်က လှမ်းပြောတယ်။ သူ့ဆိုက်မှာ အစ်မကို တက်ဂ်ထားတယ်တဲ့။ ဟိုက်ရှာလပတ်... ခုတစ်လော ဆိုက်တွေက ဖိတ်တာတွေ နည်းနည်းလွတ်ကင်းနေတုန်းရှိသေးတယ်။ ဗြုန်းဆို မလတ်က လှမ်းဖိတ်တယ်ဆိုပဲ။ ဒါနဲ့ ကဗျာဆိုက်ကို မလတ်က အဲဒါ အစ်မရဲ့ ဆိုက်နာမည်အစစ်လားတဲ့။ ဆိုက်နာမည်တော့ ဟုတ်တယ်။ အဲဒီဆိုက်က ကဗျာကြီးပဲ သီးသန့်တင်ထားတဲ့ဆိုက်ပါလို့ ပြန်ပြောမိတယ်။ ဒါနဲ့ တစ်လက်စတည်း ဘာအကြောင်းအရာလည်းပေါ့ မေးရင်းနဲ့ ဆိုက်မှာ သွားဖတ်ဖြစ်တယ်။ ၀ါသနာအကြောင်းပါတဲ့။ သူ့ကို ကိုလင်းဦး(စိတ်ပညာ) က ဖိတ်ထားတာပဲ။
ဟောတစ်လောက မောင်လေးသီဟန်(ဟန်သစ်ငြိမ်)က ဖိတ်လို့ ရေးလိုက်ရသေးတယ်။ နောက်ပိုင်း ဘာမှလည်း ဟုတ်တိပတ်တိ မတင်ဖြစ်တာပါတယ်လေ။ အင်း ၀ါသနာတဲ့ အရင်က ဖိတ်တုန်းကလည်း ရေးဖူးပါတယ်။ ၀ါသနာတွေကလည်း များသား၊ လုပ်ချင်တာ ဖြစ်ချင်တာတွေလည်း မနည်းမနောပဲ။ ဘာက စပြောရမှာပါလိမ့် ညီမလေးရေ... ခုလက်ရှိ စိတ်အခြေအနေကိုပဲ ပြောတော့မယ်နော်။ အရင်တုန်းက ၀ါသနာကြီးခဲ့တာက စာဖတ်ခြင်းပဲ။ စာအုပ်ဖတ်နေရရင်ကို ထမင်းမေ့ ဟင်းမေ့ပဲ။ အဲဒါက ငယ်တည်းက ၀ါသနာပါတာ။ ဟော ခုနောက်ပိုင်းကျတော့ အင်း ပြောရရင် အစ်မ ဘလောဂ်စလုပ်တဲ့ ၂၀၀၅ - ၂၀၀၆ ထဲက အင်တာနက်ဘက်ကို အရင်ထက်စာရင် ပိုပြီး စိတ်ဝင်စားလာခဲ့တာပါပဲ။ အရင် အင်တာနက်ကို မြန်မာနိုင်ငံမှာ ခုလို ဆိုင်တွေ ပေါ်ဖို့နေနေသာသာ ကွန်ပျူတာကုမ္ပဏီကြီး ၁၁ ခုကို ချပေးခဲ့ကတည်းက အီးမေးလ်ဆိုတာ သိလာခဲ့တာ။ နောက်ပြီး ပုံလေးတွေ ရှာလို့ရတယ်။ လိုချင်တာရတယ်ဆိုတာ နားလည်ခဲ့တယ်။ အဲဒီအချိန်လောက်ကဆို ၁၉၉၈ လောက်က ဖြစ်မယ်။ ကိုယ်သုံးခဲ့ချိန်ကို ပြောတာပါ။ နောက်ပိုင်း တွင်ကျယ်လာတော့ လူကြီးလူငယ် စီးပွားရေးလုပ်ငန်းရှင်တွေ အားလုံး မျက်စိပွင့်နားပွင့်ဖြစ်လာခဲ့တာ တော်တော် ၀မ်းသာစရာ အလွန်ကောင်းပါတယ်။ ဒီနောက်ပိုင်း နက်သိပ်မကောင်းတာက လွှဲရင် အင်တာနက်ဆိုတာ အွန်လိုင်းအဘိဓာတ်ကြီးပဲ ကိုယ်လိုချင်တာ အကုန်ရတယ်။ ပညာတွေလည်း အွန်လိုင်းပညာရေးစနစ်ဆိုတာတွေလည်း ပေါ်လာခဲ့တယ်။ အရင်ထက်စာရင် ပိုပြီး နှံ့နှံ့စပ်စပ် သိမြင်လာပြီလို့ ဆိုရမှာပေါ့။ လူငယ်တွေ ကြိုးစားရင် ကြိုးစားသလောက် ရှေ့ကို လျှောက်လို့ရပြီပေါ့။ အဲဒီလိုပဲ ကျွန်မလည်း အချိန်ကုန် ငွေကုန်ခံပြီး ဆိုက်လေးကို ပြုပြင်လာခဲ့တာ ခုဆို လေးနှစ်လောက်ရှိပြီလို့ဆိုရမှာတော့ပေါ့။ ဒါဟာ ကျွန်မရဲ့ဝါသနာအလျောက်လုပ်ဆောင်နေတဲ့ အချင်းအရာဆိုလည်း မမှားပါဘူး။ အဲဒီဆိုက်လေးကို အဘက်ဘက်က ကိုယ်တိုင်ရေးသားဖန်တီးနိုင်ဖို့ အရမ်းအာသန်တက်ကြွနေပြီး လေ့လာခဲ့ရင်း ခုထပ်ပြီး ၀ါသနာကြီးခဲ့တာတော့ ဒီဇိုင်းပိုင်းပေါ့။ webpage တွေ ဘယ်လို ဖန်တီးမယ်။ ဘယ်လိုရေးသားမယ်။ နောက်တစ်ချက်က ပုံတွေ ဘယ်လိုထားရင် ဘယ်လို၊ ဟော စာလုံးလေးတွေနဲ့ အမည် စာတမ်းဒီဇိုင်း အစုံပေါ့လေ... အဲလိုလေးတွေ လုပ်ရတာ ပိုပြီး ၀ါသနာကြီးလာတာ ခုဆိုရင် တော်တော်ထုထည်ခိုင်ခံ့နေပြီ။ ဒါတောင် မီးမလာလို့ မီးလာရင် တစ်ညလုံးလည်း မအိပ်ပဲ ထိုင်လုပ်ချင်လုပ်နေတာ။ ခုဆို အိုင်တီဆိုက်တွေမှာ ပညာတွေ ဖလှယ်လိုက်၊ ဒီဇိုင်းလေးတွေ ဖန်တီးရေးဆွဲလိုက် သိတာလေးတွေ မျှဝေလိုက်နဲ့ ဒီဝန်းကျင်မှာ တော်တော် ပျော်မွေ့နေပါပြီ။ ကိုယ်မသိတာလေးတွေ လာပြောပြတဲ့ အကိုကြီး၊ အမကြီး၊ မောင်ငယ်၊ ညီမငယ်တွေကလည်း သူတို့သိတာလေးတွေ ပြောပြပြီးရင် သူတို့ဆိုက်အတွက် သူတို့ သုံးချင်တဲ့နေရာလေးတွေ သုံးရအောင် ပုံ ဒီဇိုင်းလေးတွေ တောင်းကြတယ်။ ဟော နောက် ထပ်ပေါ်လာတာက ကဗျာရေးတဲ့သူကလည်း ကဗျာအတွက် ပုံလေးတွေ ဒီဇိုင်းလုပ်ပေးဖို့ ပြောလာကြပြန်တယ်။ ကျွန်မ အရမ်းအားရ၀မ်းသာ ဖြစ်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မရဲ့ဝါသနာကို ထုတ်ဖော်ပြသလိုက်ရလို့ပါပဲ။ ဘယ်သူမဆို ကျွန်မရဲ့စိတ်ထဲ ခေါင်းထဲပေါ့လေ ပေါ်လာတဲ့စိတ်ကူးနဲ့ ဖန်တီးပေးလိုက်ရလို့ ကျေနပ်လည်း ကျေနပ်မိပါတယ်။ ကျွန်မအတွက် အချိန်... ပြောရရင် အချိန်ဆိုတာ ၀ယ်လို့ရရင် ၀ယ်ချင်ပါတယ်။ ဘာလို့လဲဆိုတော့ ပုံမှန်အလုပ်တစ်ခုရယ်... အချိန်ပိုင်းအလုပ်ရယ်... သင်တန်းရယ်... ရယ်တွေက များနေတော့ အလုပ်မှာတောင် အပြောခံရတယ်။ အစ်မ ကြည့်ရတာ အပြင်မှာသာ ရယ်(ရီ)နေတာတဲ့။ ရင်ထဲက မရယ်တာ ကြာပြီတဲ့။ ကဲ ကောင်းရော...  နက်ဆိုင် ထိုင်ရင်လည်း ဆိုင်က ကိုယ့်လိုလူမျိုးကို သိပ်မကြည်ဘူး။ အစ်မသုံးတဲ့စက်က အစ်မ သုံးပြီးရင် ဖောင်းမတ်တောင် ရိုက်ရင် ရိုက်ရတာတဲ့။ ဖွင့်တာတွေကလည်း ဆိုက်ဘားတောင် ကျော်နေပြီလို့ ပြောခံရပါတယ်။ ၀ါသနာက ဒီဇိုင်းပိုင်းကို တော်တော် အားသန်နေတယ် မလတ်ရေ... ရေးနေရင်းနဲ့ မီးပျက်သွားပြီ ဒီနေရာလေးမှာ ၀ါသနာကို ရပ်လိုက်တော့မယ်နော်။ နောက်မှာ ဆက်ပြောပြတော့မယ်.... မလတ်ရေ... ကျေနပ်တော့နော်....