၁၉၄၇ - ၂၀၀၈

ပန်းချီဝသုန်ကို ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် မွေးဖွားသည်။ အဖ ဦးလှမောင်၊ အမိ ဒေါ်သန်းတို့၏ မွေးချင်းသုံးယောက်အနက် အကြီးဆုံးသားဖြစ်သည်။ အမည်ရင်း မောင်ခင်လှဖြစ်ပြီး ရန်ကုန်မြို့၊ ကန်တော်ကလေးဇာတိ ဖြစ်သည်။ အထက်တန်းကျောင်းသားဘ၀တွင် ကာတွန်း ဦးမောင်လွင် (ငထက်ဖြား)၊ ကာတွန်းဝင်းမောင်တို့ထံမှ ကာတွန်းပညာလေ့လာဆည်းပူးခဲ့သလို ပန်းချီဆရာ ဦးညိုလှထံတွင် ပန်းချီပညာကို သင်ကြားခဲ့သည်။
    ၁၉၆၄ ခုနှစ်တွင် ရန်ကုန်ပန်းချီပန်းပုကျောင်းသို့ တက်ရောက်ခဲ့သည်။ ၁၉၆၇ - ၁၉၆၈ ခုနှစ်တွင် ပန်းပုသင်တန်း ဆက်လက်တက်ရောက်ခဲ့သည်။ ၁၉၆၃ မှ ၇၀ ခုနှစ်အတွင်း ကာတွန်းပေါက်စ မောင်ခင်လှ အမည်ဖြင့် ကာတွန်းလုံးချင်းများ ရေးဆွဲထုတ်ဝေခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် လျှို့ဝှက်သည်းဖိုမဂ္ဂဇင်းတွင် သရုပ်ဖော်ပန်းချီ စတင်ရေးဆွဲခဲ့ပြီး ကွယ်လွန်ခါနီးအချိန်အထိ စာနယ်ဇင်းသရုပ်ဖော်ပန်းချီများ၊ မျက်နှာဖုံးပန်းချီများ ရေးဆွဲခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ရုပ်ရှင်မျက်မှန်မဂ္ဂဇင်းတွင် သားလေးအမည်မသိ ၀တ္ထုတို စတင်ရေးသားခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ချစ်ဦးညို၏ လင်္ကာဒီပချစ်သူဝတ္ထုကို ရှုမ၀မဂ္ဂဇင်းမှာ ၃၆ လတိုင်အောင် အခန်းဆက်ရုပ်ပြရေးဆွဲခဲ့သည်။  ၁၉၈၄ ခုနှစ်တွင် ဆရာရန်ကုန်ဘဆွေထံမှ ပါတိတ်ပန်းချီ ရေးဆွဲနည်းကို သင်ယူခဲ့သည်။ ၁၉၈၆ ခုနှစ်မှာ လူထုဦးလှ၏ လှောင်ချိုင့်အတွင်းမှ ငှက်ငယ်များ ကို ထိုင်းနိုင်ငံမှ THE CAGED ONES အမည်ဖြင့် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထုတ်ဝေရာတွင် မျက်နှာဖုံးနှင့် အတွင်းသရုပ်ဖော်ပန်းချီများ ရေးဆွဲပေးခဲ့ရသည်။
    ၁၉၉၄ ခုနှစ်တွင် UNICEF မှ ကမ္ဘာ့ကလေးသူငယ်များ ရန်ပုံငွေအဖြစ် ပို့စကဒ်ပြက္ခဒိန်ထုတ်ဝေရာမှာ ကြာပန်းများ (Lotus) အမည်ရှိ ရေဆေးပန်းချီကား ပါဝင်ခဲ့ပါတယ်။ ၁၉၇၃ - ၈၀ ခုနှစ်အတွင်း မြန်မာနိုင်ငံ ပန်းချီပန်းပုကောင်စီ တွဲဖက် အထွေထွေ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။
    မိုးမိုး(အင်းလျား) အမှတ်တရ ၀တ္ထုတိုပြိုင်ပ္ပွဲ၌ ၁၉၉၇ ခုနှစ်တွင် မိုနာလီဇာနှင့်တွေ့ဆုံခြင်း ၀တ္ထုတိုဖြင့် ဒုတိယဆုရရှိခဲ့သလို ၁၉၉၉ နှင့် ၂၀၀၀ ခုနှစ်များတွင်လည်း မနက်ဝိဇ္ဇာ ညမိစ္ဆာ၊ သောကဗျာပါဒ အရေးအကြောင်းများ ၀တ္ထုတိုများဖြင့် အထူးဆု ရရှိခဲ့သည်။
    ၂၀၀၄ ခုနှစ်တွင် သားကလေးအမည်မသိနှင့် အခြားဝတ္ထုတိုများ စာအုပ်ကို သီဟရတနာစာပေတိုက်မှ ထုတ်ဝေ၍ ၂၀၀၆ ခုနှစ်တွင် မုဒိတာရေစင်နှင့် အခြားဝတ္ထုတိုပေါင်းချုပ်ကို ပုဂံစာအုပ်တိုက်မှ ထုတ်ဝေခဲ့သည်။
    ပန်းချီရေးသက် နှစ် ၃၀ ကျော်အတွင်း ပါတိတ်ပန်းချီပြပွဲများကို ၄ ကြိမ်တိုင်တိုင် ဦးဆောင်ကျင်းပခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် တစ်ကိုယ်တော်ပန်းချီပြပွဲ၊ ပြည်ပပန်းချီပြပွဲများအဖြစ် ၁၉၈၈ ခုနှစ်၌ တောင်ကိုရီးယား၊ ဆိုးလ်မြို့၌ လည်းကောင်း၊ ၁၉၈၉ ခုနှစ်၌ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ၁၉၉၃ ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ ဖီလဒယ်လ်ဖီးယားတို့တွင် ပါဝင်ပြသခဲ့သည်။
    ပန်းချီဝသုန်၏ ပန်းချီကားများကို အမျိုးသားပြတိုက်၊ စိုက်ပျိုးရေးပြတိုက်၊ စိုက်ပျိုးရေးဝန်ကြီးရုံး၊ ပြည်တွင်းပြည်ပ ပြခန်းများနှင့် ကမ္ဘာအရပ်ရပ်ရှိ ပန်းချီမြတ်နိုးသူများက ၀ယ်ယူစုဆောင်းပြသထားရှိသည်။
    ပန်းချီဝသုန်၏ နေထိုင်မှုအနုပညာကို တင်ပြထားသည့် Sketch of Wathone အမည်ဖြင့် ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးသော ဇာတ်လမ်းတို ရုပ်ရှင်ကို အမေရိကန်နိုင်ငံရှိ National Geographic Magazine မှ ကြီးမှူးကျင်းပသော All Roads Films Festival ၌ ပထမဆုအဖြစ် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလဆန်း၌ ရရှိခဲ့ပါတယ်။ မကြည်ဖြူသျှင်က ဦးဝသုန် ကျန်းမာရေးကောင်းလာရင် ဧည့်ခံပွဲလုပ်မည်လို့ အားလုံးကို ပြောကြားထားခဲ့ပါတယ်။ ဒါပေမယ့်......
    နောက်ဆုံးအချိန်အထိ ပန်းချီဝသုန်သည် စာနယ်ဇင်းသရုပ်ဖော်ပန်းချီများ၊ ရသပန်းချီကားများ ရေးဆွဲခြင်း၊ ၀တ္ထုတိုရေးသားခြင်းများ ပြုလုပ်နေဆဲ ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂၁ ရက် (အင်္ဂါနေ့) နံနက် ၇ နာရီ ၁၅ မိနစ်တွင် နေအိမ်၌ ကွယ်လွန်သွားခဲ့ပါတော့တယ်။
    ဦးဝသုန်ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်စမ်းအေး၊ သားသမီး (၄) ဦးဖြစ်ကြသော ကိုငြိမ်းအေး၊ မစံပယ်ဖြူ၊ မောင်မျိုးထွန်း၊ မအင်ကြင်းမွှေးနှင့် မြေး မြူမင်းသုန်၊ ဟင်္သာငြိမ်းအေးတို့ ကျန်ရစ်ခဲ့ကြောင်း သိရပါတယ်။
    ကျွန်မ သိရသလောက်တော့ ဦးဝသုန်ဟာ သူ့ရဲ့ပန်းချီနဲ့ နိုင်ငံ့ဂုဏ်ကို ဆောင်သွားခဲ့ပါတယ်။ သူဟာ လူသာ သေသွားခဲ့ပေမယ့် သူ့ရဲ့ အနုပညာဟာ ဘယ်တော့မှ သေမှာမဟုတ်တဲ့အပြင် သူ့နာမည်ဟာ ၀န်းကျင်အနှံ့ ပျံ့နှံ့နေဦးမယ်လို့ ကျွန်မ ထင်မြင်မိပါတယ်။ ဦးဝသုန်ရဲ့ လက်သုံးစကားလေးတွေကို ဆက်လက်တင်ပြပါဦးမယ်။

စစ်မှန်သည့် ပန်းချီသမားတစ်ယောက်ဖြစ်လာရန် မည်သည့်ရာထူး၊ ငွေကြေး၊ အရှိန်အ၀ါ၊ ပကာသနတို့နှင့်မျှ လုပ်ယူ၍မရ၊ အနုပညာအပေါ် ရိုးသားစွာ သစ္စာရှိဖို့ လိုအပ်သည်။
(ပန်းချီဝသုန် ဘ၀နှင့် လက်ရာများ လေ့လာချက် ဘွဲ့ယူစာတမ်းမှ)


အစပထမကတည်းက ကျွန်တော့်မှာ
ကျိကျိတက် ချမ်းသာသူလည်းမဟုတ်၊
လူချမ်းသာဖြစ်ရန် လမ်းကိုလည်း ရွေးချယ်ခဲ့သူ မဟုတ်ပါ။
အနုပညာသည် တစ်ယောက်ဖြစ်လာဖို့
ဘ၀ကို ပန်းချီနှင့် တည်ဆောက်၊
ပန်းချီကို ဘ၀နှင့်တည်ဆောက်၍သာ
နေထိုင်ရှင်သန်ခဲ့ရသူ စင်စစ်ဧကန်ဖြစ်ခဲ့ပါသည်။
ဝသုန်
(မေတ္တာလက်ဆောင်စာပေ၊ ၁၉၉၈ မေလ၊ ကြီးပွားရေးလမ်းညွှန်ဂျာနယ်)

ပန်းချီကားများ၊ စာအုပ်များကိုတော့
ဖုန် ဒုတက်မခံနိုင်ပါ။
ဟုတ်ပါသည်။
အိမ်တွင် ကျွန်တော်၏ ပန်းချီကားများသာမက
ကျွန်တော်ချစ်ခင်လေးစားသော
ကျွန်တော့်ကို ချစ်၍ ပေးထားရစ်ခဲ့သော
ပန်းချီကားများလည်း
ချိတ်ဆွဲထားလျက် ရှိသည်လေ။
ဝသုန်
(ဖုန်၊ ၁၉၉၈၊ စက်တင်ဘာလ၊ မြားနတ်မောင်မဂ္ဂဇင်းမှ)


"မိုးရွာတုန်း ရေခံပါလား၊ ရေခံပါလား" ဆိုသည့်
အသံများ နားထဲမှာ ကြားပါလျက် မသိကျိုးကျွံနေမိတယ်။
မိမိ လက်မှတ်ထိုးတာဝန်ယူရမည့် အလုပ်ကို
ကျွန်တော် ရိုရိုသေသေပဲ တစ်လျှောက်လုံး လုပ်ရမယ်။
လုပ်ခဲ့ပါတယ်။ ကျွန်တော့်အလုပ်က ရုပ်ရှင်၊ ပြဇာတ် မင်းသားတွေ၊
အဆိုတော်တွေလောက် စန်းမလိုပါ။
နေစရာ၊ စားစရာ အသင့်အတင့်ဆိုလျှင် တော်ပါပြီ။
ကျွန်တော် လောဘတကြီး ရှာဖွေနေသည်မှာ
နောက်ထပ်သိဖို့၊ နောက်ထပ်သိဖို့အတွက်
အခက်တွေ ရင်ဆိုင်ကျော်ဖြတ်ရသည်။
ဒီအခက်ပြီးလျှင် နောက်အခက်။
အဲဒါကိုပဲ ကျွန်တော် ပျော်မောနေ.....
ဝသုန်
(ခြေထောက်များ၊ ၁၉၉၉ ခုနှစ်၊ မတ်လ၊ မဟေသီမဂ္ဂဇင်းမှ)

လောကမှ ပညာတတ် အသိပညာရှိ အနုပညာနဲ့ နိုင်ငံ့အကျိုးပြုသော သူများ ဘာကြောင့် စောစောသွားကြရတာလဲ.....
ဦးဝသုန်ရေ..... ရောက်ရာ ဘုံဘ၀မှာ အနုပညာနဲ့ ဆက်လက်ဖြစ်ထွန်းအောင်မြင်နေမယ်လို့ ကျွန်မ မြင်ယောင်နေမိပါတယ်။
ကောင်းရာမွန်ရာ ဘုံဘ၀သို့ ရောက်ရှိ ခံစားစံစားနိုင်ပါစေလို့ မေတ္တာပို့လိုက်ပါတယ်။ သာဓုခေါ်နိုင်ပါစေ.........