၁၄၊ ၁၀၊ ၂၀၀၈ ရက်နေ့သည် မြန်မာများရဲ့ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာနေ့) ဖြစ်ပါတယ်ရှင့်။
သီတင်းကျွတ်လသည် မြန်မာလများတွင် ခုနစ်လမြောက်ဖြစ်ပြီး မိုးရာသီကုန်လုချိန်ဖြစ်ကာ စက်တင်ဘာလနှင့် အောက်တိုဘာလမှာ ကျရောက်ပါတယ်။
ဂေါတမရှင်တော်ဘုရားသည် မယ်တော်မိနတ်သားအား တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်ကို ၀ါတွင်းသုံးလပတ် ဟောကြားတော်မူပြီး သီတင်းကျွတ်လပြည့်နေ့၌ လူ့ပြည်သို့ ပြန်လည်ကြွချီတော်မူပါတယ်။ သိကြားမင်းက ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းတို့ကို ဖန်ဆင်းပူဇော်ပါတယ်။ ဗုဒ္ဓရှင်တော်မြတ်သည်ရောင်ခြည်တော်ခြောက်သွယ်ဖြင့် တင့်တယ်စွာ အလယ်ဗဟိုပတ္တမြားစောင်းတန်းမှ သက်ဆင်းကြွမြန်းတော်မူပါတော့တယ်။ နတ်အပေါင်းက လယ်ယာရွှေစောင်းတန်း၊ ဗြဟ္မာကြီးများက လက်ဝဲငွေစောင်းတန်းမှ သက်ဆင်းလိုက်ပါလာကြပါတယ်။
ယင်းပူဇော်ပွဲကြီးကို အစွဲပြုလို့ မြန်မာ့ယဉ်ကျေးမှု ရာသီပွဲတော်အဖြစ် သီတင်းကျွတ်လပြည့်နေ့ညမှာ ဘုရားရှင်ကို ရည်မှန်းပြီး မီးရှူးမီးပန်းများ၊ မီးပုံး၊ ဆီမီးရောင်စုံတို့ဖြင့် ပူဇော်မှုပြုလာခဲ့ခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာ တာဝတိံသာမှ ဆင်းသက်တော်မူသည်ကို အကြောင်းပြုပြီး တာဝတိံသာပွဲတော်၊ တာဝတိံသာနတ်ပြည်ရှိရာ မြင်းမိုရ်တောင်ထိပ်မှ ဆင်းသက်တော်မူသည်ကို အကြောင်းပြု၍ မီးမြင်းမိုရ်ပွဲဟု ခေါ်ဝေါ်ကြခြင်း ဖြစ်ပါတော့တယ်။
ရဟန်းတော်များဟာ သီတင်းကျွတ်လပြည့်နေ့မှာ ၀ိနည်းဒေသနာတော်အရ ဥပုသ်အစား "ဖိတ်ကြားခြင်း၊ တောင်းပန်တိုက်တွန်းခြင်း'' လို့ အဓိပ္ပာယ်ရသော ပ၀ါရဏာပြုကြရပါတယ်။ ဤပ၀ါရဏာပြုခြင်းသည် ဘုရားရှင်လက်ထက်ကပင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါတယ်။ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးဖော် ရဟန်းတစ်စု အချင်းချင်း မခေါ်မပြော နေထိုင်ကြသည်ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ထိုနည်းတူစွာ ဘုရားရှင်အား ဖူးမျှော်ကန်တော့တဲ့ အစဉ်အလာကို အစွဲပြုပြီး မြန်မာဗုဒ္ဓဘာသာဝင်တို့သည် သီတင်းကျွတ်တဲ့အခါ သက်ကြီးဝါကြီးများအား ပူဇော်ကန်တော့တဲ့ ဓလေ့ထုံးစံကောင်းတစ်ရပ် ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။