၁၈၇၆ ခုနှစ်က ရန်ကုန် - ပြည် ရထားလမ်း၌ ဘူတာရုံ(၁၈) ခု တည်ဆောက်ခဲ့ရာ
ရန်ကုန်ဘူတာကြီး ပါဝင်ခဲ့သည်။ ထိုစဉ်က ရန်ကုန်ဘူတာကြီးကို သစ်သား၊
သွပ်ပြားတို့ဖြင့် ပြုလုပ်ခဲ့သည်။ ရန်ကုန်ဘူတာကြီးကို ရှေးဦးစွာ
မီးရထားရုံတော်ဟု ခေါ်ခဲ့ပြီး ဖယ်ရာလမ်း (ယခုပန်းဆိုးတန်းလမ်း) ထိပ်တွင်
တည်ရှိသောကြောင့် ဖယ်ရာလမ်းစခန်းဟု ခေါ်သည်။
ကွမ်းခြံအများအပြားရှိခဲ့သောကြောင့် ကွမ်းခြံဘူတာကြီးဟုလည်း ခေါ်ဆိုကြသည်။
(မီးရထားလမ်းဖွင့်စက ဘူတာရုံများကို "စခန်း"ဟု ခေါ်ဝေါ်သုံးစွဲခဲ့သည်။)
၁၈၇၆ ခုနှစ်က ပထမဆုံး ဆောက်လုပ်ခဲ့သော ရန်ကုန်ဘူတာကြီးသည် ၁၉၁၀
ပြည့်နှစ်သို့ ရောက်ရှိလာသောအခါ နှစ်ပေါင်း ၃၀ အတွင်းသို့
ရောက်ရှိဟောင်းနွမ်းလာပြီဖြစ်သဖြင့် ကုမ္ပဏီဒါရိုက်တာများက
ဘုံဘေမြို့အစိုးရ ဗိသုကာ အကြံပေးအရာရှိဖြစ်ခဲ့ဖူးသော မစ္ဇတာဝီလ်ကော့အား
ပုံစံထုတ်စေသည်။
ပုံစံတွင် မီးရထားဝင်းအကျယ်သည် စတုရန်းပေ (၁၀၀၀၀၀) တစ်သိန်းရှိပြီး
အဆောက်အအုံအတွက် စတုရန်းပေ (၆၈၄၀၀) ကို သုံးသည်။ ၎င်းအနက်စတုရန်းပေ (၄၀၅၀၀)
မှ ပင်မဘူတာရုံကြီးဖြစ်သည်။ ယင်းဘူတာရုံသစ်ကြီးကို ၁၉၁၁ ခုနှစ်၊ ဧပြီလ ၎
ရက်နေ့တွင် ဒုတိယဘုရင်ခံ ဆာဟင်နရီအဒယ်ဆင်က ဖွင့်ပေးခဲ့သည်။
ဘူတာရုံကြီးတောင်ဘက်တွင် မစ္ဇတာဝီလ်ကော့ အထိမ်းအမှတ်အဖြစ်
နာရီစင်တစ်ခုဆောက်ခဲ့သည်။
ယင်းဘူတာရုံကြီးသည် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက မကြာခဏ
ဗုံးကြဲခြင်းခံခဲ့ရသဖြင့် နေရာအနှံ့အပြားသည် ဗုံးဒဏ်ကြောင့်
မရှုမလှပျက်စီးခဲ့ရာ ဆင်းမလားအစိုးရက စစ်ပြီးပါက ဘူတာရုံအသစ်တစ်ခု
တိုးချဲ့ဆောက်လုပ်ရန် ညွှန်ကြားခဲ့သဖြင့် ၁၉၄၆ ခုနှစ်က တင်ပြခဲ့သော
ပုံစံကို မကြိုက်သဖြင့် ပယ်ချခဲ့သည်။ ၎င်းနောက် ရန်ကုန်နေပြည်တော်
အင်ဂျင်နီယာဦးလှသွင်ရေးဆွဲသော ပုံစံသစ်ကို ၁၉၄၆ ခုနှစ်၊ မေလ ၇ ရက်နေ့၌
မီးရထားအုပ်ချုပ်ရေးအဖွဲ့မှ အတည်ပြုခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလတွင်
အုတ်မြစ်ချ စတင်ဆောက်လုပ်ခဲ့ရာ ၁၉၅၄ ခုနှစ်၊ မေလတွင် ပြီးစီးခဲ့သည်။
ယခုဘူတာရုံသစ်သည် ယခင်အဟောင်းထက် စတုရန်းပေ (၁၄၅၀၀) ပိုမိုကျယ်ဝန်းပေသည်။
၁၉၅၄ ခုနှစ်၊ ဇွန်လ ၅ ရက်၊ စနေနေ့နံနက် ၅ နာရီ, သံဃာတော် (၂၇) ပါး အား
ဆွမ်းကပ်ပြီး ၈ နာရီတွင် ဝန်ကြီးချုပ် ဦးနုက ဖွင့်လှစ်ပေးခဲ့သည်။