ကျွန်မအဘွားဆိုပေသိ၊ ကျွန်မ အမေရဲ့ အဘွားဆိုလျှင် ပိုမှန်ပါသည်။
ကျွန်မသည် မွေးကတည်းက ဖေဖေ တာဝန်ကျရာနေရာတွင် အခန်းရသဖြင့် နေခဲ့ရသည်။ ကျွန်မတို့မိသားစုသည် ဖေဖေ အလုပ်ပိတ်ရက်တွင် အဘွား အိမ်ကို သွားလည်ဖြစ်ခဲ့သည်။ ကျွန်မတို့မိသားစုအဘွားနဲ့ နေဖြစ်ခဲ့သည်မှာ ကျွန်မငယ်ငယ်တုန်းက အဖျားအလွန်ကြီးပြီး နေမကောင်း ဖြစ်တာကို ဘွားဘွား သိသွားသဖြင့် သူသည် ညကြီးမိုးချုပ် အဘွားရဲ့သမီး အငယ်ဆုံး ကို ခေါ်ခိုင်းပါသည်။ နောက်ဆုံးတွင် ကျွန်မကို စိတ်မချသဖြင့် သူတို့နဲ့ အပြီးလာနေရန် ခေါ်သဖြင့် ကျွန်မတို့မိသားစု သုံးယောက် ပြောင်းခဲ့ရ ပါသည်။
    ဘွားဘွားကော ဘဘကော စိတ်နှလုံးကောင်းပြီး အများကို ကူညီဖို့ ၀န်မလေးကြသူများ ဖြစ်ပါသည်။ ဘွားဘွားသည် ငယ်ကတည်းက သူ့ကျွေးတဲ့မုန့်ကို ကျွန်မကို အမြဲခေါ်ခေါ် ကျွေးခဲ့ပါသည်။ ဘယ်တော့မဆို သွန်သင်ဆုံးမပြီး ယဉ်ကျေးအောင်၊ လူအများကို ကူညီတတ်အောင်၊ စိတ်ကောင်းနှလုံးကောင်းရှိဖို့ အမြဲဆိုဆုံးမခဲ့ပါသည်။ ကျောင်းစနေတော့ ကျွန်မ အဖော်ရအောင်ဆိုပြီး ၀မ်းကွဲအစ်ကိုကို အိမ်ခေါ်ထားပြီး ကျောင်း အတူတူ နေစေခဲ့ပါသည်။ ၀မ်းကွဲအကိုသည် သူ့အိမ်တွင် ကျောင်းနေစဉ်က ၂ တန်းရောက်နေပေမယ့် ကျွန်မနဲ့အတူတူ တက်ဖို့ သူငယ်တန်းကို ပြန်ဆင်း ပြီး အပ်ခဲ့ပါသည်။ သူတို့ရွာတွင် အင်္ဂလိပ်စာကို ၂ တန်းထိ မသင်သေး သရွေ့ ကျွန်မက အစ်ကိုကို ဆရာလုပ်ပြီး သင်ပေးခဲ့ပါသည်။ ဘိုးဘိုးဆိုလျှင် လည်း ခဲတန်ကအစ သေချာ ချွန်ပေးပါသည်။ ဘွားဘွားသည် အလွန် စည်းကမ်းကြီးသူ ဖြစ်ပါသည်။ အိမ်မှာ ရှိသောသူများအားလုံး စည်းနဲ့ ကမ်းနဲ့ နေထိုင်စားသောက်သွားလာ လုပ်ရပါသည်။ အချိန်တန်လို့ ပြန်မလာလျှင်လည်း အလွန်စိတ်ပူတတ်ပါသည်။ နောက်တော့ ကျွန်မတို့ မောင်နှမတွေအားလုံး အဘွားရဲ့ အရိပ်ကို ခိုခဲ့ကြရတယ်ဆိုပါတော့။ ကျွန်မတို့ မောင်နှမအားလုံးသည် သိတတ်စအရွယ်။ စကား ကောင်းကောင်း တတ်သည့် အရွယ်၊ ကျောင်းမနေခင်ကတည်းကပင် အဘွား သင်ပေးသည့် အကြောင်းအရာတွေနှင့် ပျော်ခဲ့ရသည်။
    ဘွားဘွားသည် ငယ်တည်းက ရေစိမ်းကို တစ်ခါမှ သောက်ခဲ့တာ ကို မတွေ့ခဲ့ရဘူး။ ဘယ်တော့မဆို ရေနွေးပဲသောက်တာ တွေ့ရပါသည်။ သူ့အိပ်ရာဘေးမှာ မုန့်ဗူးတွေ၊ သူ စားချင်တဲ့အချိန် ထစားဖို့ ထမင်းအိုးက အစ ထားရှိပါသည်။ ဘွားဘွားသည် သူ့ကို နှိပ်ပေးတိုင်း ဂျပန်ခေတ်က ဘယ်လို ဆိုတာက အစ ကျွန်မ မသိ၊ မမြင်ခဲ့ရတဲ့အကြောင်းအရာတွေကို ပြောပြပါသည်။ ကျွန်မတို့မောင်နှမတွေကတော့ ဘွားဘွားနဲ့နေခဲ့ရတာကို ခုထိ မမေ့သလို ကျွန်မတစ်သက်မှာ ဘယ်တော့မှ မေ့မည်မဟုတ်ပါ။ ကျွန်မရယ် အစ်ကိုဝမ်းကွဲရယ် ကျောင်းချိန်အပြန်ဆို အချိန်သတ်မှတ်ပေးပါ သည်။ အဲဒီအချိန်အတွင်း မရောက်လည်း နှစ်ယောက်စလုံး ရိုက်ခံရ ပါသည်။ အသက်ကလေး နည်းနည်းရလာတော့ ကျွန်မအစ်ကိုက ကျွန်မနဲ့ ကျောင်းအတူမသွားချင်တော့ဘူးလေ။ သူ့ကို စမှာ အရမ်းကြောက်တာကိုး။ ဒီတော့ အိမ်က သွားရင် တူတူသွားပြီး လမ်းရောက်ရင် သူ့ဘာသာ သွားတော့တယ်။ ဒီလိုပဲ ပြန်လာရင်လည်း သူက သူ့သူငယ်ချင်းတွေနဲ့ ပြန်လာပြီး အိမ်နားရောက်ရင် စောင့်ပြီးမှ တူတူပြန်ရတယ်။ တစ်ရက်တော့ ကျွန်မလည်း ဗိုက်ဆာတာနဲ့ အစ်ကို့ကို မစောင့်ပဲ အိမ်တန်းပြန်သွားခဲ့ ပါတယ်။ အိမ်ရောက်တော့ အစ်ကို့ကို မေးတော့ နောက်မှာလို့ ပြောတော့ ဘွားဘွားသည် အိမ်ပေါ်မှ ဆင်းသွားပြီး တုတ်တစ်ချောင်းနဲ့ အိမ်ပေါက်ဝမှာ စောင့်နေပါတယ်။ အစ်ကိုလည်း ရောက်ရော ဘာမှမပြောပဲ ဆီးပြီး ရိုက်ပါ တော့တယ်။ ဒါနဲ့ အစ်ကိုကလည်း ကျွန်မကို မျက်နှာငယ်နဲ့ လှမ်းကြည့် ပါတယ်။ ကျွန်မက ဘွားဘွားရဲ့အနောက်ကနေ ပြောင်ပြမိတယ်။ နောက်နေ့ လည်း ရောက်ရော ကျွန်မအကိုက ကျွန်မကို မစောင့်ဘဲ ပြန်သွားတယ်လေ။ ပထမနေ့က ကျွန်မလုပ်လို့ သူ ရိုက်ခံရတယ်ဆိုပြီး ကျွန်မ အရိုက်ခံရအောင်  ပြန်သွားတာလေ။ အိမ်လည်း ရောက်ရော ကျွန်မကောလို့ ဘွားဘွားက မေးတော့ နောက်မှာလို့ သူပြောတယ်။ ကျွန်မကလည်း ဘယ်ရမလဲ။ အိမ်ပေါက်ဝလည်း ရောက်ရော ငိုပြီး ဘွားဘွားကို တိုင်တာပေါ့။ အစ်ကိုက သမီးကို မစောင့်ဘူး အိမ်ကို ပြေးပြီးပြန်သွားတယ်လို့ သမီးက အမှီလိုက်တာ မရဘူးလို့ ဘွားဘွားကို တိုင်လည်း တိုင်ရော ဘွားဘွားက ညီမလေးကို မစောင့်ရကောင်းလားလို့ ဆူပြီး ထပ်ရိုက်ခံရပြန်ရော။ ဘွားဘွားက ကိုယ့်မိသားစုမှမဟုတ်၊ သူစိမ်းတွေကိုလည်း အမြင်မတော်တာတွေ့ရင် ဆုံးမတတ်ပါတယ်။
ကျွန်မတို့မောင်နှမတွေအားလုံး ဘွားဘွားကို အရမ်းချစ် ပါတယ်။ ကျွန်မအလုပ်စလုပ်တော့ ဘွားဘွားက သွားရင် သွားတော့မယ် ပြန်လာရင် ပြန်လာပြီဆိုပြီး ပြောမှ သဘောကျတယ်။ ထမင်းကိုလည်း ဘွားဘွား ချက်ပြီး ထည့်ပေးတယ်။ ဘွားဘွား အသက်လေး နည်းနည်းရ လာတော့ သိပ်ပြီး အပြင်မသွားတော့ဘူး။ နားကလည်း နည်းနည်းမကောင်း တော့ဘူးဆိုပါတော့ မျက်စိကလည်း ကွယ်တာတော့ မဟုတ်ဘူး သိပ်မမြင် တော့ဘူး။ အသက်ကလည်း ၈၀ ကျော်လာပြီလေ။ အဲ ဒါပေမယ့် သူ့ကွယ်ရာမှာ တိုးတိုးနဲ့ သူ့အကြောင်းပြောရင် ကြားတယ်။ နင်တို့ ငါ့အတင်း မပြောနဲ့ ငါကြားတယ်တဲ့။ ကျွန်မမောင်လေး အငယ်ဆုံးမွေးပြီး နောက်ပိုင်း မောင်လေးကို ထိန်းပေးရှာတယ်။ မောင်လေးက စကားပြော တတ်တဲ့အရွယ်ရောက်တော့ မေမေတို့ကို ပြောတယ်။ ဘွားဘွားက သူငယ်ပြန်နေလား မသိဘူးတဲ့။ သား ဆော့တဲ့ကားကို ယူဆော့တယ်လို့ ပြောတော့ ဘွားဘွားက ကြားသွားပြီး အောင်မယ် ငါ့ကိုများ သူငယ်ပြန် တယ်လေး ဘာလေးနဲ့ သူ နေအောင်လည်း ထိန်းရသေးတယ်တဲ့။ ဒီိလို ပြောရှာတာပါ။ ဘွားဘွားက အမြဲတမ်း သက်ကြီးပူဇော်ပွဲဆို ရှေ့က သွားကန်တော့ခံရတယ်လေ။ ဆွေမျိုးတွေကြားထဲမှာလည်း ဘွားဘွား တစ်ယောက်ပဲ အသက်ကြီးတာ ကျန်တော့တာ။ ကျန်တာက မရှိရှာတော့ဘူး။ ဘွားဘွားက အသက် ၉၀ ကျော်လာပေမယ့် ဒေါင်ဒေါင်မြည်ပဲလေ။ ဘယ်သူမှ သူ့ကို တွဲမကူရဘူး။ ကျွန်မ အလုပ်စလုပ်လို့ရတဲ့ လစာကို အဘွားကို ကန်တော့တော့ အဘွားက မျက်ရညတောင် ကျရှာတယ်။ သမီး သုံးဖို့ သိမ်းထားပါတယ်။ ကျွန်မအတွက်ဆို သူ့ကို လာကန်တော့သမျှ မုန့်တွေ အမြဲကျွေးတယ်။ ပြီးတော့ အလုပ်သွားတော့မယ်လို့ ပြောရင် သူ့အနားကို ခေါ်ပြီး ကျွန်မကို စမ်းတယ်။ ပိန်သွားတယ်။ ၀လာပြီလို့ သူ စမ်းပြီး ပြောရှာတယ်။ ပြီးတော့ ကျွန်မရဲ့ ဆံပင်တွေကို အမြဲကိုင်ကြည့်ပြီး ဆံပင်တွေ မညှပ်ရဘူးနော်လို့ အမြဲမှားတယ်။ ကျွန်မ အလုပ်က ပြန်အလာကို နေတိုင်းမျှော်တယ်လေ။ ကျွန်မ ပြန်လာရင် မုန့်ဝယ်လာတာကိုး ပြီးတော့ တစ်လတစ်ခါလည်း ရတဲ့ လစာတည်းက ကန်တော့ရင် ကျွန်မကို ပြောရှာတယ်။ သမီးရယ် အင်္ကျီဝယ်ဝတ်ပါတဲ့။  ကျွန်မခရီးသွားလို့ ပြန်လာရင် အဘွားအတွက် အမြဲတစ်ခုခု ၀ယ်လာတယ်။
ဘွားဘွားသည် အမြဲတမ်းမှန်တဲ့သူ ဘက်က လိုက်တတ်တာကို ကျွန် မ သဘောကျမိပါတယ်။
ဒါနဲ့ပဲ ဘွားဘွားနဲ့ နေလာလိုက်တာ ဘွားရဲ့အသက် ၉၀ ကျော်တော့ အဘွားက ညည်းရှာတယ်လေ။ သူ မနေချင်တော့ဘူးတဲ့။ သေမင်းက လာမခေါ်လို့တဲ့ ပြောတော့ ဘွားဘွားရဲ့ တူက ဘွားဘွားကို နောက်တယ်လေ။ ``ဒေါ်လေးရယ်.... သေမင်းက ဒေါ်လေးကို လာခေါ်မှာ မဟုတ်ဘူးတဲ့ ဘာလို့လဲဆိုတော့ ဒီအဘွားကြီးက မသေခင်တည်းက  ငါ့ကို ပူညံနေအောင် လုပ်တယ်။ နားငြီးတယ်လို့ ပြောတယ်ဆိုပြီး နောက်တယ်လေ။ အဲဒီဦးလေးလည်း မကြာခင် ဆုံးသွားတယ်လေ။ ဦးနှောက်အာရုံကြောပြတ်ပြီးတော့လေ။ ကျွန်မ အလုပ်ပြန်တိုင်း မျှော်တတ်တဲ့အဘွားအတွက် အမြဲ မုန့်ဝယ်သွားဖြစ်တယ်။ ဘွားဘွားက စာလေးခွေတို့၊ ကြံတို့၊ မာလကာသီးလည်း စားတယ်။ ဘွားဘွားက သီလအရမ်းကောင်းတယ်။ ကျန်းမာရေးလည်းကောင်း၊ သီလလည်းကောင်း၊ စိတ်ထားလည်းကောင်းတယ်။ ဒီလိုအဘွားနဲ့ အမြဲအတူနေရတဲ့ကျွန်မအတွက်လည်း ၀မ်းသာဖို့ အရမ်းကောင်းတယ်လေ။ ညနေဆို အလုပ်က အပြန်ကို မျှော်တတ်တဲ့အဘွားအတွက် မုန့်ဝယ်နေကြဆိုင်မှာ မုန့်အမြဲဝင်တယ်။ တစ်နေ့တော့ ဘွားဘွားကြိုက်တတ်တဲ့ စာကလေးခွေတွေ ၀င်လာခဲ့မိတယ်။ လမ်းထဲဝင်တော့ လမ်းထိပ်က လူတွေက ဘာလို့ ငါကို နှုတ်မဆက်ကြတာလည်း မသိဘူးလို့ စဉ်းစားရင်း လာတာ အိမ်က ထူးထူးဆန်းဆန်း ဘာလို့ လာကြိုပါလိမ့်လို့ တွေးမိတုန်း လာကြိုတဲ့မောင်လေးက အနားရောက်တာနဲ့ ပြောလိုက်တဲ့စကားကြောင့် ကျွန်မ ရင်ထဲမှာ စို့နစ်သွားမိတယ်။ ``မမကြီး ဘွားဘွားဆုံးသွားပြီ´´ လို့ ပြောတော့ ကျွန်မ မနည်းအားယူပြီးတော့ ဘယ်အချိန်က ဆုံးတာလည်း မေးတော့ ညနေ ၄ နာရီ ကျော် လောက်က အိပ်နေတာ မနိုးလို့ သွားကြည့်တော့ အသက်မရှိတော့ဘူးတဲ့။ သြော်... ဘွားဘွား ငါတို့ကို ထားခဲ့ပြီနော် ငါ ၀ယ်လာတဲ့မုန့်ကို ဘယ်သူ့ကိုကျွေးရမှာလဲ´´ ဘွားဘွားရဲ့ အသက်တောင် ကျွန်မ မမှီခဲ့ပါဘူး။ ဒါနဲ့ပဲ ၂၀၀၇ ခုနှစ် ၁၁ လပိုင်း ၁၁ ရက်မှာ ဘွားဘွားသမီးတို့အနားကနေ ခွဲခွာခဲ့တာဆို ခုဆို ၇ လတင်းတင်းပြည့်ခဲ့ပြီပေါ့။ ဘွားဘွား သမီးတို့ကို ဘယ်လိုပဲ ခွဲခွာခွဲခွာခဲ့ ဘွားရဲ့အရိပ်၊ ဘွားရဲ့အသံ၊ ဘွားရဲ့အမြဲဆုံးမနေတဲ့ပုံရိပ်တွေ သမီးတို့နားမှာ အမြဲရှိနေပြီး ဘွားဘွား ကောင်းရာဘုံဘ၀ကနေ သမီးတို့ကို စောင့်ရှောက်နေလိမ့်မယ်ဆိုတာကို သမီးယုံကြည်နေမိတယ်။ဘွားဘွားရယ် သမီး အမြဲသတိရနေမိတယ်။ ခုဆို ဘွားအတွက် ၀ယ်မယ့်မုန့်အစား သမီး ဘုရားမှာ ကောင်းမှုကုသိုလ်လုပ်ပေးနေပါတယ်။ ဘွားဘွား ကောင်းရာ ဘုံဘ၀မှ သာဓုခေါ်နိုင်ပါစေနော်။