2/14/2011

စိန်ဖူးတော်

သုတေသီတို့အဆိုအရ မဇ္ဈိမဒေသ အိန္ဒိယနိုင်ငံ ဆန်ချီစေတီမှာ
ရှေးဦးစေတီဖြစ်သည်ဟု ဆိုပါတယ်။ သရေခေတ္တရာရှိ ဘောဘောကြီး၊ ဘဲဘဲကြီး စသော
မြန်မာရှေးဦးစေတီတို့မှာ အလွန်ရိုးစင်းသော ဗိသုကာလက်ရာဖြင့်
တည်ဆောက်ထားပါတယ်။ ယင်းစေတီအားလုံးမှာ ထီးဟု ခေါ်ဆိုနိုင်ရုံမျှသာ ရှိသော
ထီးသင်္ကေတမျှသာ ပါသည်ကို တွေ့ရပါတယ်။ စိန်ဖူးတော်မှာ မြန်မာတို့၏
တစ်မူထူးခြားသော ဆန်းသစ်တီထွင်မှုတစ်ရပ်ဖြစ်ပေတယ်။ ဒီတီထွင်မှုရဲ့
အနုစိတ်တဲ့ ကျက်သရေအရှိဆုံး အခမ်းအနားဆုံးလက်ရာ ရွှေတိဂုံစေတီတော်ရဲ့
စိန်ဖူးကို စံထားပြီး တင်ပြထားပါတယ်။
စိန်ဖူးဟူသော ဝေါဟာရမှာ တင့်တယ်သင့်မြတ်လှပါတယ်။ ပန်းမပွင့်မီ အဖူး
အထူးသဖြင့် နှင်းဆီပန်းပင်မှ အဖူးနှင့် တူပါတယ်။ စိန်များစီထားသဖြင့်
စိန်ဖူးဟု မှည့်ခေါ်ခြင်းမှာ သဘာဝကျလှပါတယ်။ နေ့ခင်းမှာဆိုရင်
စိန်ဖူးတော်ဟာ နေ့လုံးအသေးစားကလေးသဖွယ် တောက်ပနေပြီး ရွှေရောင်၊
စိန်ရောင်၊ ပတ္တမြားရောင်၊ နီလာရောင်တို့ဖြင့် ညီးနေတတ်တယ်။ ညအခါမှာဆိုရင်
ဘုရားကျောင်းဆောင်မုခ်ဝများမှာ ထွန်းညှိထားတဲ့ ဆီမီး၊ ဖယောင်းတိုင်နှင့်
မီးမောင်းများကြောင့် ဘုရားရင်ပြင်အချို့နေရာမှ ကြည့်ရင် စိန်ဖူးတော်မှ
စိန်တို့သည် နီမြန်းလှပသော အဆင်းကို ဆောင်ထားကြောင်း တွေ့ရတတ်ပါတယ်။
စိန်ဖူးတော်ရဲ့အချင်းမှာ ဆယ်လက်မခွဲရှိပြီး အတွင်းမှ
အခေါင်းနှင့်ဖြစ်တယ်။ ရွဲလုံးပမာပင်။ ခလယ်တွင် စိန်သုံးတန်းပတ်၍
တန်းစီခြယ်သထားပါတယ်။ စိန်ဖူးမျက်နှာပြင်မှ နေရာမလပ်
ဒေါင်းဖိုလိပ်ပြာသရဖူစေတီ စသော ပုံများကို ကျောက်မျက်တို့ဖြင့်
တန်ဆာဆင်ထားပါတယ်။ ရတနာများနဲ့ ပုံဖော်ထားသော ဗုဒ္ဓပုံတော်လည်း
ပါဝင်ပါတယ်။ စိန်လုံးရေလေးထောင်ကျော်ပါပြီး အလေးချိန်အားဖြင့်
ရတီနှစ်ထောင်ကျော်ပါတယ်။ စိန်များအပြင် အခြားအဖိုးမဖြတ်နိုင်တဲ့
ကျောက်မျက်ရတနာလုံးရေ တစ်ရာနီးပါး ပါဝင်ပါသေးတယ်။ စိန်ဖူးတော်၏
အထက်ထိပ်ပေါ်တွင် ခုနှစ်ဆယ်ခြောက်ကရက် အလေးချိန်ရှိသော စိန်ကြီးကို
စိန်စီထားသော ရွှေကွင်းသုံးကွင်းဖြင့် သုံးချောင်းထောက်သဖွယ် တင်ထားပါတယ်။
အခြားအခြားသော စေတီတို့မှာလည်း စိန်ဖူးတော်များရှိပါတယ်။ လက်ရာမှာလည်း
မကွာလှပါဘူး။ ရွှေချိန်ပမာဏနှင့် ကျောက်မျက်ဦးရေမျှသာ ကွာခြားပါတယ်။
ကျေးလက်နှင့် တောတောင်ဒေသများရှိ ဘုရားစေတီများမှာ ဖန်တုံးကို စိန်သဖွယ်
သွေး၍ စိန်ဖူးအဖြစ် တင်ထားတတ်တာကို တွေ့ရှိရပါတယ်။ နေသာချိန်တွင်
ထိုစိန်ဖူးတို့သည်လည်း မာကျူရီမီးလုံးသဖွယ် တောက်ပနေပြီး၊ အလျဉ်းသင့်သော
နေရာမှ ဖူးသော် ထိုစေတီမျိုးကို အဝေးမှပင် ဖူးတွေ့နိုင်ပါတော့တယ်။
စိန်ဖူးတော်ရဲ့အကြောင်း သိသမျှလေး ဖော်ပြလိုက်ပါတယ်။
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ...........

No comments: