1/05/2011

လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ အတ္ထုပ္ပတ္တိ (၁၈၇၉-၁၉၃၉)

လယ်တီပဏ္ဍိတ ဦးမောင်ကြီးသည် မုံရွာမြို့တောင်ဘက်
ညောင်ဖြူပင်ရွာသားဇာတိဖြစ်သည်။ ခရစ်နှစ် ၁၈၇၉ ခု ဇန်န၀ါရီလ ၃၀ ရက်နေ့တွင်
ဖွားမြင်သည်။ အဖ ဦးရောက်၊ အမိ ဒေါ်ထပ်တို့ဖြစ်ပါသည်။ ငယ်မည်မှာ
မောင်သန့်စင် ဖြစ်လေသည်။

အသက် ဆယ့်သုံးနှစ်တွင် မိဘမဲ့ဖြစ်လေသည်။ အသက်ဆယ့်ရှစ်နှစ်တွင် မုံရွာ
လယ်တီဆရာတော်ထံတွင် သင်္ကန်းဝတ်ဖြင့် ပညာသင်၏။ ဘွဲ့မည်မှာ ရှင်ပဏ္ဍိတဖြစ်သည်။
ရဟန်းဝါ သုံးဝါရသောအခါ မန္တလေးဝိသုဒ္ဓါရုံကျောင်းသို့ကြွကာ
ပညာသင်ယူသည်။ လယ်တီဆရာတော်၏ တပည့်ဖြစ်သောကြောင့် ထိုအခါမှစ၍
လယ်တီပဏ္ဍိတအဖြစ် အမည်တွင်သည်။ ရဟန်းဘ၀တွင် လောကုတ္တရာကျမ်းများနှင့်
ပါဠိအဘိဓာန်ချုပ်ကို ရေးခဲ့သည်။
အသက်သုံးဆယ်တွင် လူဝတ်လဲခဲ့၏။ ထိုအခါမှစ၍ လယ်တီပဏ္ဍိတ ဦးမောင်ကြီး အမည်
ယူခဲ့သည်။ လူဝတ်လဲပြီးနောက် ပျဉ်းမနားမြို့ ဦးအောင်ဒွန်း၊ ဒေါ်ညိမ်းတို့၏
သမီး မမကြီးနှင့် လက်ထပ်ခဲ့သည်။ ၁၉၁၁ ခုနှစ်တွင် ရန်ကုန်သို့ရောက်သည်။
ပထမဦးစွာ မြန်မာ့အလင်းမဂ္ဂဇင်းတွင် အယ်ဒီတာလုပ်သည်။ ထိုစဉ်မှာပင်
"မောင်သောက"၊ "သကုဏ္ဍလ"၊ "ခင်မြင့်ကြီး" ၀တ္ထုတို့ကို ရေးခဲ့သည်။
ဦးရွှေကြူးဖတ်ပြီး ပြောပြသော အင်္ဂလိပ်ဝတ္ထုများကို အခြေခံ၍လည်း ၀တ္ထုများ
ရေးခဲ့သည်။ မြန်မာ့အလင်းမဂ္ဂဇင်း ပျက်သွားသောအခါ ပညာ့အလင်းမဂ္ဂဇင်း၌
"သန်းသန်း"နှင့် အခြားဝတ္ထုတိုများရေးခဲ့သည်။
၁၉၂၃ ခုနှစ်တွင် ဒဂုန်မဂ္ဂဇင်း အယ်ဒီတာလုပ်ခဲ့သည်။
လယ်တီပဏ္ဍိတ ဦးမောင်ကြီးသည် ၀တ္ထုများကို မန္တလေး
မောင်ခင်မောင်အမည်ဖြင့်လည်း ရေးခဲ့သည်။ "ခင်မြင့်ကြီး"၊ "သန်းသန်း"၊
"တင်တင်မြ" တို့ကဲ့သို့သော ၀တ္ထုများအပြင် "နတ်သျှင်နောင်"၊ "ဗညားနွဲ့"၊
"တပင်ရွှေထီး"ကဲ့သို့ အမျိုးသားစိတ်ဓာတ်လှုံ့ဆော်သော ၀တ္ထုများလည်း
ရေးခဲ့သည်။ "ပန်ထွာမင်းသမီး"၊ "ရွှေပြည်ကြီး" စသော ၀တ္ထုများလည်း
ရေးခဲ့သည်။ လောကုတ္တရာနှင့်ဆိုင်သော ကျမ်းများ၊ လောကီရေးရာကျမ်းများလည်း
အများအပြား ရေးခဲ့သည်။

စာအုပ်ပေါင်း လေးရာနီးပါးခန့် ရေးခဲ့သည်ဟု သိရသည်။
၁၉၃၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်က မဟာဝိဇ္ဖာဘွဲ့ဖြင့် ချီးမြှင့်ခဲ့ရ၏။
လယ်တီပဏ္ဍိတ ဦးမောင်ကြီးသည် စကားပြေအရေး၌သာ ထင်ရှားသည်မဟုတ်။
ကဗျာအထုံးအဖွဲ့၌လည်း ထင်ရှားလေသည်။ ဦးမောင်ကြီးသည် ဆရာကြီး
သခင်ကိုယ်တော်မှိုင်းနှင့်အတူ တို့ဗမာအစည်းအရုံးကြီးနှင့်
သခင်လူငယ်များကို အကူအညီပေးခဲ့၏။ တို့ဗမာအစည်းအရုံးဝင် သခင်တစ်ယောက်လည်း
ဖြစ်လေသည်။
လယ်တီပဏ္ဍိတ ဦးမောင်ကြီးသည် ၁၉၃၉ ခု ဧပြီလ ၂၁ ရက်နေ့တွင် မုံရွာမြို့၌
ကွယ်လွန်အနိစ္စရောက်ခဲ့လေသည်။

No comments: