4/12/2011

ခရီးသွားအန္တရာယ်ကင်းဂါထာတော်

ကတာ မေ ရက္ခာ ၊
ကတံ မေ ပရိတ္တံ ။
ပဋိက္ကမန္တု ဘူတာနိ ၊
သောဟံ နမော ဘဂ၀တော ။
နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓေါနံ ။

အဓိပ္ပာယ်က
ငါသည် အစောင့်ချအပ်ပြီ။
ငါသည် ပရိတ်အကာအကွယ်ပြုအပ်ပြီး အန္တရာယ်ပြုမည့် သတ္တ၀ါတွေ နောက်ဆုတ်ကြပါလော့။
ငါသည် ဂေါတမဘုရားရှင်အား ရှစ်ခိုးပါ၏။
ဝီပဿီဘုရား ၊ သိခီဘုရား။
ကကုသန်ဘုရား ၊ ကောဏဂုံဘုရား။
ကုဿပန်ဘုရား ၊ ဂေါတမဘုရား ၊ အရိမေတ္တယျဘုရား။
ဟူသော ( ၇ ) ဆူသော ဘုရားရှင်တို့အား ရှစ်ခိုးပါ၏။

4/11/2011

နှစ်ကူးမှာ သင်္ကြန်ထမင်း လာစားလှည့်နော်


နှစ်ကူးတော့မယ့် အချိန်အခါသမယမှာ သင်္ကြန်ထမင်းနဲ့ လာလည်တဲ့သူအပေါင်းကို တောင်းဆုချွေရင်း ဖိတ်ကျွေးလိုက်ပါတယ်။

4/09/2011

ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ (၁၉၁၅ - ၁၉၄၇)

မြန်မာ့လွတ်လပ်ရေး ဗိသုကာဖြစ်သည်။ မကွေးခရိုင်၊ နတ်မောက်မြို့တွင်
မွေးဖွားသည်။ အမည်ရင်း အောင်ဆန်းဖြစ်သည်။ ၁၉၃၇ ခုနှစ် ရန်ကုန်တက္ကသိုလ်မှ
ဘီအေဘွဲ့ရသည်။ ၁၉၃၆ ခုနှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်ခေါင်းဆောင်၊
သမဂ္ဂထုတ် အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ဖြစ်သည်။ ဥပဒေသင်တန်း တက်ရောက်နေစဉ် ၁၉၃၈
- ၃၉ ခုနှစ် ရန်ကုန်တက္ကသိုလ် သမဂ္ဂ (ရကသ) ဥက္ကဋ္ဌ၊ ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများ သမဂ္ဂ (ဗကသ) ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ ၁၉၃၈ ခုနှစ်
ရန်ကုန်တက္ကသိုလ် အက်ဥပဒေ ပြင်ဆင်ရေး ကော်မတီဝင်၊ ၁၉၄၀ ရန်ကုန်တက္ကသိုလ်
အုပ်ချုပ်ရေးအဖွဲ့ ကျောင်းသားကိုယ်စားလှယ် ဖြစ်သည်။ ၁၉၃၈ - ၄၁ ခုနှစ်
သခင်ကိုယ်တော်မှိုင်း ဦးဆောင်သော တို့ဗမာအစည်းအရုံး အထွေထွေ
အတွင်းရေးမှူး၊ ၁၉၃၉ ဗမာပြည်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး၊ ၁၉၃၉
- ၄၁ ခုနှစ် ဗမာ့ထွက်ရပ်ဂိုဏ်း အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။
၁၉၄၀ ပြည့်နှစ် အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့ အိန္ဒိယအမျိုးသားကွန်ဂရက်
ညီလာခံသို့ တက်ရောက်ခဲ့သည်။ ၁၉၄၁ ခုနှစ် ဂျပန်ပြည်သွားရောက်၍
စစ်ပညာသင်ကြားကာ ရဲဘော်သုံးကျိပ်ခေါင်းဆောင် ဗိုလ်တေဇဖြစ်လာသည်။ ၁၉၄၂ -
၄၅ ခုနှစ် ဘီအိုင်အေ ဒုတိယစစ်သေနာပတိ၊ ဘီဒီအေ စစ်သေနာပတိ၊ ၁၉၄၃ - ၄၅
အဓိပတိ ဒေါက်တာဘမော် ဦးဆောင်သော မြန်မာအစိုးရအဖွဲ့၌ ကာကွယ်ရေးဝန်ကြီး၊
၁၉၄၅ ဖတပလ ဥက္ကဋ္ဌ၊ ဖက်ဆစ်တော်လှန်ရေး စစ်ရေးခေါင်းဆောင်၊ သရက်ခရိုင်
ရှေ့တန်းစစ်ဌာနချုပ်ကို တာဝန်ယူခဲ့သည်။ ၁၉၄၅ ခုနှစ် ကန္ဒီစာချုပ်
လက်မှတ်ရေးထိုးပြီးနောက် တပ်မတော် ဗိုလ်ချုပ်ရာထူးမှ နှုတ်ထွက်သည်။ ဖဆပလ
ဥက္ကဋ္ဌအဖြစ် နိုင်ငံရေး တာဝန် ထမ်းဆောင်သည်။ ပြည်သူ့ရဲဘော်တပ်ဖွဲ့ (၁၊ ၁၂၊
၁၉၄၅) ၏ ဥက္ကဋ္ဌ၊ ၁၉၄၆ ခုနှစ် ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယဥက္ကဋ္ဌရာထူး
လက်ခံ၍ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဌာနကို တာဝန်ယူခဲ့သည်။ အောင်ဆန်း
အက်တလီစာချုပ် (၂၇၊ ၁၊ ၁၉၄၇)၊ ပင်လုံစာချုပ်(၁၂၊ ၂၊ ၁၉၄၇) တို့ကို
ဦးဆောင်လက်မှတ်ရေးထိုးခဲ့သည်။ ၁၉၄၇ တိုင်းပြုပြည်ပြု လွှတ်တော်တွင်
ရန်ကုန်လမ်းမတော်နယ်မှ ရွေးချယ်ခံ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကို
အတည်ပြုပေးခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်၌ ရန်ကုန်မြို့
အတွင်းဝန်ရုံး ဝန်ကြီးများ အစည်းအဝေး ကျင်းပနေစဉ် လုပ်ကြံခံရသည်။

4/08/2011

ဂျာနယ်ကျော် မမလေး အထ္ထုပ္ပတ္တိ (၁၉၁၇ - ၁၉၈၂)

အမျိုးသမီး စာရေးဆရာမ ဖြစ်သည်။ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်
ကမာကလူကျေးရွာ၌ ဖွားမြင်သည်။ အမည်ရင်း မတင်လှိုင်ဖြစ်သည်။ ရန်ကုန်မြို့မ
အမျိုးသမီး အထက်တန်းကျောင်းတွင် ၉ တန်းအထိ ပညာသင်ယူခဲ့သည်။ ဘိုကလေးမြို့
တို့ဗမာအစည်းအရုံးဝင်၊ တက်ခေတ်အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။
၁၉၃၈ ခုနှစ် မြန်မာ့အလင်းသတင်းစာ တာဝန်ခံ အယ်ဒီတာ ဦးချစ်မောင်နှင့်
လက်ထပ်သည်။ ၁၉၃၉ ခုနှစ် ဂျာနယ်ကျော် ထုတ်ဝေသူ၊ ၁၉၄၆ ခုနှစ်
ပြည်သူ့ဟစ်တိုင် သတင်းစာ၊ ၁၉၄၈ ခုနှစ် ဂျာနယ်ကျော်၊ ၁၉၅၃ ခုနှစ်
ဂန္ထဝင်ဂျာနယ် ထုတ်ဝေသူအဖြစ် ဆောင်ရွက်သည်။ ၁၉၃၆ ခုနှစ်
မြန်မာ့အလင်းသတင်းစာ၌ စာစတင် ရေးသည်။ အမျိုးသမီး ကလောင်ရှင်အသင်း ဥက္ကဋ္ဌ
(၁၉၄၇)၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း အလုပ်အမှုဆောင် (၁၉၅၀ - ၅၃)၊ ဥက္ကဋ္ဌ
(၁၉၅၅)၊ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) ဒုတိယဥက္ကဋ္ဌ၊
စာရေးဆရာ စာပေကလပ် အတွင်းရေးမှူး (၁၉၆၁ - ၆၂) တာဝန်ထမ်းဆောင်သည်။ ၁၉၅၅
ခုနှစ် နယူဒေလီ အာရှစာရေးဆရာများ ကွန်ဖရင့်၊ ၁၉၅၂ ခုနှစ် တရုတ်နှင့်
ဆိုဗီယက်နိုင်ငံသွား မြန်မာ့ယဉ်ကျေးမှုအဖွဲ့ဝင်၊ ၁၉၅၈ ခုနှစ် ဂျပန်နိုင်ငံ
ဟီရိုရှီးမား အနုမြူဆန့်ကျင်ရေးနှင့် ငြိမ်းချမ်းရေး ကွန်ဖရင့်သို့
တက်ခဲ့သည်။ ထင်ရှားသော စာပေလက်ရာအချို့မှာ သူလိုလူ (၁၉၄၇)၊ မုန်း၍မဟူ
(၁၉၅၅)၊ ရင်နင့်အောင်မွှေး (၁၉၆၇)၊ သွေး (၁၉၇၃) တို့ဖြစ်သည်။ ၁၉၈၂ ခုနှစ်
ဧပြီ ၆ ရက်တွင် ကွယ်လွန်သည်။

3/30/2011

အမ်အေဒေါ်အုန်း (၁၉၁၃ - ၂၀၀၃)

မန္တလေးတက္ကသိုလ် ပါဠိပါမောက္ခဖြစ်သည်။ မန္တလေးဇာတိဖြစ်သည်။
ရန်ကုန်တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ကို ပါဠိဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။
ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် အမှုထမ်း၍ ၁၉၆၆ ခုနှစ်
အငြိမ်းစား ယူခဲ့သည်။ ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ် အမျိုးသမီး
ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ဂျပန်ခေတ်တွင် အာရှလူငယ် အစည်းအရုံးဌာနချုပ်
အမျိုးသမီးဌာန ဥက္ကဋ္ဌ၊ စစ်ပြီးစ အထက်မြန်မာပြည် ဖဆပလအဖွဲ့၊ အမျိုးသမီးဌာန
ဥက္ကဋ္ဌတာဝန်များ ထမ်းဆောင်ခဲ့သည်။ ၁၉၅၃ ခုနှစ် အမေရိကန်ပြည်ထောင်စု ကုလသမဂ္ဂ
အမျိုးသမီးအခွင့်အရေး ညီလာခံသို့ တက်ခဲ့သည်။ အမ်အေမအုန်းအမည်ဖြင့် မလောကီ
(၁၉၄၅ဝ၊ မိန်းမကိစ္စ(၁၉၄၅)၊ ဆိုဗီယက်လောက (၁၉၄၆)၊ ပါဠိစာပေသမိုင်း
(၁၉၅၆)နှင့် စရိယာပိဋကတ် အင်္ဂလိပ်ဘာသာပြန် ရေးသားခဲ့သည်။
နိုင်ငံဂုဏ်ရည်ဘွဲ့ (ဒုတိယဆင့်) ချီးမြှင့်ခံရသည်။ ၂၀၀၃ ခုနှစ် နိုဝင်ဘာ
၂၈ ရက်နေ့တွင် ကွယ်လွန်သည်။

3/27/2011

နှစ်ကူး ဆုမွန်


သင်္ကြန်အတာ၊ ခုချိန်ခါမှာ
ဗျာပါပူဆွေး၊ ချစ်သူလေးကို
ရေအေးမေတ္တာ၊ လောင်းလိုပါငြား
မေကားတနယ်၊ မောင်ဝယ်တကျေး
ခရီးဝေးလျက်၊ ကြင်သူသက်ကို
ဖြန်းပက်သွန်းခွင့် မသာပြီ။

ပိတောက်နံ့မွှေး၊ နံ့သာအေးကို
မေ့ပါးပြင်ထက်၊ မွတ်မွတ်ညက်တွင်
ညင်သာဖွဖွ၊ လိမ်းလိုလှလဲ
လက်တွေ့မကျ၊ ဝေးလျလျမို့
မှုန်းချယ် သ-ခွင့် မသာပြီ။

ဘယ်လိုပင်ဝေး၊ ကြားလေသွေးလဲ
မောင့်ကြင်နာနွေး၊ ချစ်စိတ်ထွေးဖြင့်
စိတ်ခြင်းလက်ဆက်၊ ချစ်ခြင်းထပ်ကာ
မေတ္တာရင်းမှန်၊ သည်းထန်ထန်သည်
နီးဖို့အားအင် ဖြစ်မည်တကား ...
လက်ချင်းဆက်ဆက် မြဲစေသား။

လှိုင်းနှင့်ကျောက်ဆောင်

WAVE AND ROCK

it is war
whenever we meet
yet when you retreat
wiping your tears
i sit alone here
unhappy,
whenever you leave me
you go crying
happier together quarrelling
then separated and sad,
so let's get together again
in a world that is mad.


လှိုင်းနှင့်ကျောက်ဆောင်

တွေ့ကြသောခါ ၊ မင်းနဲ့ငါလျှင်
ကြေညာ ရန်စစ် ခင်းကြမြဲ ။
မျက်ရည်ကိုသုတ် ၊ မင်းပြန်ဆုတ်လျှင်
ငုတ်တုတ်ငါ့မှာ မှိုင်ရမြဲ ။
ငါ့ကိုကြဉ်ဖယ် ၊ လှိုက်လှဲလှဲဖြင့်
မင်းလဲလမ်းမှာ ၊ ငိုသွားမြဲ ။
ဝေးတသက်သက် ၊ နီးတကျက်က
စိတ်လက်ရွှင်ပုံ ၊ ရူးသူ့ဘုံမို့
ပြန်ဆုံဦးစို့ မင်းနဲ့ငါ။