Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

2/22/2010

ထူးခြား ၉ ဌာနေ ရွှေတိဂုံမြေ

(၁) တ၀ဂူ ဆုတောင်းပြည့်ဘုရား (သို့) ပတ္တမြားမျက်ရှင်ဘုရား


ရွှေတိဂုံစေတီတော် အထက်ပစ္စယံ အေ၇ှ့ ဘက်တည့်တည့်တွင် တည်ရှိသည်။ ထိုတ၀ဂူဘုရားသို့ အမျိုးသားများသာလျှင် တက်ရောက်ဖူးမြော်ခွင့်ရပြီး၊ အမျိုးသမီးများ မဖူးမြော်နိုင်သော ဘုရားဟုလည်း ဆိုလျှင် မှားမည်မဟုတ်ပေ။ တ၀ဂူ ပတ္တမြားမျက်ရှင်ဘုရားဟုလည်းခေါ်တွင်လေသည်။ဆုတောင်းပြည့် တ၀ဂူုဘုရားသည် အလွန်တန်ခိုးကြီးသည့်အတွက် ဆုတောင်းပြည့်သည်ဟု အလွန်ယုံကြည်ကြသည်။ ရှေးအခါက မင်းညီမင်းသားများသည် တ၀ဂူ ဆုတောင်းပြည့် ဘုရားကို တက်ပြီးဆုတောင်းဆုယူပြုလုပ်ကြသည်။ သစ္စာအဓိဌာန်ပြုလုပ်ကြသည်။ ပြုလုပ်သည့်အတိုင်း အောင်မြင်ကြသည်။ အချင်းချင်းသတ်ဖြတ်ပြီး နန်းရပ်ထီးဖြူလုယူကြသည်။ ထီးနန်းအုပ်ချုပ်မင်းလုပ်ကြသည်။ သို့အတွက် အချင်းချင်းမသတ် ဖြတ်စေရန် ကြီးစဉ်ငယ်လိုက် မင်းလုပ်စေရန်အတွက် မင်းညီမင်းသားများ တ၀ဂူဆုတောင်းပြည့်ဘုရား မဖူးမြော်ရဟု ဘုရင်များက အမိန့်စာချွန်တော်ထုတ်ပြန်ခဲ့ရလေသည် ဟုမှတ်သားခဲ့ရဖူးပါသည်။ ထို့ကြောင့် တ၀ဂူဘုရားကို လူတိုင်း အလွယ်တကူ မဖူးမြော်နိုင်စေရန် ဆုမတောင်းနိုင်ကြစေရန် တ၀ဂူဘုရားကို အထက်ပစ္စယံ လူသူအရောက်အပေါက်နည်း သော နေရာတွင်လျှို့ဝှက် တည်ထားကိုးကွယ်ကြသည်ဟု ပြောသမှတ်ပြုကြပါသည်။

(၂) ၀ိဇ္ဖာဇော်ဂျီဘုရား

ရွှေတိဂုံကုန်းတော် ရင်ပြင်တော် စနေထောင့်တည့်တည့်တွင် တည်ရှိသည်။ စေတီငယ်ပေါ်တွင် ဇော်ဂျီရုပ်များ ပြုလုပ်ထားသည်ကို တွေ့ရသည်။ လောကီပညာရပ် အစီအမံဖြင့်ပြုလုပ်ထားသည့် ဘုရားဟု သိရှိရလေသည်။

(၃) ဆုတောင်းပြည့်ဘုရား


ရွှေတိဂုံ ရင်ပြင်တော် ရာဟုထောင့် သံတန်ဆောင်းကြီး နံဘေးတွင်တည်ရှိတသည်။ အချို့ က ဘားလးဘားဘုရားဟုခေါ် ကြသည်။ ရှင်စောပုစေတီဟုလည်းတွင်သည်။ ဘုရားအနီးတွင် စကားစိမ်း၊ စကားဝါစသော စကားပင်လေးပင်ရှိသည်။

(၄) ရှင်မထီးဘုရား

ရွှေတိဂုံရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီး ဘုရားမြောင်ဘက် အာရုံခံတန်ဆောင်း (ရှင်မထီးတန်ဆောင်း) တွင်းရှိဘုရားဖြစ်သည်။ နှစ်ပေါင်း ၁၀၀၀-ခန့်က ရှင်မထီးဆရာတော် တည်သွားသည့်ဟုပြောသည်။

(၅) ရှင်အဇ္ဖဂေါဏဘုရား

ရွှေတိဂုံဘုရား ရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီး ဘုရား၏ တောင်ဘက် အာရုံခံတန်ဆောင်းတွင်း ရုပ်ပွားတော်ဖြစ်သည်။ ရှင်အဇ္ဖဂေါဏကား ဆိတ်မျက်လုံးတစ်ဖက်၊ နွားမျက်လုံးတစ်ဖက် ရှိသော ကိုယ်တော်ဟု ထင်ရှားသည်။ အဂ္ဂိရပ်တန်ခိုးဖြင့် ပုဂံခေတ်က ရွှေမိုး ငွေမိုး ရွာအောင်စောင်မခဲ့သော ကိုယ်တော်ဟုလည်းေ၇ှးဟောင်းသမိုင်းစာပေတို့တွင် ဆို၏။ ဆရာတော်က ၄င်းတည်ခဲ့မှန်း လူများသိစေရန် မျက်လုံးတော်တစ်ဖက်ကျဉ်း၊ တစ်ဖက်ကျယ်ထုလုပ်သွားကြောင်းအဆိုရှိသည်။ ထိုအာရုံခံတန်ဆောင်း ရာဟုထောင့် (၀ါ) အနောက်မြောက်ထောင့်ရှိ ရုပ်ပွါးတော်မှာ မျက်လုံးတော် တစ်ဖက်ကျဉ်း၊ တစ်ဖက်ကျယ် အရွယ်ချင်းမတူအောင်ပြုလုပ်ထားလေသည်။

(၆) ဆံတော်တွင်းရုပ်ပွားတော်


ရွှေတိဂုံရင်ပြင်တော် မြောက်ဘက်တွင်ရှိသော ဆံတော်တွင်း တန်ဆောင်းအတွင်းတွင် တည်ရှိသည်။ ဆံတောင်တွင်းတန်ဆောင်းမှာ ဒဂုံခင်ခင်လေး၏ ကောင်းမှုဖြစ်သော မဟာဗောဓိစေတီ၏ အနောက်ဘက် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။ ရွှေတိဂုံစေတီကို တည်စဉ်က ဆံတော်များဆေးကြောသည့် တွင်းဖြစ်သည်ဟု မှတ်သားကြလေသည်။

တန်ဆောင်းတွင်းရုပ်ပွားတော်အနောက်တွင် ယခင်နှစ်ပေါင်း (၅၀)ကျော်က ဆံတော်တွင်းသို့ဆင်းရာ ဥမင်လိုဏ်ခေါင်းရှိသည်ဟု ပြောစမှတ်ရှိသည်။ ဆံတော်တွင်းမှ ရေသည် ဧရာဝတီမြစ်ရေနှင့် တစ်ကြောတည်းဖြစ်သဖြင့် ဒီရေအတက်အကျရှိတိုင်း ဆံတော်တွင်းတွင်လည်း အတက်အကျရှိသည်ဟုဆိုကြသည်။ ဆံတော်တွင်း အုတ်ပြသာဒ်ကို ငုံပြီး ၁၈၇၉ ခုနှစ်က တန်ဆောင်း ဆောက်လုပ်ခဲ့လေသည်။

(၇) ဘိုးဘိုးအောင်ဘုရား

ရွှေတိဂုံစေတီတော် အရှေ့မုခ် အနီးရှိ ဘိုးဘိုးအောင်တန်ဆောင်းဘုရားပင်ဖြစ်သည်။ ထိုတန်ဆောင်းအတွင်းရှိ ရုပ်ပွားတော်ကို ဘိုးဘိုးအောင်တည်ရစ်သည်ဟု ပြောစမှတ်ရှိသည်။ ဘိုးဘိုးအောင်တန်ဆောင်းအနောက်ဘက်တွင် ကျောချင်းကပ်လျှက်ရှိသည်ကား ဓမ္မစေတီ၏ ကောင်းမှုတောင်စေတီဖြစ်သည်။ ဓမ္မစေတီဘုရားရှေ့တွင် ခြင်္သေ့နှင့် ကျားရုပ်ရှိသည်။

(၈) လက်ပက်လက်ဘုရား


ရွှေတိဂုံစေတီတော်အရှေ့မုခ် အာရုံခံတန်ဆောင်းအတွင်းတွင် ရှိ၏။ ကကုသန်ရုပ်ပွားတော်ဖြစ်သည်။လိုဏ်အတွင်းရှိကကုသတ်ဘုရားရှင် ရုပ်ပွားတော်၏ လက်ယာဘက် လက်တော်မှာ အခြားဘုရားများ ထုစဉ်ကဲ့သို့ လက်မှောက်ခုံမဟုတ်ဘဲ လက်တော်ပက်လက်ထားပြီး ထုထားသဖြင့် လက်ပက်လက်ဘုရားဟုခေါ်ဝေါ်လေ့ရှိလေသည်။

(၉) ပြဒါးရှင်ဘုရား


ရွှေတိဂုံရင်ပြင်တော် အရှေ့မုခ်နှင့် အင်္ဂါထောင့်အကြားရှိစေတီတစ်ဆူ၏ တောင်ဘက်မုခ်အတွင်းရှိ ကြေးဆင်းတုတော်ဖြစ်သည်။ အလွန်အချိုးအစားကျနပြေပြစ်လှသည်။ နဖူးတော်တွင် မို့မောက်နေပြီး ပြဒါးရှင်လုံးဌာပနာထားသည်ဟု ပြောစမှတ်ရှိ၏။ ပြဒါးရှင်လုံးရှိသည် မရှိသည်ကား အသေအချာ မသိရသော်လည်း အဆိုပါကြေးဆင်းတုတော်မှာ ရွှေတိဂုံကုန်းတော်ပေါ်ရှိ ဆင်းတုတော်များအနက် အလွန်ကြည်ညိုဖွယ်ကောင်းလှသော ဆင်းတုတော်ဖြစ်ကြောင်းကို ဖူး ဖူးသူတိုင်း ၀န်ခံရပေသည်။


12/01/2009

နိုင်ငံကျော်ဓမ္မကထိက ဖြူးဆရာတော်ကြီး၏ အန္တိမအဂိဈာပနကို ရေဝေးသုသာန်တွင် ကျင်းပပြုလုပ်ခြင်း

နိုင်ငံကျော် ဓမ္မကထိက၊ ဓမ္မရက္ခိတ ဖြူးမဟာစည်သာသနာ့ရိပ်သာနှင့် ဖြူးမြို့ မဟာစည်သာသနာ့ရိပ်သာ၏ ဦးစီးပဓာန နယက ဆရာတော် အရှင် နရပတိ(ဓမ္မကထိက ဗဟုဇနဟိတဓရ၊ သာသနဓဇ ဓမ္မာစရိယ)၏ အန္တိမဈာပနကို နိုဝင်ဘာလ ၃၀ ရက်၊ တနင်္လာနေ့က ရေဝေးသုသာန်ရှိ သီးသန့်လောင်တိုက်တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ဖြူးဆရာတော်ကြီး၏ အန္တိမ ဈာပနာသဘင်သို့ မန္တလေးမြတောင်ဆရာတော် အရှင်သာသနာဘိဝံသ အပါအ၀င် နိုင်ငံကျော်ဓမ္မကထိကများဖြစ်ကြသော သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိသာရ၊ ပဲခူးဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ပညိဿရ၊ မှော်ဘီဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ၊ မှော်ဘီမြို့မင်္ဂလာကျောင်းဆရာတော် အရှင်သုမင်္ဂလ၊ ဖြူးဆရာတော်ကြီး၏ တပည့် တပါးဖြစ်သူ တွံတေးအရှင်ကုန္ဒက၊ ကိုးဘွဲ့ရဆရာတော် အရှင်အာစာရာလင်္ကာရ၊ စစ်ကိုင်း - ခင်မကန်ဆရတော် အရှင်ခေမိန္ဒ၊ စာရေးဆရာ ရွှေဘိုမင်းသုခ အရှင်ပညာဇောတ အစရှိသည့် ဆရာတော် အရှင်မြတ်များ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
အခမ်းအနားကို မွန်းလွဲ ၁၂ နာရီ၊ မိနစ် ၃၀ တွင် စတင်ခဲ့ပြီး မန္တလေး မြတောင်ဆရာတော် အရှင်သာနသဘိဝံသက သြ၀ါဒကထာ ဟောကြားချီးမြှင့်တော်မူခဲ့ပြီး မှော်ဘီမြို့၊ မင်္ဂလာကျောင်းတိုက်ဆရာတော် အရှင်သုမင်္ဂလက ဖြူးဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိအကျဉ်းကို ဖတ်ကြားတော်မူခဲ့သည်။ ထို့နောက် သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိသာရက ရေစက်သွန်းချအမျှပေးဝေကာ တွံတေးအရှင်ကုန္ဒက၊ စာရေးဆရာ ရွှေဘိုမင်းသုခ အရှင်ပညာဇောတ၊ ကျောက်ပန်းတောင်း ဒေါ်ခင်စိုးဝင်း၊ တေးသံရှင် ဒေါ်ရီရီသန့်တို့က အစီအစဉ်အတိုင်း တေးထပ်၊ တပည့်များပင့်ဆောင်ရာသို့ လိုက်ပါရန် လျှောက်ထားလွှာတို့ကို ဖတ်ကြားပြီး ဖြူးဆရာတော်၏ ရုပ်ကလာပ်တော်ကို ဈာပနယာဉ်ပေါ်သို့ တပည့်သံဃာများက ထမ်းပိုးပင့်ဆောင်မူပါသည်။
ဖြူးဆရာတော်ကြီး၏ ဈာပနအခမ်းအနားသို့ တောင်ငူမြို့ ရွှေဘိုကြီး စာသင်တိုက်၊ ရွှေမင်းဝံကျောင်း၊ ချမ်းမြေ့ရိပ်သာ၊ မှော်ဘီမြို့ မင်္ဂလာကျောင်း၊ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်၊ မဟာစည်သာသနာ့ရိပ်သာ အစရှိသည်တို့မှ သံဃာတော်များ ကြွရောက်ကြပြီး ဓမ္မမိတ်ဆွေအဖွဲ့၊ဓမ္မရောင်ခြည်အဖွဲ့၊ ဓမ္မမေတ္တာအဖွဲ့၊ သာသနရက္ခိတအဖွဲ့၊ ဓမ္မရသအဖွဲ့၊ ဓမ္မပူဇာမင်္ဂလာအသင်း၊ သဒ္ဒါဓိကလူငယ်အဖွဲ့၊ မေတ္တာတံခွန်အသင်း အစရျိသည့် သာသနာရေးအသင်းအဖွဲ့များက လိုက်ပါပို့ဆောင်ပူဇော်ကြကြောင်းလည်း သိရပါတယ်။
ဖြူးဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်ကို ရေဝေးသုသာန်ရှိ သီးသန့်လောင်တိုက်တော်တွင် ညနေ ၅ နာရီ၊ ၁၀ မိနစ်ခန့်တွင် မီးသင်္ဂြိုဟ်ခဲ့သည်။ ဆရာတော်ကြီး၏ ဈာပနအခမ်းအနားသို့ လိုက်ပါပို့ဆောင်သည့် မော်တော်ယာဉ်အရေအတွက်မှာ ဓမ္မရက္ခိတဖြူးမဟာစည်သာသနာရိပ်သာကျောင်းမှ စီးရေ ၂၅၀ ခန့်၊ ရေဝေးသုသာန်တွင် လာရောက်စောင့်ဆိုင်းနေသည့် စီးရေ ၁၀၀ ခန့် စုစုပေါင်း စီးရေ ၃၅၀ ခန့်ရှိကြောင်း သတင်းရရှိပါတယ်ရှင်....


ဈာပနပုံတွေကို ဒီမှာ တင်လို့ အဆင်မပြေတဲ့အတွက် ဈာပနပုံတွေကို ကြည့်ချင်သူများအတွက် ဒီမှာပါ

11/01/2009

မသိုးသင်္ကန်းပြိုင်ပွဲ အောင်မြင်စွာ ပြီးဆုံးခြင်း

မသိုးသင်္ကန်းပြိုင်ပွဲ အောင်မြင်စွာ ပြီးဆုံးခြင်3း1.10.2009 ရက်နေ့ ညနေမှာ အလုပ်ကနေ ရွှေတိဂုံဘုရားကို သွားဖြစ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ Mysuboo အဖွဲ့တွေနဲ့လည်း ချိန်းထားတာတစ်ကြောင်း တံမြက်စည်းလှည်းတဲ့စေတနာရှင်အသင်းကလည်း မသိုးသင်္ကန်းပြိုင်ပွဲဝင်တာလည်း ကြည့်ချင်ခဲ့တာကြောင့် ဘုရားမှာ တစ်နှစ်မှာ တစ်ခါ ဆိုသလို တန်ဆောင်မုန်းလရဲ့ မသိုးသင်္ကန်းပြိုင်ပွဲကို အားပေးကြည့်ရင်းနဲ့ တစ်ညတာ ကုန်ဆုံးစေခဲ့ပါတယ်။ မသိုးသင်္ကန်းကို စနေနေ့ ညနေ ၅ နာရီမှာ ပြိုင်ပွဲစတင်ခဲ့ပြီး ည ၁၀ နာရီမှာ ပြိုင်ပွဲအစီအစဉ် ပြီးဆုံးမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် စင်ပေါင်း ၉ စင် ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ အပြိုင်အဆိုင် အကျိတ်အနယ် သူ့ထက်ငါ ပြိုင်ဆိုင်နေတာ တွေ့ရပြီး ဘုရားဖူးများနဲ့ ရင်ပြင်တော်မှာ ပြည့်နှက်နေတာဟာ မြန်မာများရဲ့ ချစ်စရာ ဓလေ့စရိုက်တစ်ခုလို့ ဆိုရမှာပေါ့။ ရက်ကန်းစင်များကို မြောက်ဘက်မုခ် အောင်မြင်နေရာမှာ စီစဉ်ပြိုင်ပွဲပြုလုပ်ထားပါတယ်။ စင်တွေနောက်မှာလည်း သူ့အုပ်စုနဲ့သူ ဆိုကပြီး ၀ိုင်းဝန်းအားပေးနေကြတာဟာ တကယ့်ကို အလွန်ကြည်နူးစရာ ကောင်းလှပါတယ်။ ကျွန်မတို့အဖွဲ့ပါဝင်တဲ့ အသင်းကလည်း စားစရာများ၊ အအေးများ၊ ရေများကို လိုက်လံလှူဒါန်းနေတာဟာဖြင့် မြန်မာတို့ရဲ့ ချစ်စရာ စိတ်ဓာတ်ကို ဖော်ညွှန်းနေသလိုပါပဲ။ အိပ်ချင်စိတ်ကို ဖြေဖျောက်ရင်း သားကြီးရဲ့ ပေါက်ကရပြောတာတွေကို ထိုင်နားထောင်နေရတာဆိုတော့ မျက်လုံးက သိပ်တော့လည်း မအိပ်ချင်ပါဘူး။ လူလိန်ကတော့ သူများပြောတာ နားထောင်လိုက် ဟိုသွားလိုက် ဒီသွားလိုက်နဲ့။
တစ်ညလုံးလည်း တစ်မှေးမှ မမှေးခဲ့ရပါဘူး။ အိမ်ကတော့ ကျန်းမာရေးမကောင်းပဲ သွားတာ ဘာသံ ညာသံ မကြားချင်ဘူးတဲ့။ ဒါနဲ့ ည ၁၀ နာရီမှာ ပြိုင်ပွဲကို ရပ်လိုက်ပါတယ်။ ဒါပေမယ့် သတ်မှတ်ထားတဲ့အချိန်မှာ ရပ်လိုက်ပေမယ့် သင်္ကန်းက မပြီးသေးတဲ့အတွက် ဆက်လက် ရက်ကြတာကို တွေ့ရပါတယ်။ ပထမဆုကိုတော့ အင်ကြင်းပန်းစင်တော်၊ စင်တော် နံပါတ် ၄ က ဆွတ်ခူးရရှိသွားပါတယ်။ နောက်ပြီး အရင်ပြီးဆုံးတဲ့အဖွဲ့ကို ပထမဆုပေးတာလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ စည်းမျဉ်းစည်းကမ်းတွေက ချည်မကျော် ပိတ်မပေါက်ပဲ ပေအများဆုံးလည်း ဖြစ်ပြီး အပြစ်အနာအဆာ ကင်းတဲ့ မသိုးသင်္ကန်းကို ရွေးချယ်တာဖြစ်ပြီး မနက်လေးနာရီမှာ မသိုးသင်္ကန်းများကို အသင်းလိုက် ကိုယ်တိုင်ကိုယ်ကျ ကပ်လှူပူဇော်ကြရတာဖြစ်ပါတယ်။ အဲဒါနဲ့ ကျွန်မတို့လည်း မနက် ၅ နာရီခွဲလောက်မှာ ဘုရားပေါ်မှ ပြန်ခဲ့ကြပါတော့တယ်။

ဒီနေ့ နိဗာန်ဈေးပွဲတော် ရှိတယ်။ လမ်းတိုင်းမှာ ပျော်စရာကြီးသိလား....

10/30/2009

ချစ်စရာ့ ငါတို့ မြန်မာ

တန်ဆောင်မုန်းလဟာ မြန်မာလများထဲမှာ ရှစ်လမြောက်ဖြစ်ပြီး အောက်တိုဘာနှင့် နိုဝင်ဘာလတွင် ကျရောက်ပါတယ်။ ဒီလမှာ ကထိန်အလှူပွဲတော်၊ မသိုးသင်္ကန်းရက်လှူပွဲ၊ ပံ့သကူပစ်ပွဲံ၊ ကြာသင်္ကန်းကပ်လှူပွဲ၊ တန်ဆောင်တိုင်မီးထွန်းပွဲံတော်၊ နောက်ဆုံး ရှင်မာလဲပွဲတော်တို့ကို ကျင်းပကြတယ်လေ။ ဘယ်လောက် ပျော်စရာကောင်းလိုက်သလဲနော်။
ကထိန်သင်္ကန်းအလှူဆိုတာ တစ်နှစ်မှာ တစ်လ၊ တစ်လမှာ တစ်ကြိမ်သာ အချိန်အခါနှင့် ပြုရတဲ့ ကာလဒါနဖြစ်တယ်။ ကထိန်ပွဲတော်ကို ရိုးရိုးကထိန်ပွဲ၊ ဘုံကထိန်ပွဲနှင့် ပစ်စည်းရှင်တစ်ဦးက မတည် ဦးစီးပြီး လူများစုက ၀ိုင်းဝန်းလှူဒါန်းသော ကထိန်ဆိုပြီး ကျင်းပလေ့ရှိပါတယ်။ သင်္ကန်းအပ်နှင်းမှု၊ ချုပ်ဆိုးမှုများ ညတွင်းချင်း ပြီးစေပြီး အရုဏ်မတက်မီ လှူဒါန်းနိုင်တဲ့ သင်္ကန်းကို မသိုးသင်္ကန်းပွဲလို့ ခေါ်ခြင်း ဖြစ်ပါတယ်။
ပံ့သကူပစ်ပွဲကတော့ သင်္ကန်းစသည့် သံဃာ့အသုံးအဆောင်ပစ်စည်းများကို တိတ်တဆိတ် စွန့်ပစ်လှူဒါန်းခြင်းကို ဆိုလိုပါတယ်။ ပြီးတော့ ပိတ်သားပေါ်မှာ ရွှေရောင်စက်ကူ၊ ရွှေဝါရောင် ဖဲကြာပွင့်ကြီးများ ထိုးထားတဲ့ သင်္ကန်းများကို ကြာသင်္ကန်းလို့ သတ်မှတ်ကြတာကို သိခဲ့ရပြန်ပါတယ်။ ရှေးအခါက ဘုရားရှင်အား ကပ်လှူပြီး ယခုအခါမှာတော့ စေတီပုထိုးတွေနှင့် ဘုရားရုပ်တုတွေမှာ ရစ်ပတ်လှူဒါန်းကြပါတယ်။
တန်ဆောင်တိုင်မီးထွန်းပွဲတော်ကြတော့ နက်ခတ်ပွဲသဘင် မီးထွန်းပွဲတော်သာ ဖြစ်ပါတယ်။ နောက်ဆုံး ရှင်မာလဲပွဲကရော ဘာလဲ သိလား ယမင်းလည်း အရင်က သိဘူး။ ခုမှ သိတာ။ ရှင်မာလဲမထေရ်က တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း ဝေသာနရာဇာတ်တော်ကို ဟောကြားတာ အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ ပွဲပါတဲ့။ လှော်ကားကို ပုံပြုပြီး လှော်ကားထက်မှာ အသီးတစ်ထောင်၊ အပွင့်တစ်ထောင်၊ ထမင်းဆုပ်တစ်ထောင်၊ ဆီမီးတစ်ထောင် တင်ပြီး လှူဒါန်းကြခြင်းကြောင့် လှော်ကားပွဲတော်၊ ထောင်ပြည့်ပွဲတော်လို့လည်း ခေါ်ကြပါသေးတယ်။ အင်း ခုခေတ်တော့ ဒီပွဲဟာ ကွယ်ပျောက်လုရှိနေပါပြီလေ။
ဒီနေ့မှာ ဆေးပင်အပေါင်းတို့ကို စောင့်တဲ့နတ်တို့ဟာ မဲဇလီပင်စောင့်နတ်မင်းအား လာရောက်ခစားကြတာကို အစွဲပြုပြီး မဲဇလီပင်သည် ဆေးပေါင်းခသည့် အပင်ဟု ယူဆကြပါတော့တယ်။ အနာမျိုး ၉၆ ပါး ကင်းရန် ရည်ရွယ်ချက်ဖြင့် တန်ဆောင်မုန်းလပြည့်နေ့မှာ မဲဇလီဖူးသုတ်စားကြပါသေးတယ်။ သင်ကော မစားချင်ဖူးလား။ မြန်မာနိုင်ငံသား ဖြစ်ရတာ ယမင်းတော့ ဂုဏ်ယူမိပါတယ်။ မြန်မာတွေရဲ့ ချစ်စရာ့ ဓလေ့စရိုက်များ အများကြီး လတိုင်း ကျန်ရှိနေတာကို တွေ့ရှိခဲ့ရပါတော့တယ်။ ယမင်း သိတာလေးကို တင်ပြလိုက်ပါတယ်။ မိတ်ဆွေများအားလုံး ကျန်းမာချမ်းသာကြပါစေရှင်...

10/02/2009

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာနေ့)

၃၊ ၁၀၊ ၂၀၀၉ ရက်နေ့သည် မြန်မာများရဲ့ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာနေ့)
ဖြစ်ပါတယ်ရှင့်။
သီတင်းကျွတ်လသည် မြန်မာလများတွင် ခုနစ်လမြောက်ဖြစ်ပြီး
မိုးရာသီကုန်လုချိန်ဖြစ်ကာ စက်တင်ဘာလနှင့် အောက်တိုဘာလမှာ ကျရောက်ပါတယ်။
ဂေါတမရှင်တော်ဘုရားသည် မယ်တော်မိနတ်သားအား တာဝတိံသာနတ်ပြည်၌
အဘိဓမ္မာတရားတော်ကို ၀ါတွင်းသုံးလပတ် ဟောကြားတော်မူပြီး
သီတင်းကျွတ်လပြည့်နေ့၌ လူ့ပြည်သို့ ပြန်လည်ကြွချီတော်မူပါတယ်။
သိကြားမင်းက ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းတို့ကို
ဖန်ဆင်းပူဇော်ပါတယ်။ ဗုဒ္ဓရှင်တော်မြတ်သည်ရောင်ခြည်တော်ခြောက်သွယ်ဖြင့်
တင့်တယ်စွာ အလယ်ဗဟိုပတ္တမြားစောင်းတန်းမှ သက်ဆင်းကြွမြန်းတော်မူပါတော့တယ်။
နတ်အပေါင်းက လယ်ယာရွှေစောင်းတန်း၊ ဗြဟ္မာကြီးများက လက်ဝဲငွေစောင်းတန်းမှ
သက်ဆင်းလိုက်ပါလာကြပါတယ်။
ယင်းပူဇော်ပွဲကြီးကို အစွဲပြုလို့ မြန်မာ့ယဉ်ကျေးမှု ရာသီပွဲတော်အဖြစ်
သီတင်းကျွတ်လပြည့်နေ့ညမှာ ဘုရားရှင်ကို ရည်မှန်းပြီး မီးရှူးမီးပန်းများ၊
မီးပုံး၊ ဆီမီးရောင်စုံတို့ဖြင့် ပူဇော်မှုပြုလာခဲ့ခြင်း ဖြစ်ပါတယ်။
ဗုဒ္ဓမြတ်စွာ တာဝတိံသာမှ ဆင်းသက်တော်မူသည်ကို အကြောင်းပြုပြီး
တာဝတိံသာပွဲတော်၊ တာဝတိံသာနတ်ပြည်ရှိရာ မြင်းမိုရ်တောင်ထိပ်မှ
ဆင်းသက်တော်မူသည်ကို အကြောင်းပြု၍ မီးမြင်းမိုရ်ပွဲဟု ခေါ်ဝေါ်ကြခြင်း
ဖြစ်ပါတော့တယ်။
ရဟန်းတော်များဟာ သီတင်းကျွတ်လပြည့်နေ့မှာ ၀ိနည်းဒေသနာတော်အရ ဥပုသ်အစား
"ဖိတ်ကြားခြင်း၊ တောင်းပန်တိုက်တွန်းခြင်း'' လို့ အဓိပ္ပာယ်ရသော
ပ၀ါရဏာပြုကြရပါတယ်။ ဤပ၀ါရဏာပြုခြင်းသည် ဘုရားရှင်လက်ထက်ကပင်
ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါတယ်။ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌
သီတင်းသုံးဖော် ရဟန်းတစ်စု အချင်းချင်း မခေါ်မပြော နေထိုင်ကြသည်ကို
အကြောင်းပြုပြီး ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ထိုနည်းတူစွာ ဘုရားရှင်အား
ဖူးမျှော်ကန်တော့တဲ့ အစဉ်အလာကို အစွဲပြုပြီး မြန်မာဗုဒ္ဓဘာသာဝင်တို့သည်
သီတင်းကျွတ်တဲ့အခါ သက်ကြီးဝါကြီးများအား ပူဇော်ကန်တော့တဲ့
ဓလေ့ထုံးစံကောင်းတစ်ရပ် ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

9/27/2009

ကြည်နူးစရာ မြတ်ရွှေတိဂုံ


ရွှေတိဂုံဘုရားကြီးရဲ့ သပ္ပာယ်လှသော ည

9/19/2009

ငါးမျိုး သမ္ဗုဒ္ဓေ

အန္တရာယ်ကင်း ကြီးပွားဖြစ်ဖို့ ရွတ်ကြလေ

အရှေ့ကျွန်းသမ္ဗုဒ္ဓေ

သမ္ဗုဒ္ဓေ ၊ အဋ္ဌဝီသဉ္စ
သဗ္ဗတေဇံ ၊ သဗ္ဗဂုဏံ
သဗ္ဗသုခံ ၊ လဘတုမေ
ဆရဝီ ဆာရံ
ဆရီစ ဆာယံ
ပဉ္စဗုဒ္ဓါ မဟာတေဇံ
သဗ္ဗေညုတ ဥာဏဝရံ
သဗ္ဗ သတ္တရု ၊ သဗ္ဗဘယံ
ဝိနာ သန္တု အသေသတော ။


လောကီလောကုတ် ချမ်းသာတိုးလို့ ပြည့်ဖြိုးစေဖို့ ရွတ်ကြလေ

အနောက်ကျွန်း သမ္ဗုဒ္ဓေ

သမ္ဗုဒ္ဓေ ၊ အဋ္ဌဝီသဉ္စ
ဒွါဝီသဉ္စ ၊ ဣမေဗုဒ္ဓါ
ဧကတိံသ ၊ သဗ္ဗေဗုဒ္ဓါ
ဒွတ္တိံသစ ၊ မဟာဗုဒ္ဓေါ
ပဉ္စဝီသာ ၊ ဗုဒ္ဓါနေတ္တိ
တေတ္တိံသ ဗုဒ္ဓဘာဝနာ
ဧတေနဗုဒ္ဓ ဂုဏေန
တေသံ ဓမ္မဉ္စ သံဃဉ္စ
အာဒရေန နမာမဟံ
နမက္ကာရာ နုဘာဝေန ဟိတွာ
သဗ္ဗေ ဥပ္ပဒ္ဒဝေ အနေက
အန္တရာယာပိ ဝိနာဿန္တု
အသေသတော ။


ကျန်းမာ ချမ်းသာ ကျက်သရေတိုးဖို့ ရွတ်ကြလေ

တောင်ကျွန်း သမ္ဗုဒ္ဓေ

သမ္ဗုဒ္ဓေ ၊ အဋ္ဌ၀ီသဉ္စ
ဒွါဒသဉ္စ ၊ သဟဿကေ
ပဉ္စဿတ ၊ သဟဿနိ
နမာမိ ၊ သိရသာမဟံ
အပ္ပကာ ၊ ၀ါဠုကာ ဂင်္ဂါ
အနန္တာ ၊ နိဗ္ဗုတာ ဇိနာ
တေသံ ၊ ဓမ္မဉ္စ သံဃဉ္စ
အာဒရေန ၊ နမာမဟံ
နမက္ကာရာ ၊ နုဘာဝေန
ဟိတွာ ၊ သဗ္ဗေ ဥပ္ပဒ္ဒဝေ
အနေက ၊ အန္တရာယာပိ
ဝိနဿန္တု ၊ အသေသတော။

ရန်တုံ့ကင်းဝေး ၊ ချစ်ခြင်း ၊ စန်း ၊ လာဘ် ၊ ဖြိုးဝေဖို့ ရွတ်ကြလေ

မြောက်ကျွန်း သမ္ဗုဒ္ဓေ

သမ္ဗုဒ္ဓေ ၊ အဋ္ဌဝီသဉ္စ
ပဉ္စဿတ ၊ သဟသာနိ
ဒွါဒသဉ္စ ၊ သဟဿကေ
ဂင်္ဂါယံ ဝါဋ္ဌုကာ ၊ သုဏ္ဏေ
ပရာဇိတာ ၊ မဟာပုလ္လေ
နမာမိ ၊ သိရသာမဟံ
တေသံ ၊ ဓမ္မဉ္စ ၊ သံဃဉ္စ
အာဒရေန ၊ နမာမဟံ
နမက္ကာရာ ၊ နုဘာဝေန
ဟိတွာ ၊ သဗ္ဗေ ဥပ္ပဒ္ဒေဝေ
အနေက အန္တရာ ယာပိ
ဝိနာဿတု အသေသတော ။


နတ်ချစ် လူချစ် စီးပွားဖြစ်ဖို့ ရွတ်ကြလေ

အောင် သမ္ဗုဒ္ဓေ

သမ္ဗုဒ္ဓေ ၊ အဋ္ဌဝီသသိ
မမ ဂစ္ဆတိ ၊ ပုရတော
ပဉ္စဗုဒ္ဓါ ၊ မဟာတေဇော
မမသီသေနိ ၊ သေသတိ
ဒိဗ္ဗတီတံ ၊ မာရက္ခ န္တု
မေဇယ ၊မင်္ဂလံ
အဂ္ဂံ သဗ္ဗေပိမေ
နမဿမိ ၊ ဂုဏေ
အာပတ္တိပုဂ္ဂလေ ၊ အရိယာနဉ္စ သဗ္ဗသံ
သာဝကာနဉ္စ သဗ္ဗသော

8/09/2009

လောကသဘာဝဆုံးမစာ


ခက်စု-၂၄
၁။ တင်ပေဖူးသည်၊ ကျေးဇူးရှိလျက်၊ အဆပ်ခက်။
၂။ မယားရှိလျက်၊ အလှည့်ခက်။
၃။ ဧည့်သည်ညဉ့်နက်၊ အအိပ်ခက်။
၎။ ပစ်ခွာခဲ့လျက်၊ အပြန်ခက်။
၅။ လာခဲ့ခေါ်လျက်၊ အနှင်ခက်။
၆။ ပေးပြီးပါလျက်၊ အယူခက်။
၇။ ချောင်းရေလျှံတက်၊ အကူးခက်။
၈။ ရင်ဆိုင်တွေ့လျက်၊ အပြေးခက်။
၉။ သံသာချိုမြွက်၊ စကားခက်။
၁၀။ ကြောက်လန့်ပြေးတက်၊ အဆင်းခက်။
၁၁။ ကန့်ကူကျောက်ထွက်၊ အရေးခက်။
၁၂။ သန္စေပြည့်နှက်၊ ဆေးကုခက်။
၁၃။ ခရီးညွန်ဆက်၊ အသွားခက်။
၁၄။ တံတားကျိုးပျက်၊ အလျှောက်ခက်။
၁၅။ ရေအိမ်ပြိုလျက်၊ အပြင်ခက်။
၁၆။ သားမြေးဆိုးလျက်၊ အစွန့်ခက်။
၁၇။ ထွေးပြန်ပြီးလျက်၊ အမျိုခက်။
၁၉။ မြတ်သည်သုံးပါး၊ မှန်းထားပြီးလျက်၊ အသုံးခက်။
၂၀။ ဆူးငြောင့်တွင်းကျင်း၊ ကျုံးသွင်းပြည့်နှက်၊ အ၀င်ခက်။
၂၁။ အသားမည်းနက်၊ အဆင်ခက်။
၂၂။ ဆိုးသည့်သတင်း၊ သားချင်းရှိလျက်၊ အပြောခက်
၂၃။ ပက်ပယ်လှေဖျက်၊ အတိုက်ခက်။
၂၄။ ကွဲပြားအယူ၊ နားကင်းထူ၊ သုံးလူရှင်လျက်၊ အဟောခက်။
တောင်ဖီလာဆရာတော်ဘုရားကြီး ထပ်ဆင့်ဓမ္မဒါနပြုပါသည်။ ခွန်လင်းလက်ဟန် ရဲ့ ပေးပို့ချက်ကလေးပါ။


ကျွန်မ ထပ်ဆင့် ဓမ္မဒါနပြုပေးပါသည်။

7/06/2009

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့)



ဒီနေ့ဟာဖြင့် မြန်မာများရဲ့ ၀ါဆိုလပြည့်နေ့ဖြစ်ပါတယ်။ ၀ါဆိုလပြည့်နေ့မှာ မြတ်စွာဘုရားရှင် ပဋိသန္ဓေနေတော်မူခြင်း၊ တောထွက်ခြင်း၊ တရားဦး ဓမ္မစကြာကို ဟောကြားတော်မူခြင်း၊ ရေအစုံ မီးအစုံ

တန်ခိုးပြာဋိဟာများကို ပြသတော်မူခြင်းဆိုတဲ့ ထူးခြားတဲ့နေ့ ဖြစ်ပါတယ်။ ၀ါဆိုလပြည့်ကျော် ၁ ရက်နေ့မှာ ရဟန်းသံဃာများ ပုရိမ၀ါကပ်ဆိုတော်မူကြပါတယ်။ ဒါကြောင့် ၀ါဆိုလကို လထူးလမြတ်အဖြစ်

သတ်မှတ်ထားကြပါတယ်။ ၀ါဆိုလပြည့်ကျော် ၁ ရက်နေ့ဟာ ကျွန်မရဲ့ မြန်မာမွေးနေ့ရက်လည်း ကျရောက်ပါတယ်။
ရှေးမြန်မာဘုရင်များသည် ဗုဒ္ဓသာသနာတော် တိုးတက်စည်းကားပြန့်ပွားရေးနှင့် ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်များကို ရရှိရေးဟူသော ရည်ရွယ်ချက်နှစ်ရပ်တို့ကို အကြောင်းပြုပြီး ၀ါဆိုလမှာ ပဉ္စင်းခံ

ရှင်ပြုပွဲတော်ကြီးကို ရာသီပွဲတော်အဖြစ် ကျင်းပလေ့ရှိပါတယ်။ ၀ါဆိုလပြည့်နေ့မှာ ဖြစ်စေ၊ လပြည့်ကျော် ၁ ရက်နေ့မှာ ဖြစ်စေ၊ ၀ါဆိုလမှာ ဖူးပွင့်ကြတဲ့ ပုန်းညက်ပန်း စတဲ့ ပန်းမျိုးစုံတို့ကို

စေတီပုထိုးများမှာ သွားရောက်လှူဒါန်းဖို့ ၀ါဆိုပန်းခူးထွက်တဲ့ ကျွန်မတို့ရဲ့ မြန်မာများရဲ့ ကြည်နူးကျေနပ်စရာ ယဉ်ကျေးမှုဓလေ့တစ်ရပ်လည်း ပေါ်ပေါက်ခဲ့ပါတာဆိုရင်ဖြင့် ခုချိန်တိုင်ထိပေါ့လေ။
အချို့ကတော့ သံဃာတော်များ ၀ါဆိုတဲ့အခါ ပူဇော်ဆက်ကပ်နိုင်ဖို့ ၀ါဆိုပန်းနှင့် ၀ါဆိုဖယောင်းတိုင်ကြီးတွေကို ဘုန်းတော်ကြီးကျောင်းများမှာ လှူဒါန်းကြပါတယ်။ ထို့အပြင် သင်္ကန်းများကိုလည်း

ကပ်လှူကြပါတယ်။ ၀ါဆိုတော့မယ့် သံဃာတော်များအား ၀ါဆိုလဆန်းမှာပင် လှူဒါန်းကြတဲ့သင်္ကန်းဖြစ်တာကြောင့် "၀ါဆိုသင်္ကန်း" လို့ခေါ်ကြတာပေါ့ရှင်။ ကျွန်မလည်း ကျွန်မမွေးနေ့အတွက်

ဝါဆိုသင်္ကန်းကပ်ဖို့ စီစဉ်ခဲ့ပါတယ်။ မြန်မာတို့ရဲ့ ယဉ်ကျေးမှု အစဉ်အလာတစ်ရပ်အဖြစ် အသက်၊ သိက္ခာဂုဏ်ဝါကြီးသူများကို ၀ါဝင်ခါနီးမှာ ပူဇော်ဖွယ်ရာများနဲ့ ပူဇော်ကန်တော့ကြတာဆိုရင်ဖြင့် ကျွန်မတို့

ဘိုးဘေးဘီဘင်လက်ထက်ထဲက ခုချိန်တိုင်အောင်ပင် ဖြစ်ပါတော့တယ်ရှင်။

လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေမောင်နှမ သူငယ်ချင်းအားလုံးလည်း ၀ါဆိုလနှင့်အတူ ပျော်ရွှင်ခြင်းများစွာ ပိုင်ဆိုင်နိုင်ကြပါစေနော်....