အခမ်းအနားမှာ စာရေးဆရာကြီး မောင်ဆုရှင်က အဖွင့်အမှာစကားပြောကြားပြီး ကာတွန်းတွေ ဘယ်လိုစတင်ဖြစ်ပေါ်လာပုံ၊ ကာတွန်းကို ဘယ်သူတွေက စတင်ခဲ့တယ်ဆိုတာကိုပါ ရှင်းပြခဲ့ပြီး ကာတွန်းဆရာကြီး ဦးငွေကြည်က ကာတွန်းလောကအကြောင်းကို ဆွေးနွေးတင်ပြခဲ့ပါတယ်။ နောက်ပြီး မြန်မာအွန်လိုင်း ကာတွန်းဂျာနယ် 969toons.com website ဖွင့်ပွဲတည်ထောင်ရခြင်းအကြောင်းကို 969 Graphic & Animation Studio ဦးဆောင်သူ ဒီဇိုင်နာ မောင်သက်ပိုင်ခက ရှင်းလင်းတင်ပြပြီး အဖွဲ့တွင် ပါဝင်သူများ ဖြစ်ကြတဲ့ မောင်နန္ဒလှိုင်မြင့်၊ မောင်မျိုးသူရထွန်း၊ မောင်မိုးဥာဏ်သစ်တို့က မေးသမျှ မေးခွန်းတွေကို ရှင်းလင်းတင်ပြကြပါတယ်။
မြန်မာအွန်လိုင်းကာတွန်းဂျာနယ်မှာ မြန်မာကာတွန်းဆရာကြီးအချို့ရဲ့ ကာတွန်းတွေကို စုစည်းတင်ပြထားပြီး မြန်မာကာတွန်းလောကရဲ့သတင်းနှင့် သမိုင်းကြောင်းများကိုလည်း ဖော်ပြပေးထားပါတယ်တဲ့။ လူငယ်လူရွယ်လေးတွေရဲ့ ကြိုးစားမှုတစ်ရပ်လို့လည်း ဆိုလို့ရတာပေါ့နော်။ ကာတွန်းတွေကိုလည်း အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနှင့် တင်ဆက်ပြထားပြီး
ကာတွန်းနှင့်ပတ်သက်တဲ့ အထူးအစီအစဉ်များကိုလည်း ထည့်သွင်းထားသေးတယ်ဆိုပဲ။ အင်း ကာတွန်းဆိုတာကလည်း လူငယ် လူကြီး ကလေးအရွယ်မရွေး ကြိုက်နှစ်သက်ကြတာကိုး။ ကျွန်မလည်း ကာတွန်းကို ငယ်ငယ်လေးထဲက သဘောကျ နှစ်ခြိုက်မိတယ်။
ကာတွန်း ဦးဘဂျမ်းပုံတွေဆို အရမ်းကြိုက်တယ်။ နောက်ပိုင်းမှဆို ဦးတင်အောင်နီတို့၊ ဦးမြေဇာတို့၊ ဦးငွေကြည်တို့၊ နောက် အော်ပီကျယ်ရဲ့ ကာတွန်းတွေကိုလည်း အရမ်းသဘောကျမိတယ်။ သရုပ်ပါတယ်။ ပြောချင်တဲ့စကားတွေကို ပုံတွေနဲ့ သရုပ်ဖော်ထားတာ အရမ်းသဘာဝကျပါတယ်။ အဲ ပြောနေတာတောင် ဘယ်ရောက်သွားပါလိမ့်။ ကာတွန်းချစ်သူတွေအတွက် Wallpaper comic E-book တွေကိုလည်း အခမဲ့ရယူနိုင်ပြီး ကာတွန်းဆရာတွေရဲ့ လက်ရာတွေကို download ဆွဲယူနိုင်ကြောင်း သိရှိရပါတယ်။ မြန်မာကို ကမ္ဘာက သိအောင် တစ်နည်းတစ်ဖုံနဲ့ ကြိုးစားလုပ်ဆောင်နေကြတာဟာ တကယ်ကို ဂုဏ်ယူစရာကောင်းတဲ့ ရည်ရွယ်ချက်ဆိုလည်း မမှားပါဘူး။ ကျွန်မလည်း ရွှေမြန်မာဆိုတာ ဘယ်လိုပါဆိုတာ တစ်နေ့တော့ ကမ္ဘာကို ချပြနိုင်လိမ့်မယ်လို့ ယုံကြည်နေမိပါတော့တယ်။