4/18/2008

သူတို့တွေလည်း ပျော်ကြသည်...

ပျော်ရွှင်နိုင်ကြပါစေနော်...

အတာကူးတဲ့ နှစ်ကူး

နှစ်သစ်ကူးပြီနော်

မြန်မာနှစ်သစ်

နှစ်ကူး သင်္ကြန်နွှဲပျော်နေကြတယ်။

4/11/2008

မြန်မာများရဲ့ နှစ်ကူးသင်္ကြန်

သြော်....
တစ်နှစ်ကုန်လို့ တစ်နွေကူး
ရွက်ဟောင်းကြွေမြေမှာ ခပြန်တော့
မှိုင်းပျပျခြယ်...
ပွင့်သိင်္ဂီ ပိတောက်ပန်း၊ နှစ်ဆန်း၍ ဖူးတံသွယ်
ကောင်းကင်က ရေစဉ်ဖြန်း
ပွင့်လန်းရရှာ
ရှေ့ရဲ့အစဉ်၊ မွှေးစက်ရေသဘင်နဲ့
နွေအ၀င် သင်္ကြန်ပွဲကို နွှဲကြရပ်တိုင်း.......
တန်ခူးလဟာ မြန်မာလများရဲ့ ပထမလဖြစ်ပြီး မတ်လနှင့် ဧပြီလမှာ ကျရောက်ပါတယ်။
မြန်မာလူမျိုးတို့ရဲ့ နှစ်ဟောင်းမှ နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ်
သင်္ကြန်ပွဲတော်ကို နှစ်စဉ် တန်ခူးလမှာ ကျင်းပလေ့ရှိပါတယ်။
နှစ်သစ်ကူးသင်္ကြန်ပွဲတော်တွင် ရေပက်ကစားသည့် ယဉ်ကျေးမှုဓလေ့သည်
တကောင်းခေတ်ကပင် စတင်ကျင်းပခဲ့ပြီး ပုဂံခေတ်တွင်
ပိုမိုထင်ရှားလာခဲ့ပါတယ်။
ရေသည် အေးမြကြည်လင်ခြင်း၊ အညစ်အကြေးကို ဆေးကြောခြင်းနှင့်
ရေကိုသား၍အကြားမထင်ဘဲ ဆက်စပ်နေခြင်းဟူသော နိမိတ်သုံးပါးကို ဆောင်ပါတယ်။
ဒီနိမိတ်သုံးပါးအရ နှစ်ဟောင်းမှ အညစ်အကြေးများကို
ဆေးကြောသန့်စင်တဲ့သဘောပေါ့ နောက်ပြီး မြန်မာလူမျိုးအပေါင်းတို့ရဲ့
စိတ်ဓာတ်တွေကို နှစ်သစ်ကူးရေစင်ကဲ့သို့ အေးမြကြည်လင်စေတဲ့အပြင် အားလုံး
စည်းစည်းလုံးလုံးချစ်ချစ်ခင်ခင် နေထိုင်ဆက်ဆံကြရန်ဆိုတဲ့ မွန်မြတ်တဲ့
ရည်ရွယ်ချက်များနဲ့ ဒီသင်္ကြန်ပွဲတော်ကို ကျင်းပကြခြင်းလည်း ဖြစ်ပါတယ်။
မြန်မာတို့ရဲ့ နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို ဗုဒ္ဓဘာသာတရားတော်အရ
မွန်မြတ်သန့်စင်တဲ့ ကုသိုလ်ကောင်းမှုတွေကိုပါ ယှဉ်တွဲပြီး ဆင်နွှဲတဲ့
အစဉ်အလာကောင်းတွေကိုလည်း ဖန်တီးလေ့ရှိပါတယ်။ ဥပမာ သက်ကြီးရွယ်အိုများကို
ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်းညှပ်ပေးခြင်း၊
ခြေဆုပ်လက်နယ်ပြုပေးခြင်း စတဲ့ ကောင်းမှုကုသိုလ်တွေအပြင် နောက်ပြီ
သက်ကြီးပူဇော်ပွဲဆိုပြီး လမ်းတိုင်းလမ်းတိုင်းမှာ ပြုလုပ်လေ့ရှိပါတယ်။
မြန်မာတွေရဲ့ ချစ်စရာဓလေ့စရိုက်များဟာ ပြောပြရင်တောင်
မကုန်ဆုံးနိုင်ပါဘူးလေ။ ဒီတော့ ယမင်း ပြောချင်တာက ကိုယ့်ရဲ့ဓလေ့စရိုက်၊
ယဉ်ကျေးမှုကို ထိန်းသိမ်းပြီး မဟာသင်္ကြန်ကို အားလုံးအတူလက်တွဲပြီး
ပါဝင်ဆင်နွှဲကြပါစို့လို့ ပြောလိုက်ပါရစေရှင်။နှစ်သစ်မှာ အောင်မြင်ခြင်း
များစွာ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

4/09/2008

လူထု ဒေါ်အမာ


အမေ့နည်းနဲ့ အမေ့ထီးဟာ လူထုကံကြမ္မာ

သြော်..... လူ့ပြည်လောက
လူ့ဘ၀ကား
အိုရ နာရ၊ သေရဦးမည်
မှန်ပေသော်လည်း
ဘုရားရှင်မှ မလွန်ဆန်နိုင်
ဒီလူ့ဘောင်တွင်
ကြုံဆုံကြရ
လူတိုင်းပ
လူထုဦးလှ ရှေ့ကသွားသော်
ဒေါ်အမာလည်း နောက်ကလိုက်မည်
မှန်ပေသတည်း....
သင်သွားလေသော်
သင်ဖွားသောမြေ၊ ဒီနေရာတွင်
သင်၏ စာပေစကား အစဉ်ကြား၏။
ရှိနေစဉ်အတွင်း
လူကြီးလူငယ် လူလတ်မရွေး
စိတ်ရင်းကောင်းစွာ ပြုစု ပျိုးထောင်ခဲ့လေသည်။
ဘ၀ဆက်တိုင်း မဆုံးများစွာ
သံသရာတွင် သင်တည်ရှိလည်း
အများအတွက် အကျိုးဆောင်
ထိုသို့ပင်လျှင် သင် ပြုမူဆက်ဆံနေမည်ဟု
ကျွန်မ ယုံကြည်နေမိသည်။
သံသရာတစ်ကွေ့ လူချင်းမတွေ့ဖူးလည်း
သင်၏ စာပေ ကျွန်မ မြတ်နိုး ခုံမင် ဖတ်ခဲ့ဖူး၏။
သင် ဦးချ၍ သွားလေသော်
သင်၏ ပညာတန်ဆောင်
ပြောင်လျက် ၀င်းလျက်
ကျန်နေမည်မှာ မလွဲတည်း.......

သတင်းစာနဲ့ စာရေးဆရာကြီး လူထုဦးလှသည် ၁၉၊ ၁၊ ၁၉၁၀ ခုမှာ ဖွားမြင်ခဲ့ပြီး ၇၊ ၈၊ ၁၉၈၂ ခု အသက် ၇၂ နှစ်တွင် ကွယ်လွယ်သွားခဲ့ပါလေပြီ။ ခုတော့ ဦးလှရဲ့နောက် လိုက်မယ်ဆိုတဲ့ အမေ ဒေါ်အမာလည်း သွားနှင့်ပြန်ပြီလေ... လူထုဒေါ်အမာကို ၂၉၊ ၁၁၊ ၁၉၁၅ ခုမှာ မွေးဖွားခဲ့ပါတယ်။ ခု ၇၊ ၄၊ ၂၀၀၈ ခု အသက် ၉၃ နှစ်မှာ ဘ၀တစ်ပါးသို့ ကူးပြောင်းသွားလေပြီ..... လူတိုင်း သေမျိုးကြီးပါပဲလေ.... လူထုဒေါ်အမာ ကောင်းရာဘုံဘ၀မှ သာဓုခေါ်နိုင်ပါစေလို့ ဆုတောင်းလျက်.....

4/01/2008

နှစ်သစ်ကို စိတ်သစ်နဲ့ ကြိုဆိုကြပါစို့

သြော်.....
နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်လို့လာပြီ
နှစ်သစ်မှာ
ငါ ဘာတွေလုပ်မလဲ
စဉ်းစားဖို့ လိုလာပြီ
အခုမှ စဉ်းစားရမှာ
တချို့ကပြောကြတယ်
ပြီးခဲ့တာတွေ ပြီးပါစေတော့တဲ့
ကျွန်မအထင်ကတော့ ပြီးမယ် မထင်ဘူး
ဘာလို့လဲဆိုတော့ အတိတ်ဆိုတာ လူတိုင်းမှာ ရှိတယ်လေနော်
တမ်းတဖို့မှ မဟုတ်တာ၊ အနာဂတ်လဲဒီလိုပဲ စိတ်ကူးယဉ်နေရုံနဲ့
ဘာမှမဖြစ်လာဘူးလေ၊ အဓိက ကတော့ ယခုလက်ရှိအချိန်ဟာ
အရေးကြီးဆုံးပဲလေ ဒီတော့ ဘာပဲလုပ်လုပ် အမှားအမှန် ခွဲခြားသိမြင်ပြီး
မကောင်းမှုကို အဝေးကရှောင်ပြီး
အသိတရားလေး ကိုယ်မှာကပ်ပြီး တစ်နေ့ထက် တစ်နေ့ အောင်မြင်တိုးတက်မှု
ရှိဖို့ လိုအပ်နေတယ်လို့ ကျွန်မ သဘောပေါက်လိုက်မိပြီ သူငယ်ချင်းတို့ရယ်.....


နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးခါနိးကာလ၊ နှစ်ဟောင်းကို စွန့်ခွာပြီး နှစ်သစ်မှာ
ခြေမချခင် လမ်းဆုံမှာ ခြေစုံရပ်ပြီး ဆင်ခြင်သုံးသပ်ရပါမယ်။ နှစ်ဟောင်းကနေ
နှစ်သစ်ကို ကူးပြောင်းခွင့်ရတာဟာ နှစ်ဟောင်းမှာ ငါ မသေခဲ့လို့ပဲ၊ နှစ်ဟောင်းမှာ
မသေခဲ့ပေမဲ့ နှစ်သစ်ကိုရောက်တာနဲ့ ငါ့အသက်တစ်နှစ်ကြီးလာပြီ၊ သေဖို့ တစ်နှစ် ပိုနီးလာပြီ။
နှစ်သစ်ရဲ့ ရက်စွဲတစ်ခုခုမှာ ငါသေချင်သေသွားနိုင်တယ်။ နှစ်ဟောင်းမှာ သေခြင်းတရားကို
လွန်မြောက်ခဲ့ပေမဲ့ နှစ်သစ်မှာ လွန်မြောက်ချင်မှ လွန်မြောက်မယ်။ နှစ်ဟောင်းမှာ ငါဘာတွေ လုပ်ခဲ့လဲ။ ငါ့အတွက် ဘာအကျိုးတွေ ခံစားရလဲ။ စဉ်းစားဖို့ လိုလာပြီနော်။ ပြီးတော့ နှစ်သစ်မှာရော အချိန်တွေ ဖြုန်းမှာလား။
အချိန်တွေ သုံးမှာလား။ ကိုယ်လုပ်ချင်တဲ့ အလုပ်၊ ကိုယ်လုပ်သင့်တဲ့ အလုပ်ဆိုတာ မသေခင်ကာလလေးမှာပဲ
လုပ်ပိုင်ခွင့်ရှိပါတယ်။ သေပြီးရင် ဘာမှ လုပ်ပိုင်ခွင့်မရှိတော့ပါဘူး။ ခုလို နှစ်ဟောင်းကုန်ကျူး နှစ်သစ်ကူးတော့မဲ့
အချိန်ကာလမှာ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်ထားတဲ့ သေခြင်းတရားကိုလည်း သတိရနေမိတယ်။
ဒါကြောင့် သင်တို့အားလုံးကော မသေခင် ဘာလုပ်ကြမလဲ ဟင်..........................

သင်္ကြန်နဲ့ ပိတောက် ခွဲလို့မရဘူး တဲ့.....။ တစ်နှစ်ကုန်လို့ နှစ်သစ်ကို ကူးတော့မယ်...။ ရှေးလူကြီးတွေ ပြောစကားရှိတယ်.. နှစ်ဟောင်းက အညစ်အကြေးကို နှစ်သစ်မပါအောင် သင်္ကြန်ရေနဲ့ ဆေးရတယ်တဲ့...။ သင်္ကြန်ရေနဲ့ဆေးတိုင်း စိတ်အညစ်အကြေးတွေ ကင်းစင်ကုန်ရင် ကောင်းတာပေါ့နော်...။ ဒါပေမဲ့ ရေနဲ့ဆေးလို့ မပျက်တဲ့ စိတ်အညစ်အကြေးတွေကို လူတိုင်းနီးပါး လုပ်နေကြတာ သိကြားမင်းကြီး သိစေချင်ပါတယ်...။ ဒီနှစ် သိကြားမင်းက ဘီလူးစီးလာမှာတဲ့.... သတိထားကြနော်.... လူအညစ်အကြေးတွေ....ဟဲဟဲ...။ သြော်..... ဘာလိုလိုနဲ့ အသက်တစ်နှစ်ကြီးလာပြန်ပြီပေါ့နော်.............။ ဒါပေမဲ့ ဘာမှဖြစ်မလာသေးဘူးပေါ့နော်.....။ ခုထိ ကြိုးစားဆဲပေါ့......။ မိတ်ဆွေတို့ကော နှစ်သစ်ရောက်ခါနီးပြီနော်။ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးခံနီးမှာ ပြင်ဆင်စရာ ရှိတာတွေကို ကြိုတင်ပြင်ဆင် သင့်ပြီလို့ ကျွန်မ ယူဆမိပါတယ်။ ဒါဟာ ဘာတွေကို ပြင်ဆင်ရမယ်ဆိုတာ မိတ်ဆွေတို့ သိမယ်လို့ ကျွန်မ ယူဆမိပါတယ်......။ အားလုံး နှစ်သစ်မှာ အချစ်သစ်နဲ့ ပျော်ရွှင်ကြည်နူးနိုင်ကြပါစေလို့ ကျွန်မ ဆုတောင်းလိုက်မိပါတယ်။ အားလုံးပျော်ရွှင်ချမ်းမြေ့ပြီး နှစ်သစ်မှာ စိတ်ကောင်းထားနိုင်ကြပါစေ......။