1/14/2008

ရွှေမြန်မာမှ ကြိုနေမယ်

ခါတစ်လှဲ့ လာခဲ့ပေါ့
ရွှေမြန်မာ
ဝေးမကွာ ပြေးလာလျှင်
တာမထောက်ပါဘူး
connection ကောင်းစဉ်ခါ
ဖွင့်တဲ့ချိန်
ကိုးနက်ရှင် နောက်သမို့
ခဏတော့ ချော့မြူရရှာ
စိတ်ရှည်ကာ သည်းခံစောင့်ပါလို့
တစ်ခေါက်ကယ်
အလည်မရောက်ရင်ဖြင့်
ကြုံခဲ့လျှင် နောက်တစ်ကြိမ်ပေါ့
ကြောက်မက်ဖွယ် ကိုးနက်ရှင်ကို
ကျော်လွှားခါ အရောက်လှမ်းခဲ့ပေါ့
ဖိတ်ခေါ်တဲ့ ဒီဘလောဂ့်မှာဖြင့်
ရေးကူကို တွေးပူရတာကြောင့်
ဆွေးပူရရှာ......

1/12/2008

ကိုယ်ပိုင်တဲ့လမ်းကလေး

လူရယ်လို့ဖြစ်လာရင် ဘ၀မှာ အလိုချင်ဆုံးအရာ၊ အလိုအပ်ဆုံးအရာဟာ ဘာလဲ။ ပြီးတော့ ငါဘာဖြစ်ချင်တာလဲ။ ဘယ်လမ်းသွားချင်တာလဲ။ လူတစ်ဦးနဲ့တစ်ဦးဟာ မတူပါဘူး။ အရာအားလုံးကွဲပြားခြားနားနေတယ်။ တခြားသူတွေ တွေးတာနဲ့ ကိုက်ညီအောင်ရယ်လို့ ကိုယ့်ရည်မှန်းချက်ကို မချမိစေနဲ့။ ကိုယ်အမှန်တကယ် ဘာစိတ်ဝင်စားလဲ။ ဘာလုပ်ချင်လဲ။ ဘာဝါသနာပါလဲ ကိုယ်နဲ့ကိုက်ညီတာသာ လုပ်ပါ။ ဒါမှလည်း ဘ၀မှာ ပျော်ရွှင်မှုဆိုတာ ခံစားရမယ်လေ။ ဘ၀ဆိုတာ ပြောတော့သာ တိုတိုလေးဆိုပေမဲ့ ဒီခဏတာရနေတဲ့ဘ၀မှာ စိတ်ညစ်စရာလည်း ကြုံရမှာပဲ။ စိတ်ချမ်းသာစရာလည်း တွေ့ရမှာဘဲ။ ကိုယ့်ဘ၀မှာ ပျော်ရွှင်ဖို့အတွက်တော့ လုပ်သမျှတိုင်း အောင်မြင်လိုက်တာလို့ ဖြစ်စရာ မလိုပါဘူး။ ကိုယ့်ဘ၀အပေါ် ကိုယ်မားမားမတ်မတ်ရပ်နိုင်ပြီး အကောင်အထည်ဖော်နိုင်ရင် ပြီးတာပါပဲ။ ကိုယ့်ဆုံးဖြတ်ချက် ကိုယ့်နေရာအတွက် ကိုယ်တာဝန်ယူနိုင်တယ်လို့ ခံစားတတ်ရင်လည်း ပျော်တာပါပဲ။ ကျွန်မတို အရင်တုန်းက ကိုယ့်ဘ၀ကိုယ် ဘယ်အရာမှ အလိုမကျခဲ့ဘူး။ စိတ်အားငယ်တတ်တဲ့အကျင့်ပေါ့လေ။ ငါလုပ်ရင် ဖြစ်ပါ့မလားဆိုတာပဲ တွေးမိတယ်။ ဒါပေမဲ့ ကျွန်မငယ်ငယ်လေးထဲက သဘောကျခဲ့တဲ့ အရုပ်လေးတစ်ခုရှိတယ်။ အဲဒီအရုပ်ကို ကျွန်မကလေးဘ၀တုန်းက ပွဲဈေးတန်းမှာ စတွေ့ဖူးတာ။ ဘာအရုပ်လည်းဆိုတော့ ပစ်တိုင်းထောင်အရုပ်လေးပဲ။ ငယ်ကတည်းက ခုထိ သဘောကျတယ်။ သူဟာ ဘယ်လိုပဲပစ်ပစ် ဘယ်တော့မှ မလဲဘူ မယိုင်ဘူး။ ကျွန်မ တစ်ခါတလေ ကိုယ့်ဘ၀ကိုယ် သဘောမကျဘူး။ စိတ်ဓာတ်ကျတဲ့အခါတိုင်း ကျွန်မမှာရှိတဲ့ ပစ်တိုင်းထောင်ရုပ်လေးကို ပစ်ကြည့်တယ်။ အဲဒီအခါကျရင် ကျွန်မရဲ့အားငယ်နေတဲ့ စိတ်၊ ကျနေတဲ့စိတ်ဓာတ်တွေ အလိုလို ပြန်ပြည့်လာတယ်။
အင်း... ဘ၀မှာ ဘယ်အရာမှ ပြီးပြည့်စုံတယ်လို့မှ မရှိတာ၊ ဆင်းရဲတဲ့သူက ချမ်းသာချင်သလို ချမ်းနေတဲ့သူက ပိုပြီး ချမ်းသာချင်ကြတယ်။ ဒါဟာ လူ့သဘာဝပဲ။ ဘယ်အရာမဆို တိုးတက်ဖို့လိုနေသေးတာပဲ။ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို အတိအကျ ရောက်မယ်လို့ မှန်းတဲ့သူဟာ မပျော်ရွှင်နိုင်ဘူး။ ငါတော့ ပန်းတိုင်တစ်ဝက်ရောက်ပြီလို့ မှန်းတဲ့သူဟာ အပျော်ဆုံးလူပါပဲ။ တချို့က ရှိသေးတယ်။ ဒါဟာ ကိုယ့်ဝန်းကျင်မှာဘဲ ရှိကြမှာပါ။ သူများလုပ်လို့ လိုက်လုပ်တယ်။ ကိုယ်ဘယ်လမ်းသွားမလဲဆိုတာ မစဉ်းစားဘူး။ ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစားမိတယ်။ ငါ ဘယ်လမ်းသွားမှာလဲ။ လူဆိုတာ သူများကို ကြည့်နေတာထက် ကိုယ့်ဘာသာ ပြန်ကြည့်တတ်ရမယ်။
ကျွန်မကလည်း လောဘကြီးတယ်။ အလုပ်ဆိုလည်း အလုပ်၊ နောက်ပြီး ဘာကို လောဘကြီးလဲဆိုတော့ စာအုပ်တွေဘဲ။ ကျွန်မလေ စာအုပ်တွေ တွေ့ရင် မနေနိုင်ဘူး။ ၀ယ်ရမှာ ကျေနပ်တတ်တယ်။ နောက်ပြီးတော့ စာအုပ်ဖတ်နေရရင် ထမင်းမေ့ ဟင်းမေ့ဘဲလေ။ ကျွန်မမှာ ဖြစ်ချင်တာတွေ သိပ်များနေတယ်။ ဒါပေမဲ ခုထိ ပန်းတိုင်ကိုမရောက်သေးဘူး။ လျှောက်နေဆဲပဲ။ ပြီးတော့ အသိုင်းအ၀န်းလည်း လိုအပ်သေးတယ်။ ကိုယ့်ကိုထောက်ပံ့နိုင်တဲ့ ၀န်းကျင်တစ်ခုပေါ့။ ကျွန်မမိသားစု ၀န်းကျင်ဟာ ငွေကြေးမထောက်ပံ့နိုင်ဘူး။ အင်း အရာအားလုံးဟာ ပြောင်းလဲနေတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် မတည်မြဲဘူးဆိုတာ သိထားပါတယ်။ ကျွန်မဆိုရင် နေရာအသစ်ပြောင်းတော့ ချက်ချင်းအံဝင်ဂွင်ကျဖြစ်မယ်လို့ မမျှော်လင့်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အချိန်တစ်ခုပေးသင့်ပါရဲ့။ အခြေအနေသစ်၊ ၀န်းကျင်သစ်နဲ့ ညီညွတ်ဖို့ သင်ယူရဦးမယ် မဟုတ်လား။ ဒါပေမဲ့ ကျွန်မ ခုဆိုရင် ၀န်းကျင်သစ်မှာ နေတတ်နေပါပြီ။ ဘာလို့လဲဆိုတော့ ၀န်းကျင်သစ်ရဲ့ နွေးထွေးလှိုက်လှဲတဲ့ ဖော်ရွေမှုတွေနဲ့ ကျွန်မကို လက်ကမ်းကြိုဆိုခဲ့ကြလို့ဘဲ ဖြစ်ပါတယ်။ အားလုံးရဲ့စိတ်ရင်းကိုလည်း ကျွန်မ နားလည်ခဲ့ရပါတယ်။ ကျွန်မပန်းတိုင်ကို မရောက်သေးပေမဲ့ ပန်းတိုင်ရဲ့ တစ်ဝက်ကို ရောက်ပြီလို့ ပြောလို့ရပြီပေါ့နော်။
ကျွန်မရဲ့စိတ်က ငယ်ကတည်းက အေးချမ်းပျော်ရွှင်တဲ့ဘ၀၊ အေးချမ်းတဲ့နေရာမှာ နေချင်ခဲ့တာပါ။ ဘ၀က ကြမ်းတော့လည်း ဒီလိုပဲ နေလာခဲ့ရတယ်။ ကျွန်မရဲ့ဝန်းကျင်မှာ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ အားပေးမှု၊ နှစ်သိမ့်မှုတွေလည်း ရရှိနေပါပြီ။ ဒါဟာ တစ်ဦးနဲ့ တစ်ဦး စိတ်ရင်းနဲ့ ဆက်ဆံခဲ့ကြလို့ဘဲဆိုတာ ကျွန်မ ယုံကြည်မိပါတယ်။ ပြောရရင် လောကကြီးမှာ နေတတ်ရင် ကျေနပ်စရာကြီးပါလို့ ကျွန်မကို အားပေးခဲ့တဲ့ မိတ်ဆွေတွေ သူငယ်ချင်းတွေလည်း ၀န်းရံနေမှတော့ ကျွန်မအတွက် ဘာလိုသေးလဲ။ ကျွန်မလျှောက်မဲ့ ပန်းတိုင်နီးသလား ဝေးသလား မစဉ်းစားတော့ပါဘူး။ ရောက်နေတဲ့နေရာကနေ ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းပြီး လောကဓံကို ကြံ့ကြံ့ခံရင်း ဘ၀ခရီးကို ကျွန်မဆက်လျှောက်သွားတော့မှာပါ။ ကမ္ဘာလောကကြီးမှာတော့ ပြဿနာပေါင်းစုံ ရှိနေဦးမှာပါပဲ။ ဒါပေမဲ့ လောကပါလတရားရှိတယ်ဆိုတဲ့ အဆုံးအမတော့ အကောင်းအမှန် အမွန်အမြတ်ကသာ အောင်နိုင်တယ်ဆိုတာ ယုံကြည်မိပါတယ်။ ကိုယ်ဘယ်လမ်းလိုက်ရမယ်ဆိုတာ အမှားအမှန်ကို ချင့်ချိန်နိုင်ပြီး လမ်းမှန်ကို လျှောက်နိုင်ကြပါစေလို့ဆန္ဒပြုရင်း......

1/10/2008

အလွမ်းသို့ တိုင်တည်ခြင်း


လွမ်းစရာရှိရင်
နာစရာနဲ့ဖြေမယ်လို့
တွေးထားပေမဲ့
လွမ်းမိတဲ့အခါ
နာစရာကို မတွေးမိတာ
ဘာကြောင့်လဲ
ရှင်းရှင်းလေးပဲ
သူ့ကို လွမ်းနေမိလို့ပေါ့...
လွမ်းတယ်ကွယ်
ကိုယ့်ရဲ့အရာရာဟာ
အလွမ်းတွေနဲ့ ပြည့်သိပ်နေတယ်
သတိရခြင်းဆိုတာ
တစ်ခါတစ်ရံမှ
ဖြစ်ပေါ်တတ်ပေမဲ့
အလွမ်းတွေကတော့
အစည်းအတားမရှိ
နာရီတိုင်း၊ အချိန်တိုင်း၊ စက္ကန့်တိုင်း
လှုပ်ရှားမှုတွေရှိနေသရွေ့
ကိုယ်နဲ့အတူ
အလွမ်းတွေဟာ
ရှင်သန်နေတယ်
အလွမ်းတွေရယ်
ဖြစ်နိုင်ရင်
မင်းရဲ့ဝေးရာကို
သွားပါရစေ....
ကိုယ့်ကို အလွမ်းကမ္ဘာထဲမှ
ထွက်သွားခွင့်ပြုပါ..
ကိုယ့်ရဲ့အိပ်မရတဲ့ညတွေမှာ
အလွမ်းတွေက နှိပ်စက်နေဆဲ
မင်းရဲ့ဝေးရာကို
မသွားနိုင်သရွေ့
ကိုယ်ဟာ
မင်းနဲ့အတူ ရှိနေဦးမှာပါ....
ခုတော့....
လွမ်းရင်းနဲ့
ဆက်လွမ်းနေမယ် အလွမ်းရယ်......

1/09/2008

အဖြည့်ခံ....

လှပဝေဆာ ပန်းဘ၀မှာ
သာမွှေးနံ့ထုံ ရနံ့စုံစဉ်
မြင်သူပေါင်းက
တပ်မက်ကြ၏....
ပန်းအလှလေးမို့
တချို့ကလည်း ဘုရားလှူဖို့
တချို့ကျပြန် ခေါင်းထက်ပန်ဆင်
လှချင်သမို့
သူတို့ဆနပြည့်ဝဖို့ကို
အို... ပန်းပွင့်လေးဖြည့်ပေးခဲ့တယ်
မနွမ်းခင်လေး ခဏတာမှာ
သူတကာအတွက်
ဖြည့်စွက်ခဲ့လည်း
နွမ်းလို့ ကြွေစဉ်ချိန်ခါမှာတော့
စွန့်ပစ်ပယ်ခံ ဖြစ်ရပြန်တယ်
သြော်...
အဖြည့်ခံ ပန်းဘ၀ပါတကား....

1/05/2008

အလွမ်းရှင်

မဖောက်မပြန် ခရေမာန်ဖွဲ့
ရောက်ခဲ့ပြီလေ...
နွေနေပူထဲ ပျော်ရဲစိတ်ဓာတ်
အားကျမိရဲ့....
ခရေပင်အောက်
တစ်ယောက်သောသူ
ငေးရီပူဆွေး
လွမ်းတေးညည်းတွား
ကြားလိုက်မိလား ပန်းခရေ ရေ....
ခရေတစ်ပွင့်
ယုယဖက်ထွေး
လာလမ်းတွေးဆ
နွမ်းလျရုပ်သွင်
မြင်လိုက်မိလား ပန်းခရေ ရေ....
နေ့လွန်ခရေ
သွေ့ခြောက်မြည့်ဆွေး
ရှိနေသေးရဲ့
သူ့ကို ပေးဖူး ခရေဦးကို
လွမ်းမိတယ်....


1/04/2008

လွတ်လပ်ရေးနေ့ ဂုဏ်ပြုကြိုဆိုခြင်း

အင်း ဘာလိုလိုနဲ့ ဒီနေ့ဟာ မြန်မာနိုင်ငံရဲ့နေ့ထူးနေ့မြတ်ဖြစ်တဲ့
လွတ်လပ်ရေးနေ့ရောက်ရှိလာခဲ့ပြန်ပါပြီကော။ မြန်မာနိုင်ငံဟာ
သူ့ကျွန်သဘောက်လက်အောက်မှ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ နံနက် ၄ နာရီ
မိနစ် ၂၀ မှာ လွှတ်တော်မှ လွတ်လပ်ရေး ရပြီးဖြစ်ကြောင်း ကြေညာလိုက်သည်နှင့်
တစ်ပြိုင်တည်း အင်္ဂလိပ်ယူနီယံဂျက် အလံကို ဖြုတ်ချပြီး ပြည်ထောင်စု
မြန်မာနိုင်ငံတော်အလံကို လွှင့်ထူနိုင်ခဲ့ပါပြီ။ ယင်းလွတ်လပ်ရေး အခမ်းအနားသို့ မြန်မာနိုင်ငံ ယာယီသမ္မတ
စပ်ရွှေသိုက်နှင့် မြန်မာနိုင်ငံ နောက်ဆုံး ဘုရင်ခံ ဆာဟူးဘတ်ရန့်တို့
တက်ရောက်ခဲ့ကြောင်း သိခဲ့ရပါတယ်။မြန်မာနိုင်ငံသည်
လွတ်လပ်သော အချုပ်အချာအာဏာပိုင် နိုင်တစ်ငံနိုင်ငံအဖြစ်သို့
ရောက်ရှိခဲ့တာ အခုနှစ်ဆို ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ကို
ရောက်ရှိခဲ့ပါပြီ။
ဘာလိုလိုနဲ့ လွတ်လပ်ရေးနေ့ ပြန်လည်ရောက်ရှိလို့လာခဲ့ပြန်ပြီ။ နှစ်တွေလည်း
တစ်နှစ်ပြီး တစ်နှစ်ကုန်ဆုံးလို့ လာနေတယ်။ ဒီလို
လွတ်လပ်တဲ့နိုင်ငံဖြစ်အောင် လုပ်ဆောင်ပေးသွားကြတဲ့
အာဇာနည်ခေါင်းဆောင်ကြီးတွေကို လွမ်းဆွတ်မိပါတယ်။ တို့ဖခင်ကြီးတွေ
သက်စွန့်ကြိုးပမ်းသွားခဲ့တဲ့ ဒီလို လွတ်လပ်ရေးရရှိခဲ့တဲ့ နေ့ကို
မြင်စေချင်လိုက်တာ ဘယ်လောက်များ ၀မ်းသာလိုက်မလဲဆိုတာ ပြောမပြတတ်ဘူး။ အင်း
ဒီလိုလွတ်လပ်မှုရရှိအောင်လုပ်ခဲ့တဲ့ ကျေးဇူးကြောင့် ယမင်းတို့ဘ၀ ဒီလို
နေနိုင်ခဲ့တာဟာ တစ်သက်မမေ့နိုင်တော့ပါဘူး။ ယမင်းတို့လို
နောင်လာနောင်သားတွေ လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့်
ဆက်လက်ထိန်းသိမ်းသွားသင့်ပါကြောင်း.......

1/02/2008

welcome