4/03/2012

တန်ခူးလချိန်ခါ


တန်ခူးလသည် မြန်မာများရဲ့ ပထမလဖြစ်ပြီး မတ်လနှင့် ဧပြီလတွင် ကျရောက်ပါတယ်။ မြန်မာလူမျိုးတို့ရဲ့ နှစ်ဟောင်းမှ နှစ်သစ်ကူးအထိမ်းအမှတ်ပွဲတော်သည် သင်္ကြန်ဖြစ်ပါတယ်။ သင်္ကြန်ပွဲတော်ကို နှစ်စဉ် တန်ခူးလတွင် ကျင်းပလေ့ရှိသည်။ နှစ်သစ်ကူးသင်္ကြန်ပွဲတော်တွင် ရေပက်ကစားသည့် ယဉ်ကျေးမှုဓလေ့သည် တကောင်းခေတ်ကပင် စတင်ကျင်းပခဲ့ပြီး ပုဂံခေတ်မှာ ပိုမိုထင်ရှားလာတယ်လို့ ဆိုစမှတ်ပြုခဲ့ပါတယ်။
ရေသည် အေးမြကြည်လင်ခြင်း၊ အညစ်အကြေးကို ဆေးကြောခြင်းနှင့် ရေကိုသား၍ အကြားမထင်ဘဲ ဆက်စပ်နေခြင်းဟူသော နိမိတ်သုံးပါးကို ဆောင်ပါတယ်။ ထိုနိမိတ်သုံးပါးအရ နှစ်ဟောင်းမှ အညစ်အကြေးများကို ဆေးကြောသန့်စင်သည့်သဘော၊ ပြည်သူအပေါင်းတို့၏ စိတ်ဓာတ်များကို နှစ်သစ်ကူးရေစင်ကဲ့သို့ အေးမြကြည်လင်စေသည့်အပြင် ပြည်သူအချင်းချင်း ရေကိုသား၍ အကြားမထင်ကဲ့သို့ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်နေထိုင် ဆက်ဆံကြရန်ဟူသော မွန်မြတ်သည့်ရည်ရွယ်ချက်များဖြင့် သင်္ကြန်ပွဲတော်ကို ကျင်းပခြင်းဖြစ်ပါတယ်။
မြန်မာတို့သည် နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို ဗုဒ္ဓဘာသာတရားတော်အရ မွန်မြတ်သန့်စင်သော ကုသိုလ်ကောင်းမှုများကို ယှဉ်တွဲကာ ဆင်နွှဲသည့်အစဉ်အလာကောင်းများကိုလည်း ဖန်တီးခဲ့ကြပါတယ်။ ချစ်စရာ မြန်မာနှစ်ကူး အတာသင်္ကြန်မှာ စိတ်ရင်းများနဲ့ ပြုံးပျော်ရွှင်နိုင်ကြပါစေလို့ နှစ်သစ်အတွက် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

No comments: