4/09/2011

ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ (၁၉၁၅ - ၁၉၄၇)

မြန်မာ့လွတ်လပ်ရေး ဗိသုကာဖြစ်သည်။ မကွေးခရိုင်၊ နတ်မောက်မြို့တွင်
မွေးဖွားသည်။ အမည်ရင်း အောင်ဆန်းဖြစ်သည်။ ၁၉၃၇ ခုနှစ် ရန်ကုန်တက္ကသိုလ်မှ
ဘီအေဘွဲ့ရသည်။ ၁၉၃၆ ခုနှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်ခေါင်းဆောင်၊
သမဂ္ဂထုတ် အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ဖြစ်သည်။ ဥပဒေသင်တန်း တက်ရောက်နေစဉ် ၁၉၃၈
- ၃၉ ခုနှစ် ရန်ကုန်တက္ကသိုလ် သမဂ္ဂ (ရကသ) ဥက္ကဋ္ဌ၊ ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများ သမဂ္ဂ (ဗကသ) ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ ၁၉၃၈ ခုနှစ်
ရန်ကုန်တက္ကသိုလ် အက်ဥပဒေ ပြင်ဆင်ရေး ကော်မတီဝင်၊ ၁၉၄၀ ရန်ကုန်တက္ကသိုလ်
အုပ်ချုပ်ရေးအဖွဲ့ ကျောင်းသားကိုယ်စားလှယ် ဖြစ်သည်။ ၁၉၃၈ - ၄၁ ခုနှစ်
သခင်ကိုယ်တော်မှိုင်း ဦးဆောင်သော တို့ဗမာအစည်းအရုံး အထွေထွေ
အတွင်းရေးမှူး၊ ၁၉၃၉ ဗမာပြည်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး၊ ၁၉၃၉
- ၄၁ ခုနှစ် ဗမာ့ထွက်ရပ်ဂိုဏ်း အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။
၁၉၄၀ ပြည့်နှစ် အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့ အိန္ဒိယအမျိုးသားကွန်ဂရက်
ညီလာခံသို့ တက်ရောက်ခဲ့သည်။ ၁၉၄၁ ခုနှစ် ဂျပန်ပြည်သွားရောက်၍
စစ်ပညာသင်ကြားကာ ရဲဘော်သုံးကျိပ်ခေါင်းဆောင် ဗိုလ်တေဇဖြစ်လာသည်။ ၁၉၄၂ -
၄၅ ခုနှစ် ဘီအိုင်အေ ဒုတိယစစ်သေနာပတိ၊ ဘီဒီအေ စစ်သေနာပတိ၊ ၁၉၄၃ - ၄၅
အဓိပတိ ဒေါက်တာဘမော် ဦးဆောင်သော မြန်မာအစိုးရအဖွဲ့၌ ကာကွယ်ရေးဝန်ကြီး၊
၁၉၄၅ ဖတပလ ဥက္ကဋ္ဌ၊ ဖက်ဆစ်တော်လှန်ရေး စစ်ရေးခေါင်းဆောင်၊ သရက်ခရိုင်
ရှေ့တန်းစစ်ဌာနချုပ်ကို တာဝန်ယူခဲ့သည်။ ၁၉၄၅ ခုနှစ် ကန္ဒီစာချုပ်
လက်မှတ်ရေးထိုးပြီးနောက် တပ်မတော် ဗိုလ်ချုပ်ရာထူးမှ နှုတ်ထွက်သည်။ ဖဆပလ
ဥက္ကဋ္ဌအဖြစ် နိုင်ငံရေး တာဝန် ထမ်းဆောင်သည်။ ပြည်သူ့ရဲဘော်တပ်ဖွဲ့ (၁၊ ၁၂၊
၁၉၄၅) ၏ ဥက္ကဋ္ဌ၊ ၁၉၄၆ ခုနှစ် ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယဥက္ကဋ္ဌရာထူး
လက်ခံ၍ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဌာနကို တာဝန်ယူခဲ့သည်။ အောင်ဆန်း
အက်တလီစာချုပ် (၂၇၊ ၁၊ ၁၉၄၇)၊ ပင်လုံစာချုပ်(၁၂၊ ၂၊ ၁၉၄၇) တို့ကို
ဦးဆောင်လက်မှတ်ရေးထိုးခဲ့သည်။ ၁၉၄၇ တိုင်းပြုပြည်ပြု လွှတ်တော်တွင်
ရန်ကုန်လမ်းမတော်နယ်မှ ရွေးချယ်ခံ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကို
အတည်ပြုပေးခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်၌ ရန်ကုန်မြို့
အတွင်းဝန်ရုံး ဝန်ကြီးများ အစည်းအဝေး ကျင်းပနေစဉ် လုပ်ကြံခံရသည်။

No comments: