8/28/2010

ညဘက် အိပ်မပျော်တဲ့သူများအတွက်

အလုပ်လုပ်ကြသူများရဲ့ ၄၀ ရာခိုင်နှုန်းဟာ လုပ်ငန်းခွင်တာဝန်များကြောင့်
ညအချိန်မှာ အိပ်မပျော်တဲ့ ဝေဒနာတွေ ခံစားနေကြရကြောင်း ခုတစ်လော
သတင်းကြားနေရပါတယ်။ ဒီတော့ ကျွန်မ သိတဲ့နည်းလေးကို
ပြန်လည်မျှဝေလိုက်ပါရစေ။ အိပ်မပျော်ခြင်းအတွက် နည်းလေးကတော့ ရေနွေးနဲ့
ရေချိုးပေးခြင်း ဖြစ်ပါတယ်။
ရေနွေးကြောင့် ကျယ်ပွလာတဲ့ အရေပြားပေါ်က သွေးကြောကလေးဆီ သွေးလှည့်ပတ်
ရောက်သွားတဲ့အခါ ဦးနှောက်ကို သွေးအပို့နည်းသွားတတ်ပါတယ်။ ဒီအချိန်မှာ
အိပ်ချင်စိတ် ဖြစ်ပေါ်ပြီး အိပ်ပျော်စေတာလို့ လက်လှမ်းမီသလောက်
မေးကြည့်ထားမိပါတယ်။
ဒါကြောင့် ညဘက်အိပ်ခါနီး ရေချိုးတဲ့အခါ ရေနွေးထဲကို ရနံ့ဆီတစ်မျိုးမျိုး
(ဥပမာ - လာဗင်ဒါဆီ၊ လိုင်လိုင်ဆီ) ကို (၈) စက်ခန့်ထည့်ရောပြီး
ချိုးပေးပါ။
ရနံ့ဆီတွေဟာ အကြောအခြင်တွေ ပြေလျော့ပေးနိုင်တဲ့ သတ္တိထူးတွေရှိတဲ့အတွက်
အကြောပြေပြီး အိပ်ပျော်စေမှာ ဖြစ်ပါတယ်။ သုတေသနဂျာနယ်တစ်ခုမှာ
ရေနွေးချိုးခြင်း (warm bath)နဲ့ပတ်သက်ပြီး သာဓကတစ်ခုကို ဖော်ပြထားတာ
တွေ့ရှိခဲ့တယ်။ အပူချိန် (၁၀၀) ဒီဂရီဖာရင်ဟိုက်ရှိတဲ့ ရေချိုးခြင်းဟာ
ငိုက်မျဉ်းခြင်းကို ဖြစ်စေတဲ့အတွက် အိပ်မပျော်သူများ အတွက် ထူးတဲ့
နည်းတစ်ရပ်အဖြစ် ပြောထားလို့ ကျွန်မ လက်တွေ့စမ်းသပ် ခဲ့ဖူးပါတယ်။
ဘယ်လောက်တောင်လဲဆိုရင် နေ့လည်ဘက် နေပူလို့ ဘုံဘိုင်က ရေ နွေးနေတာကို
လက်နဲ့ သုံးလေးခါဆေးလိုက်မိတော့ အိပ်ငိုက်တာ မျက်လုံးတောင်
မဖွင့်နိုင်အောင် ရုပ်ပျက် ဆင်းပျက် ဖြစ်ခဲ့ဖူးလို့ ညဘက်
အိပ်မပျော်သူများအတွက် နည်းကောင်းတစ်လက်အဖြစ် တင်ပြလိုက်ရခြင်း
ဖြစ်ပါတော့တယ်။

1 comment:

နွေဆူးလင်္ကာ said...

သုံးလေးပက်လောက် သောက်ပြီး အိပ်ရင်လည်း အိပ်ပျော်ပါတယ် ဟီးဟီး :-)