5/28/2010

Graphic Designer တစ်ယောက်ရဲ့ လိုအပ်ချက်များ

ခုနောက်ပိုင်း ၂၀၀၉ ကုန်ပြီး ၂၀၁၀ ကို ချဉ်းနင်းဝင်ရောက်ခဲ့ပြီးသကာလ လူအတော်များများ Computer အသုံးပြုမှု တိုးတက်များပြားလာတာကို တွေ့ရှိရပါတယ်။ ဒီလိုပဲ အိုင်တီနည်းပညာကလည်း အရှိန်အဟုန်ပြင်းစွာ တိုးတက်လာတာ စာဖတ်သူလည်း သိပြီးဖြစ်မှာပါ။ ဒီလို ကွန်ပျူတာ ပညာရပ်က အချိန်ကုန် သက်သာပြီး အလုပ်လည်း တွင်ကျယ်တဲ့အတွက် လူငယ်များဟာ ဒီဘက်ကို တစ်စိုက်မတ်မတ် လုပ်လာကြတာကို တွေ့မြင်ရပါတယ်။ ပုံစံမျိုးစုံ၊ အိုင်တီနည်းပညာရပ်များ ခေတ်စားနေတဲ့အချိန်မှာ ရှင်ကော ဂရပ်ဖစ်ဒီဇိုင်းနာတစ်ယောက် ဖြစ်ချင်လာတယ်ဆိုပါစို့။ ဘာတွေ သင်ယူရမလဲ ဘာတွေလုပ်ရမလဲ အချိန်ဘယ်လောက်ကုန်မလဲ မသိချင်ဘူးလား။ အရာရာ အားလုံးပြင်ဆင်လိုက်ရင် တစ်ချိန်မှာ ပရော်ဖက်ရှင်နယ်တစ်ယောက် ကောင်းကောင်းဖြစ်လာနိုင်မှာ အမှန်ပါပဲ။
အရင်ဆုံး သင် သိထားဖို့က Graphic Design Software ကို အရင်ဆုံး တတ်မြောက်ကျွမ်းကျင်စွာ လေ့လာရပါမယ်။ အများအားဖြင့် Adobe Photoshop CS4 (လက်ရှိ), Illustrator, Pagemaker, Indesign, Corel Draw စတဲ့ အဓိကကျတဲ့ Software တွေနဲ့ ဆက်စပ်ပြီး သုံးတဲ့ Application တွေလည်း ရှိပါသေးတယ်။ တစ်ခုခုကို ပိုင်နိုင်ကျွမ်းကျင်အောင် တတ်မြောက်ထားမယ်ဆိုရင် အသုံးပြုလွယ်ကူမှာပါ။ နောက်ပြီး Software တွေထဲက Tools တွေကို ပိုင်နိုင်ရပါမယ်။ ကိုယ်လုပ်နိုင်မယ့် ပုံစံဒီဇိုင်းတွေ ဖန်တီးတာတွေ ဒီဇိုင်းလေးတွေကို တစ်ပုံစံတည်းဖြစ်အောင် လုပ်ပြီး တူအောင် ဆွဲကြည့်တာတို့လုပ်တာဟာလည်း ကိုယ့်ရဲ့ Software ကျွမ်းကျင်မှု၊ ပိုင်နိုင်မှုကို တိုးတက်စေပါတယ်။ ခုနောက်ပိုင်း အသင့် လေ့ကျင့်ဖို့ လေ့ကျင့်ခန်းတွေလည်း ဂျာနယ်တွေ မဂ္ဂဇင်းတွေမှာလည်း အတော် များပြားစွာ ထည့်လာတာကို တွေ့ရတဲ့အတွက် အလွန်ဝမ်းမြောက်ဖို့ ကောင်းလှပါတယ်။ နောက်တစ်ချက်က ဂရပ်ဖစ်ဒီဇိုင်းနဲ့ပတ်သက်တဲ့ စာအုပ်တွေ လိုအပ်ချက်တွေ စည်းမျဉ်းဥပဒေသနဲ့ ဆက်စပ်တဲ့စာအုပ်တွေ ရှာဖတ်နိုင်ပါတယ်။ စာအုပ်များများဖတ်နိုင်ရင် လိုချင်တဲ့ပုံစံကို မျက်စိမှာ တန်းမြင်ရုံနဲ့ ဂရပ်ဖစ်ဒီဇိုင်းသမားကောင်းတစ်ယောက် ဖြစ်လာမှာပါ။ ဒီဇိုင်းသမားတစ်ယောက်ဟာ ပညာတတ်ရုံနဲ့မကပဲ အမြင်အာရုံ ထက်သန်ဖို့လည်း အရမ်းလိုအပ်ပါတယ်။ ဘယ်အရောင်လည်းနဲ့ ဘယ်လိုလုပ်ရင် ဘာဖြစ်လာနိုင်မယ်ဆိုတဲ့ စိတ်ကူးစိတ်သန်းတွေ ရှိနေဖို့ကို ဆိုလိုတာပါ။
နောက်ပြီး သူများ ဆွဲထားတဲ့အရာတွေကိုလည်း ဝေဖန်ပိုင်းခြားနိုင်ဖို့ စုဆောင်းထားရပါမယ်။ ဒီဇိုင်းသမားတစ်ယောက် အထွေထွေဗဟုသုတတွေနဲ့လည်း ပြည့်စုံနိုင်ဖို့ လိုအပ်နေပါသေးတယ်။ ခံစားမှုနဲ့လည်း ဒီဇိုင်းကောင်း ဖြစ်လာနိုင်အောင် ကြိုးစားနိုင်တဲ့သူ ဖြစ်ရမယ်။

No comments: