6/30/2009
မော်စကိုမြို့ရောက် ကိုဘဲဥရဲ့ ဟာသဖြစ်ရပ်များ
မသိဘူး
မော်စကိုမြို့လယ် ဂေါ်ကီလမ်းအတိုင်း ညမှောင်ရီပျိုးစအချိန်တွင် ကိုဘဲဥ လမ်းလျှောက်လာသည်။
အရက်မူးနေသော လူတစ်ယောက် သူ၏အနားကပ်လာပြီး မေးသည်။
``ဟေ့ ဘဲဥ၊ ကောင်းကင်မှာ လင်းနေတဲ့ဥစ္စာဟာ နေလား။ လလား ဟင်´´
``မသိဘူးဗျ၊ ကျွန်တော် ဒီအရပ်က မဟုတ်ဘူး´´
ဘဲဥစစ်သား (၁)
တပ်သားဘဲဥ ကင်းစောင့်နေသည်။ လူတစ်ယောက် ဖြတ်လာသည်။ ဘဲဥ လှမ်းအော်ပြီး ပြောသည်။
``စကားဝှက်ပြော´´
``ကြက်ဖ´´
``အေး.... သွား´´
နောက်တစ်ယောက် ဖြတ်လာပြန်သည်။
``စကားဝှက်ပြော´´
``ကြိုးကြာ´´
ဘဲဥက ပြောလိုက်သည်။
``ကြိုးကြာ မဟုတ်ဘူး။ ကြက်ဖ။ အေး... သွား´´
ဘဲဥစစ်သား(၂)
တပ်သား ဘဲဥ ကင်းစောင့်နေသည်။
``ရပ်လိုက်၊ ဘယ်သူလဲ´´
``ငါပါ။ တာဝန်ကြပ်ပါကွ။ ပုလင်းပါ ဆွဲလာတယ်ကွ´´
``တာဝန်ကြပ်သွား၊ ပုလင်းရပ်နေ´´
ဘဲဥ စစ်သား (၃)
မော်စကိုမှ စစ်သင်တန်းပြီးသွားသော ကိုဘဲဥ မွေးရပ်မြေသို့ ပြန်ရောက်လာသည်။
မိဘများက အပြစ်တင် စကားပြောသည်။
``ဟဲ့သား၊ မော်စကိုမှာ သင်တန်းသွားတက်တဲ့ သုံးနှစ်လုံးလုံး တို့ဆီကို
ဘာဖြစ်လို့ စာတစ်စောင်မှ မရေးတာလဲကွ´´
``ဖေဖေတို့မှ လိပ်စာမပေးဘဲဟာ´´
သေခြင်းတရား
လူသားတွေ မလိုချင်ဆုံးအရာက
သေခြင်းတရားဖြစ်ပြီး
အလိုချင်ဆုံးအရာကတော့
မသေခြင်းတရားဖြစ်ပါတယ်။
သေခြင်းတရား လုံးဝမရှိတဲ့ နိဗ္ဗာန်ကို
ရောက်ချင်ရင် သေခြင်းတရားကို
အမြဲသတိရနေဖို့ အရေးကြီးပါတယ်။
6/24/2009
စာပေနှင့် စာနယ်ဇင်း ရုံးအဖ့မွှဲူး ကိုယ်တိုင် အဆုံးစီရင်သွား
ဇွန်လ 23
 မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းဌာန ရုံးအဖွ့မှဲူး ဦးမြင့်လွင်သည် ရန်ကုန်ရှိ
ရုံးခန်းတည်ရှိရာ သုံးထပ်တိုက်ပေါ်မှ ဇွန်လ 23 နေ့ နံနက်ပိုင်းက ခုန်ချကာ အဆုံးစီရင်သွားကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ ဦးမြင့်လွင် (68 နှစ်) သည် ကျောက်တံတားမြို့ ကုန်သည်လမ်းပေါ်ရှိ
စာပေဗိမာန် အပေါ်ထပ်၌ ဖွင့်လှစ်ထားသော မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွ့ချဲုပ် ရုံးခန်းတည်ရှိရာ သုံးထပ်
တိုက်ပေါ်မှ ခုန်ချကာ သေဆုံးသွားခြင်း ဖြစ်သည်။
"ဒီမနက် ၁၀ နာရီလောက်က သူ ရုံးလာပြီးတော့ ပုံမှန် အစည်းအဝေး တခုအတွက် ခုံတွေဘာတွေ အားလုံး
စီစဉ်ပေးတယ်။ အားလုံးလည်း ပြင်ဆင်လည်းပြီးရော သူက ပြတင်းပေါက်အပေါ်ကနေ ခုန်ချသွားတယ်" ဟု
 ပြောသည်။
အခြား အဖ့ဝွဲ င်တဦးကလည်း "သူ့စားပွဲပေါ်မှာ စာတစောင် ရေးသွားတယ်။ အများပိုင်ပစ္စည်းကို ထိန်းသိမ်းရမှာ
ပေါ့ဆတ့အဲ တွက်၊ အများပိုင်ပစ္စည်း ဆုံးရှုံးသွားတ့အဲ တွက် သူ့မှာ တာဝန်ရှိပါတယ် ဆိုပြီးတော့ ရေးသွားတယ်"
ဟု ပြောသည်။
သူက ဆက်ပြီး "Glass လက်ပတ်နာရီ၊ ဘောပင်နဲ့ (ကျပ်) ၅၀၀ တန် နှစ်ရက်ွကို ညှပ်ထားတယ်။ ဖိနပ်ချွတ်ထားတယ်"
ဟု ပြောသည်။ ဤကိစ္စနှင့်ပတ်သက်ပြီး စာနယ်ဇင်းရုံးသို့ ဆက်သွယ်မေးမြန်းရာ ပြောဆိုခွင့် မရှိသေးကြောင်း
တာဝန်ရှိသူ တဦးက တုံ့ပြန်ပြောဆိုသည်။
မြန်မာနိုင်ငံ စာနယ်နှင့် စာနယ်ဇင်းအဖဲ့သွ ည်  ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်တွင်
ဖွင့်လှစ်ထားသည့် စာပေအဖွဲ့အစည်းတရပ် ဖြစ်သည်။
ယခုအခါ ဦးမြင့်လွင်၏ ရုပ်အလောင်းအား ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ ထားရှိကြောင်းနှင့်
သေဆုံးချိန်တွင် ဇနီးသည်၊ သားနှင့် သမီး 2 ကျန်ရစ်ခ့ေဲ ကြာင်း သိရသည်။
6/22/2009
ဘ၀ထဲက သင်ခန်းစာများ
၁။ ပြစ်တင် ရှုတ်ချ ခံရမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ သူရဲဘောကြောင်
လူတောမတိုးတဲ့ စိတ်ဓာတ်တွေ ရလာစေတယ်။
၂။ ဝေဖန်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ ပုတ်ခက် ပြောဆိုတတ်တဲ့ စိတ်ဓာတ်တွေ ရလာစေတယ်။
၃။ ယုံကြည့် စိတ်ချမှု ကင်းမဲ့စွာနဲ့ နေခဲ့ရတဲ့ ကလေးဟာ လိမ်ညာလှည့်စားတဲ့
စိတ်ဓာတ်ကို ရလာစေတယ်။
၎။ ချစ်ခင်နှစ်သက်မှုနဲ့ နေခဲ့ရတဲ့ ကလေးဟာ ချစ်တတ် ခင်တတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။
၅။ အားပေးမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချတဲ့
စိတ်ဓာတ်ကို ရလာစေတယ်။
၆။ မှန်ကန် ဖြောင့်မတ်သူတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ တရားမျှတမှု စိတ်ဓာတ်ကို ရလာစေတယ်။
၇။ ချီးကျူး ထောမနာ ပြုမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ တန်ဖိုးထား
လေးစားတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။
၈။ မျှဝေ ခံစားမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ စာနာတတ် သက်ညှာတတ်တဲ့
စိတ်ဓာတ်ကို ရလာစေတယ်။
၉။ အသိဥာဏ် ဗဟုသုတတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ သည်းခံတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။
၁၀။ ပျော်ရွှင်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ သည်းခံတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။
၁၁။ ပျော်ရွင်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ မေတ္တာတရားနဲ့ အလှအပတို့ကို
ရှာဖွေ တွေ့ရှိလိမ့်မယ်။
ဘာသာပြန်သူ - လူထုစိန်ဝင်း
Lesson For Life
A Child that lives with ridicule
learns to be timid.
A Child that lives with criticism.
learns to condemn.
A Child that lives with distrust.
learns to be deceitful
A Child that lives with antagonism.
learns to be hostile.
A Child that lives with affection.
learns to love.
A Child that lives with encouragement
learns confidence.
A Child that lives with truth
learns justice.
A Child that lives with praise
learns to appreciate.
A Child that lives with sharing
learns to be considerate.
A Child that lives with knowledge
learns wisdom.
A Child that lives with patience
learns to be tolerant.
A Child that lives with happiness
will find love and beauty.
By Ronald Russell
ဒီကဗျာလေးကို ရန်ကုန်မိဘမဲ့ဂေဟာမှာလည်း ရေးထားပါတယ်။ သတိထားမိတဲ့လူတိုင်း
အမှတ်တရကူးလေ့ရှိသလို အနည်းဆုံးအသိတရားလေး ရသွားမယ့်မိဘများလည်း
ရှိသွားခဲ့မှာပါ။ ဖတ်ပြီးလို့ကျေနပ်ရင် မျှဝေပေးဖို့လည်း
တိုက်တွန်းလိုက်ပါတယ်။ မိဘမဲ့တွေရဲ့ဘ၀ကို မြင်ယောင်ပေးကြပါ...။
6/21/2009
စင်ကာပူကျောင်းတက်မယ်ဆိုရင် ဘာတွေသိထားဖို့လိုအပ်သလဲ။
မိမိကိုယ်ကို မိမိမေးရမည့် မေးခွန်း ၅ ခု
၁။ ဘာကြောင့် စင်္ကာပူနိုင်ငံမှာ ပညာသင်ကြားချင်ရတာလဲ။
၂။ မိမိတက်ရောက်လိုသော သင်တန်းအတွက် လုံလောက်သော ငွေကြေးပမာဏကို ပြင်ဆင်ထားပြီလား။ သို့မဟုတ် အနည်းဆုံးပေးရမည့် ငွေကြေးနှင့် လစဉ်အသုံးစရိတ်အတွက် အဆင်သင့်ဖြစ်ပြီလား။
၃။ နိုင်ငံခြားမှာ ပညာသင်ကြားရန်အတွက် ဘာသာစကားလိုအပ်ချက်တွေ ပြင်ဆင်ထားပြီလား။
၎။ စင်္ကာပူနိုင်ငံပညာရေးစနစ်နဲ့ပတ်သက်ပြီး လုံလုံလောက်လောက် သတင်းအချက်အလက်တွေ ရပြီလား။
၅။ မိမိပညာသင်ကြားမည့်ကျောင်းနှင့် မိမိရဲ့စိတ်ဝင်စားမှု တစ်ထပ်တည်းကျပြီလား။
ပညာသင်ကြားမည့်ကျောင်း (သို့) အေးဂျင့်ကို မိမိမှာ မေးရမည့်မေးခွန်း ၁၀ ခု
၁။ မိမိတက်ရောက်မည့်ကျောင်းမှ မည်သည့်ဘာသာရပ်များကို သင်ကြားသလဲနှင့် သင်ကြားမှုပုံစံ မေးရန်။
၂။ စင်္ကာပူအစိုးရ အသိအမှတ်ပြု န SQC(Singapore Quality Class)နှင့် Case Trust ရထားသော ကျောင်း ဟုတ် မဟုတ် မေးရန်။
၃။ ပညာသင်ကြားရေးစရိတ်အပြင် ကျောင်းနှင့်ပတ်သက်သည့် အထွေထွေစရိတ်၊ အသင်းဝင်ကြေးနှင့် အခြားကုန်ကျစရိတ် ရှိ မရှိ မေးရန်။
၎။ ကျောင်းနေရာအနေအထားကို မေးရန်။ သို့မှသာ နေမှုထိုင်မှုအတွက် ကြိုတင် ပြင်ဆင်နိုင်မည်။
၅။ ဤသင်တန်းပြီးပါက အနာဂတ်အတွက် အလုပ်အကိုင်သေချာမှု၊ ဆက်လက်ပညာသင်ကြားနိုင်မှုများကို မေးရန်။
၆။ သင်တန်းကြေးများကို ခွဲသွင်းခွင့်ရပါက မည်ကဲ့သို့သော စနစ်ဖြင့် ပေးသွင်းရကြောင်း မေးရန်။
၇။ သင်တန်းကာလနှင့် Student pass သက်တမ်းကို မေးရန်။
၈။ သင်တန်းကာလ အပိုင်းအခြားတစ်ခုတွင် အနည်းဆုံးဘာသာရပ် မည်မျှ တက်ရောက်ရန် လိုအပ်သည်ကို မေးရန်။
၉။ သင်တန်းမစမီ အချိန်ကာလမည်မျှအတွင်း Discount ရ မရ မေးရန်။
၁၀။ ပညာသင်စရိတ်ထောက်ပံ့ကြေးငွေရရန်အတွက် အနည်းဆူံး ပညာရေး လိုအပ်ချက်များ။
6/20/2009
ဖြေကြည့်ပါ
ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့သူ လူအများကိုလည်း လေးစားတဲ့သူရဲ့မျက်နှာဟာ အင်မတန် ကျက်သရေရှိတယ်။ ခင်မင်စရာ လေးစားစရာကောင်းတယ်။ ဒီလိုလူဟာ စိတ်လည်း ပိုအေးချမ်းတယ်။ နူးညံ့တယ်။ ဒီလိုလူဟာ လူ့အသိုင်းအ၀ိုင်းရဲ့ ကျက်သရေဆောင်လည်း ဖြစ်တယ်။
သူများကို ထိခိုက်သွားအောင် ပြောနိုင် ဆိုနိုင် လုပ်နိုင်မှ ကိုယ့်ကိုယ်ကိုယ် တော်တဲ့သူ စွမ်းတဲ့ ထက်တဲ့သူလို့ ခံစားရသလား။
သူများကိုယ်ကို ကြောက်နေမှ ကိုယ့်ကိုယ်ကိုယ် စွမ်းအားကြီးတဲ့သူလို့ ခံစားရသလား။
သူများ ဂုဏ်သိက္ခာကျသွားမှ ကိုယ့်ဂုဏ်သိက္ခာတက်မှာလား။
ဒီမေးခွန်းတွေကို သေသေချာချာ စဉ်းစားသင့်တယ်နော်။
တကယ် လွတ်လပ်တဲ့သူ၊ စိတ်အေးချမ်းတဲ့သူ ဖြစ်ချင်ရင် ဒီမေးခွန်းတွေကို မှန်မှန်ကန်ကန် ဖြေကြည့်စေချင်ပါတယ်။
6/18/2009
စိတ်အဟာရ
မပြင်ဖြစ်သေးတဲ့ ရွှေမြန်မာဆိုက်ကလေးရဲ့
ခပ်ညံ့ညံ့ နေ့စွဲတွေ
အဲဒီဆိုက်မှာ
ကျွန်မကတော့
တစ်နေကုန် တစ်နေ့ခန်း
စကားလုံးတွေ လိုက်ဖမ်းလို့...
မီးပျက်တာရယ်
ကွန်နက်ရှင်မကောင်းတာရယ်
အဲသလို
မရိုးတဲ့ဝါကျတွေ
မလွတ်တမ်းကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်....
မိမိကိုယ်ကို မိမိ ပိုင်တာ သေချာလား....
လူ
ဆိုတဲ့ ဝေါဟာရပညတ်ရင်း
ဘဝ
ရယ်မောလည်း ခဏပေါ့...
ပြင်လို့မဆုံး၊ ရေးလို့မဆုံး
တန်းပလိတ်ချိန်းလိုမဆုံး
မဆုံးအနန္တ
ပုန်းနေလည်း မရဘူး။
ကဲ ရှင့်ကို မေးမယ်
ချည်နှောင်ခံထားရတဲ့ ဘလောဂ်အလျား
အဲဒီထက် ပိုသွားလို့ ရမလား...
6/12/2009
Where?
လူသည် မျောက်က ဆင်းသက်လာသည်ဆိုသည်မှာ မှန်ပါသလား
6/11/2009
ကျွန်မပြောတဲ့ ၀ါသနာ
ပိုစ့်မတင်ဖြစ်တာ အတော်ကြာပါပြီ။ ဘာလို့လဲဆိုတော့ မအားတာရယ်... စက်တွေက ဗိုင်းရပ်ကိုက်နေလို့ ဖောင်းမတ်ရိုက်နေရတာကြောင့် နောက်တစ်ချက်က မီးမလာဘူးလေ ဒါကြောင့်မို့ ဘာမှမတင်ဖြစ်ဘူး။ နက်လည်း သိပ်မသုံးဖြစ်တာပါတယ်။ သုံးတော့လည်း အိုင်တီဆိုက်တွေထဲ ခေါင်းထိုးဝင်နေရတာနဲ့ ဆိုက်ဘက်ကို မလှည့်ဖြစ်တော့ဘူး ဖြစ်နေတော့တယ်။ ဒီနေ့တော့ ဗိုင်းရပ်ကိစ္စအဖြေသိချင်တာရယ် နက်မကောင်းတာနဲ့ မေလ်းလည်း  မစစ်ဖြစ်တာရယ်ကြောင့် သုံးဖြစ်သွားတယ်။ နောက်တစ်ချက် သင်တန်းလည်းတက်နေတော့ အဆိုင်းမတ်တင်ရတာနဲ့ စာမေးပွဲရှိနေတာကြောင့် ကုန်းရုန်းလုပ်နေရတယ်။ ခုတစ်လော ကိုးနက်ရှင်ကလည်း အဆင်မပြေဘူးလေ။ ဒီနေ့တော့ အေးဆေးရပြီပေါ့။ ဒါနဲ့ အွန်လိုင်းကနေ မလတ်(နှင်းဆီနက်) က လှမ်းပြီးနှုတ်ဆက်ပါလေရော... ခု နက်သုံးတဲ့သူတိုင်း နှုတ်ဆက်နည်းအသစ်နဲ့ နှုတ်ဆက်နေကြတာ တွေ့ရတယ်။ ဘာလဲဆိုတော့ စ တွေ့တွေ့ခြင်း ဟလို... ဟိုင်း... ကွန်နက်ရှင် ကောင်းလား... ဆိုတဲ့ သူငယ်ချင်းအချင်းချင်း နှုတ်ဆက်နည်းအသစ်ပေါ့လေ။ ကျန်းမာရေးက နောက်မှ မေးတဲ့အဆင့်ဖြစ်သွားပြီ။ အဲလို တိုးတက်လာတာသိလား။ ဒါနဲ့ ပြောတဲ့စကား ဘယ်ရောက်သွားပြီလဲ အဲ မလတ်က လှမ်းပြောတယ်။ သူ့ဆိုက်မှာ အစ်မကို တက်ဂ်ထားတယ်တဲ့။ ဟိုက်ရှာလပတ်... ခုတစ်လော ဆိုက်တွေက ဖိတ်တာတွေ နည်းနည်းလွတ်ကင်းနေတုန်းရှိသေးတယ်။ ဗြုန်းဆို မလတ်က လှမ်းဖိတ်တယ်ဆိုပဲ။ ဒါနဲ့ ကဗျာဆိုက်ကို မလတ်က အဲဒါ အစ်မရဲ့ ဆိုက်နာမည်အစစ်လားတဲ့။ ဆိုက်နာမည်တော့ ဟုတ်တယ်။ အဲဒီဆိုက်က ကဗျာကြီးပဲ သီးသန့်တင်ထားတဲ့ဆိုက်ပါလို့ ပြန်ပြောမိတယ်။ ဒါနဲ့ တစ်လက်စတည်း ဘာအကြောင်းအရာလည်းပေါ့ မေးရင်းနဲ့ ဆိုက်မှာ သွားဖတ်ဖြစ်တယ်။ ၀ါသနာအကြောင်းပါတဲ့။ သူ့ကို ကိုလင်းဦး(စိတ်ပညာ) က ဖိတ်ထားတာပဲ။
ဟောတစ်လောက မောင်လေးသီဟန်(ဟန်သစ်ငြိမ်)က ဖိတ်လို့ ရေးလိုက်ရသေးတယ်။ နောက်ပိုင်း ဘာမှလည်း ဟုတ်တိပတ်တိ မတင်ဖြစ်တာပါတယ်လေ။ အင်း ၀ါသနာတဲ့ အရင်က ဖိတ်တုန်းကလည်း ရေးဖူးပါတယ်။ ၀ါသနာတွေကလည်း များသား၊ လုပ်ချင်တာ ဖြစ်ချင်တာတွေလည်း မနည်းမနောပဲ။ ဘာက စပြောရမှာပါလိမ့် ညီမလေးရေ... ခုလက်ရှိ စိတ်အခြေအနေကိုပဲ ပြောတော့မယ်နော်။ အရင်တုန်းက ၀ါသနာကြီးခဲ့တာက စာဖတ်ခြင်းပဲ။ စာအုပ်ဖတ်နေရရင်ကို ထမင်းမေ့ ဟင်းမေ့ပဲ။ အဲဒါက ငယ်တည်းက ၀ါသနာပါတာ။ ဟော ခုနောက်ပိုင်းကျတော့ အင်း ပြောရရင် အစ်မ ဘလောဂ်စလုပ်တဲ့ ၂၀၀၅ - ၂၀၀၆ ထဲက အင်တာနက်ဘက်ကို အရင်ထက်စာရင် ပိုပြီး စိတ်ဝင်စားလာခဲ့တာပါပဲ။ အရင် အင်တာနက်ကို မြန်မာနိုင်ငံမှာ ခုလို ဆိုင်တွေ ပေါ်ဖို့နေနေသာသာ ကွန်ပျူတာကုမ္ပဏီကြီး ၁၁ ခုကို ချပေးခဲ့ကတည်းက အီးမေးလ်ဆိုတာ သိလာခဲ့တာ။ နောက်ပြီး ပုံလေးတွေ ရှာလို့ရတယ်။ လိုချင်တာရတယ်ဆိုတာ နားလည်ခဲ့တယ်။ အဲဒီအချိန်လောက်ကဆို ၁၉၉၈ လောက်က ဖြစ်မယ်။ ကိုယ်သုံးခဲ့ချိန်ကို ပြောတာပါ။ နောက်ပိုင်း တွင်ကျယ်လာတော့ လူကြီးလူငယ် စီးပွားရေးလုပ်ငန်းရှင်တွေ အားလုံး မျက်စိပွင့်နားပွင့်ဖြစ်လာခဲ့တာ တော်တော် ၀မ်းသာစရာ အလွန်ကောင်းပါတယ်။ ဒီနောက်ပိုင်း နက်သိပ်မကောင်းတာက လွှဲရင် အင်တာနက်ဆိုတာ အွန်လိုင်းအဘိဓာတ်ကြီးပဲ ကိုယ်လိုချင်တာ အကုန်ရတယ်။ ပညာတွေလည်း အွန်လိုင်းပညာရေးစနစ်ဆိုတာတွေလည်း ပေါ်လာခဲ့တယ်။ အရင်ထက်စာရင် ပိုပြီး နှံ့နှံ့စပ်စပ် သိမြင်လာပြီလို့ ဆိုရမှာပေါ့။ လူငယ်တွေ ကြိုးစားရင် ကြိုးစားသလောက် ရှေ့ကို လျှောက်လို့ရပြီပေါ့။ အဲဒီလိုပဲ ကျွန်မလည်း အချိန်ကုန် ငွေကုန်ခံပြီး ဆိုက်လေးကို ပြုပြင်လာခဲ့တာ ခုဆို လေးနှစ်လောက်ရှိပြီလို့ဆိုရမှာတော့ပေါ့။ ဒါဟာ ကျွန်မရဲ့ဝါသနာအလျောက်လုပ်ဆောင်နေတဲ့ အချင်းအရာဆိုလည်း မမှားပါဘူး။ အဲဒီဆိုက်လေးကို အဘက်ဘက်က ကိုယ်တိုင်ရေးသားဖန်တီးနိုင်ဖို့ အရမ်းအာသန်တက်ကြွနေပြီး လေ့လာခဲ့ရင်း ခုထပ်ပြီး ၀ါသနာကြီးခဲ့တာတော့ ဒီဇိုင်းပိုင်းပေါ့။ webpage တွေ ဘယ်လို ဖန်တီးမယ်။ ဘယ်လိုရေးသားမယ်။ နောက်တစ်ချက်က ပုံတွေ ဘယ်လိုထားရင် ဘယ်လို၊ ဟော စာလုံးလေးတွေနဲ့ အမည် စာတမ်းဒီဇိုင်း အစုံပေါ့လေ... အဲလိုလေးတွေ လုပ်ရတာ ပိုပြီး ၀ါသနာကြီးလာတာ ခုဆိုရင် တော်တော်ထုထည်ခိုင်ခံ့နေပြီ။ ဒါတောင် မီးမလာလို့ မီးလာရင် တစ်ညလုံးလည်း မအိပ်ပဲ ထိုင်လုပ်ချင်လုပ်နေတာ။ ခုဆို အိုင်တီဆိုက်တွေမှာ ပညာတွေ ဖလှယ်လိုက်၊ ဒီဇိုင်းလေးတွေ ဖန်တီးရေးဆွဲလိုက် သိတာလေးတွေ မျှဝေလိုက်နဲ့ ဒီဝန်းကျင်မှာ တော်တော် ပျော်မွေ့နေပါပြီ။ ကိုယ်မသိတာလေးတွေ လာပြောပြတဲ့ အကိုကြီး၊ အမကြီး၊ မောင်ငယ်၊ ညီမငယ်တွေကလည်း သူတို့သိတာလေးတွေ ပြောပြပြီးရင် သူတို့ဆိုက်အတွက် သူတို့ သုံးချင်တဲ့နေရာလေးတွေ သုံးရအောင် ပုံ ဒီဇိုင်းလေးတွေ တောင်းကြတယ်။ ဟော နောက် ထပ်ပေါ်လာတာက ကဗျာရေးတဲ့သူကလည်း ကဗျာအတွက် ပုံလေးတွေ ဒီဇိုင်းလုပ်ပေးဖို့ ပြောလာကြပြန်တယ်။ ကျွန်မ အရမ်းအားရ၀မ်းသာ ဖြစ်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မရဲ့ဝါသနာကို ထုတ်ဖော်ပြသလိုက်ရလို့ပါပဲ။ ဘယ်သူမဆို ကျွန်မရဲ့စိတ်ထဲ ခေါင်းထဲပေါ့လေ ပေါ်လာတဲ့စိတ်ကူးနဲ့ ဖန်တီးပေးလိုက်ရလို့ ကျေနပ်လည်း ကျေနပ်မိပါတယ်။ ကျွန်မအတွက် အချိန်... ပြောရရင် အချိန်ဆိုတာ ၀ယ်လို့ရရင် ၀ယ်ချင်ပါတယ်။ ဘာလို့လဲဆိုတော့ ပုံမှန်အလုပ်တစ်ခုရယ်... အချိန်ပိုင်းအလုပ်ရယ်... သင်တန်းရယ်... ရယ်တွေက များနေတော့ အလုပ်မှာတောင် အပြောခံရတယ်။ အစ်မ ကြည့်ရတာ အပြင်မှာသာ ရယ်(ရီ)နေတာတဲ့။ ရင်ထဲက မရယ်တာ ကြာပြီတဲ့။ ကဲ ကောင်းရော...  နက်ဆိုင် ထိုင်ရင်လည်း ဆိုင်က ကိုယ့်လိုလူမျိုးကို သိပ်မကြည်ဘူး။ အစ်မသုံးတဲ့စက်က အစ်မ သုံးပြီးရင် ဖောင်းမတ်တောင် ရိုက်ရင် ရိုက်ရတာတဲ့။ ဖွင့်တာတွေကလည်း ဆိုက်ဘားတောင် ကျော်နေပြီလို့ ပြောခံရပါတယ်။ ၀ါသနာက ဒီဇိုင်းပိုင်းကို တော်တော် အားသန်နေတယ် မလတ်ရေ... ရေးနေရင်းနဲ့ မီးပျက်သွားပြီ ဒီနေရာလေးမှာ ၀ါသနာကို ရပ်လိုက်တော့မယ်နော်။ နောက်မှာ ဆက်ပြောပြတော့မယ်.... မလတ်ရေ... ကျေနပ်တော့နော်....
ဦးမျိုးသန့် (စာရေးဆရာကြီး မောင်ဆုရှင်)
(၁-၁-၁၉၃၂  -- ၂-၆-၂၀၀၉)၏
ကိုယ်ရေးမှတ်တမ်းလွှာ
အဖဦးချစ်ဖေ၊ အမိ ဒေါ်စိန်မြင့်တို့မှ ၁၉၃၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် ဧရာဝတီတိုင်း မြောင်းမြမြို့၌ မွေးဖွားသည်။
စာပေပညာလေ့လာခြင်း
    မူလတန်းနှင့် အလယ်တန်းပညာကို မြောင်းမြမြို့၊ အထက်တန်းပညာကို ရန်ကုန်မြို့မအထက်တန်းကျောင်းနှင့် ၀ိဇ္ဇာဘွဲ့ကို ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့သည်။
စာပေဘ၀အစ
    ၁၉၄၉ခုနှစ်တွင် ရိုထရီကလပ်မှီ ကျင်းပသော စာစီစာကုံးပြိုင်ပွဲဆုရ "နိုင်ငံသားကောင်းတာဝန်" စာစီစာကုံးကို ဟံသာဝတီ လွတ်လပ်ရေးနေ့ အထူးထုတ် သတင်းစာ၌ "မျိုးသန့်" ဟူသည့်ကလောင်အမည်ဖြင့် စတင်ဖော်ပြခံရကာ ကလောင်သွေးခဲ့သည်။ ၁၉၄၉ခုနှစ်တွင် "မောင်ဖြူနွဲ့"ဟူသည့် ကလောင်အမည်ဖြင့် ဟံသာဝတီမဂ္ဂဇင်းကဏ္ဍ၌ကဗျာများ စတင်ရေးသားခဲ့သည်။ ၁၉၅၄ ခုနှစ်မှစ၍ "မောင်ဆုရှင်" ကလောင်အမည်ဖြင့် ရူမ၀၊ သင့်ဘ၀၊ စာပေဗိမာန် စသည့်မဂ္ဂဇင်းများတွင် စာပေများ စတင်ရေးသားပြုစုခဲ့သည်။ ၁၉၅၅ခုနှစ်မှ စတင်ပြီး "မျက်မှောက်ကမ္ဘာ့ရေးရာ" အခန်းများကို ရူမ၀မဂ္ဂဇင်းတွင်ရေးသားခဲ့သည်မှာ ရူမ၀မဂ္ဂဇင်းရပ်နားသည့်အထိ ပင် ဖြစ်သည်။ အခြားကလောင်ခွဲများမှာ အောင်သူ၊ ဦးဘခန့်၊ ၀င်းသန့် စသည့်တို့ဖြစ်သည်။
စာပေရေးသားပြုစုခြင်း
    ၁၉၄၉ခုနှစ်တွင် ဟံသာဝတီသတင်းစာ မဂ္ဂဇင်းကဏ္ဍ၊ ၁၉၅၄ခုနှစ်တွင် ရူမ၀မဂ္ဂဇင်း၊ သင့်ဘ၀မဂ္ဂဇင်းနှင့် စာပေဗိမာန်မဂ္ဂဇင်း၊ ၁၉၅၆ ခုနှစ်တွင် ဘာဂ၀ါဂီတကျမ်း(ဟင်ဒီ) နှင့် သီရိကုရဲလ်ကျမ်း(တမီလ်)၊ ၁၉၇၂ခုနှစ်တွင် "မြတ်ဘုရားရွှေတိဂုံ" စာအုပ်တို့ကို ပြုစုရေးသားခဲ့ပြီး ပင်ကိုယ်ရေးနှင့် ဘာသာပြန်လုံးချင်းစာအုပ်ပေါင်း ၁၀၀ ကျော် ရေးသားထုတ်ဝေခဲ့သည်။ ခရီးသွားစာပေစာတမ်း၊ ဂန္ထ၀င် စာပေစာတမ်း၊ ဘာသာပြန်စာပေစာတမ်း အပါအ၀င် မြန်မာစာပေဆိုင်ရာ စာတမ်းပေါင်း ၂၀ ကျော်နှင့် နိုင်ငံတကာစာတမ်းဖတ်ပွဲများတွင် မြန်မာစာပေဆိုင်ရာ စာတမ်းပေါင်း ၁၀ခုကျော်ကို အင်္ဂလိပ်ဘာသာဖြင့် ပြုစုဖတ်ကြားခဲ့သည်။
စာပေတည်းဖြတ်ခြင်း အတွေ့အကြုံ
    ၁၉၅၄ခုနှစ်မှ ၁၉၉၁ခုနှစ်အထိ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း၊ ပြန်ကြားရေးဝန်ကြီးဌာန စာပေဗမာန်တွင် စာပြုအဆင့်မှ စာတည်းမှူးချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
    ၁၉၆၁ခုနှစ်တွင် အမေရိကန်နိုင်ငံ ဆီရာကျုတက္ကသိုလ်မှ စာနယ်ဇင်းဒီပလိုမာ ရရှိခဲ့ပြီး ၁၉၇၂ခုနှစ်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ ယူနက်စကို အာရှယဉ်ကျေးမှုဌာနတွင် စာတည်းသင်တန်း တက်ရောက်ခဲ့သည်။
စာပေဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ချက်များ
    အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတိ အဖွဲ့ဝင်၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ အဖွဲ့ဝင်၊ ပခုက္ကူဦးအုံးဖေစာပေဆု စိစစ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာ့ရုပ်ရှင်အကယ်ဒမီဆု အကဲဖြတ်ရွေးချယ်ရေးအဖွဲ့ အဖွဲ့ဝင်တာဝန်များ၊ဆောင်ရွက်ခြင်း၊ ပြန်ကြားရေးဝန်ကြီးဌာန စာပေဗိမာန်က ကြီးမှူးသည့် သုတဘဏ်စာတမ်းဖတ်ပွဲ၊ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်း နှီးနှောဖလှယ်ပွဲများကို စီစဉ်ကျင်းပခြင်း၊ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့အတွက် ဦးထင်ကြီး ဒီဂျစ်တယ်ရည်ညွှန်းစာကြည့်တိုက် ထူထောင်ပေးခြင်း၊ ကုလသမဂ္ဂလက်အောက်ခံ  WIPO, ACCU အဖွဲ့တို့နှင့် ဆက်သွယ်ပူးပေါင်း၍ စာပေမူပိုင်ခွင့် ဗဟုသုတ တိုးပွားရေး နှီးနှောဖလှယ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများကို စီစဉ်ဆောင်ရွက် ကျင်းပပေးခြင်း စသည့် စာပေဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွယ်လွန်ချိန်အထိ ဆောင်ရွက်ခဲ့သည်။
စာပေစည်းရုံးရေးလုပ်ငန်း ဆောင်ရွက်ချက်များ
    ၁၉၆၆မှ ၁၉၈၈ ခုနှစ်ထိ စာပေလုပ်သားအဖွဲ့ တွဲဖက်အတွင်းရေးမှူးနှင့် အတွင်းရေးမှူး၊ ၁၉၈၉မှ ၁၉၉၂ခုနှစ်အထိ မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့အတွင်းရေးမှူး၊ ၁၉၉၄မှ ၁၉၉၉ခုနှစ်အထိ မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ဥက္ကဋ္ဌနှင့် ၁၉၉၉ခုနှစ်မှ ကွယ်လွန်ချိန်ထိ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဗဟိုအမှုဆောင်ကော်မတီဝင် တာဝန်များ ထမ်းဆောင်ခဲ့သည်။
အခြားလုပ်ငန်းများ
    နိုင်ငံတော်နှင့်ဝန်ကြီးဌာနမှ တာဝန်ပေးသည့် လုပ်ငန်းများဖြစ်သည့် ၁၉၉၃မှ ၂၀၀၇ခုနှစ်အထိ အမျိုးသားညီလာခံကျင်းပရေးလုပ်ငန်းကော်မတီ သဘာပတိအဖွဲ့ဝင်၊ အမျိုးသားညီလာခံသမိုင်းပြုစုရေးအဖွဲ့ ခေါင်းဆောင်၊ ယဉ်ကျေးမှုတက္ကသိုလ်ကောင်စီဝင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာလုပ်ငန်း ကော်မတီ အကြံပေးပုဂ္ဂိုလ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတို့တွင် မဂ္ဂဇင်းထုတ်ဝေရေး အဖွဲ့ခေါင်းဆောင် စသည့်တာဝန်များ၊ ပြည်ထဲရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် စာပေပြိုင်ပွဲများ၊ မြန်မာအသံတွင် ၁၉၆၀ပြည့်ခန့်မှစ၍ "သိပ္ပံပညာ သိကောင်းစရာကဏ္ဍ" နှင့် သုတပဟေဠိကဏ္ဍများ၊ ၂၁ရာစု လူမှုဝေါဟာရများ မိတ်ဆက်ကဏ္ဍတို့တွင် အသံလွှင့်ခဲ့ပြီး ရေဒီယို၊ ရုပ်မြင်သံကြား အစီအစဉ်များတွင် ပါဝင်ခဲ့သည်။
    ထွန်းဖောင်ဒေးရှင်းစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ အတွင်းရေးမှူး၊ သုတစွယ်စုံစာပေဆု စိစစ်ရွေးချယ်ရေးဥက္ကဋ္ဌ၊ ဆရာဝန်တင်ရွှေစာပေဆုစိစစ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့သည်။
    ဂျပန်နိုင်ငံ ယူနက်စကို အာရှ-ပစိဖိတ် ယဉ်ကျေးမှုဌာန(ACCU)တွင် မြန်မာနိုင်ငံစာပေဆိုင်ရာ သတင်းဆက်သွယ်ရေးမှူးဖြစ်သည်။
    ၁၉၉၁ခုနှစ်မှစ၍ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးတွင် အကြံပေးအရာရှိ၊ ကျွမ်းကျင်သူတာဝန်များ ထမ်းဆောင်နေဆဲတွင် ကွယ်လွန်ခဲ့သည်။
ဆရာမောင်ဆုရှင်အတွက် ဂုဏ်ပြုကဗျာလေးတွေကို ခံစားကြည့်ရအောင်နော်...
    ကြယ်ကြွေည
ကြယ်တစ်ပွင့် ကြွေလွှင့်စင်
ညကောင်းကင် ငိုကြွေး။
အလင်းလွှာ လျော့ကာနည်း
မှောင်မည်းပေါ့လေး။    ။
        နန္ဒာမိုးကြယ်
************************************   
    ဂန္ထ၀င်...အလွမ်း
နောင်-ယခု--ယခင်
မောင်ဆုရှင်သတင်း
ထုံသင်းဝေလွင်...
မြန်မာမှု စာပေရှင်
ဂန္ထ၀င် အမြင့်ပန်း...
လက်တန်းကဗျာသီလို့
အဉ္စလီ ပဏာမရယ်နဲ့
ဦးချကာ ခါခါညွှန်းလို့ရယ်...
ခွန်းနေ့ဆက်လွမ်း... ။    ။
        အောင်ကျော်ဆန်း
*****************************************
"စာပေဖခင် မောင်ဆုရှင်" သို့
ဆရာ...
ဆရာ့အသွင်၊ ငါလျှင်မြင်ရ
ရွှင်သောမျက်နှာ၊ နှုတ်မှာချိုမြ
စကားလှဖြင့်၊ သွင်တင့်မူရာ
တွေ့တိုင်းမှာပင်၊ ငြိုငြင်မှုကင်း
ရင်တွင်းအလှ၊ လှစ်ခြွေပြသည်
ဆရာ့မျက်နှာ၊ ဘယ်ခါမမေ့
တစ်ကွေ့ကမ္ဘာ၊ ဆုံချင်ပါသေး
စာပေဖခင်၊ မောင်ဆုရှင်သို့
စိတ်တွင်ခါခါ...
ဦးညွတ်ပါသည်...
ဆရာ...ကောင်းရာသုဂတိလားပါစေ။
အများ...သူ...ငါ...တောင်းဆုခြွေ။
ဘ၀တိုင်းမှာ လှပစေ...။   ။
            မွှေးငယ်ငယ်
*******************************
လွန်လေပြီးသော ကာလများ
ဆုံစည်းခဲ့သမျှ
ပြန်မရလည်း...
ဆုံစည်းခဲ့သမျှ
ပြန်တမ်းတရင်း...
လွှမ်းစရှည်နေဦးမှာပါ ...ဆရာ။
နှုတ်မဆက်ဘဲ သွားလေသူ
အတွေးသစ်မှာ ရေးဖြစ်သွားတဲ့
ဆွေးရစ်စရာ စာလေးတစ်ပုဒ်
ရွေးထုတ်မိလိုက်တော့ ...
"ဘယ်တော့မှ..." ဆိုတဲ့ စာစုလေးထဲမှာ
မင်းက...
"နှုတ်မဆက်နဲ့ အချစ်ရယ်
(Never Say Good Bye)...."တဲ့။
သြော်....နိမိတ်ပုံလေလား
အတွေးပွားမိတယ်....ဆရာ။
တကယ့် တကယ်တော
့ဆရာကမှ
လက်မပြ နှုတ်မဆက်ဘဲ
ထွက်ခွာသွားလေသူပါ...
ဆရာနဲ့
"ဘယ်တော့မှ..."
ပြန်လည်ဆုံတွေ့ ခွင့် မရနိုင်တော့ပါ။
ဒါပေမဲ့...
ဆရာပြုစုယုယခဲ့တဲ့
စာပေပန်းခင်းကြီးဟာ
အဆင်းရနံ့တွေနဲ့
သင်းပျံ့ကြိုင်လှိုင်နေမှာပါဆရာ...
ဆရာ...
မြင့်မြတ်တဲ့ ဘုံဌာနသို့ရောက်ပါစေ....
        တက္ကသိုလ်ဆန်းတင့်နိုင်
**********************************
အတိတ်သမိုင်း
စာပေဖခင် မောင်ဆုရှင်ဟု
တစ်ခါတစ်ခေတ်
ပြောစမှတ်ပြုရစ်
စာပေကမ္ပည်းတင်အောင်
သူ ကြံဆောင်ခဲ့
အတိတ်သမိုင်း
နောင်တစ်ချိန်အတွက်
နာမည်တစ်လုံးနဲ့
လူသားပါတကား....
ရေးသူ - ယမင်း
(စပ်တတ်လို့တော့ မဟုတ်ပါဘူး။ ဂုဏ်ပြုတဲ့ထဲမှာ ပါချင်လို့ပါရှင်)
6/04/2009
ဝါဆိုနိဒါန်း
ဇွန်အ၀င်တောင်နော်....
ဒီနေ့.....
တစ်နေ့လုံး အုံ့ဆိုင်း
မိုးထုံ့ပိုင်း ထုံ့ပိုင်းရွာ
မီးကမလာ
တစ်ခါတစ်ရံ လေပြင်းပါ
နေခြည်ကို မမြင်ရ
ရာသီဥတုကိုက
မိုးတွင်းရောက်နေသလား ထင်မှတ်ရ....
ဒီမိုးရွာတော့မည်
ရွာမည် ဧကံမုချ
ဇလဗေဒဂြိုလ်တု
ပေးပို့မှု သတင်းအရ
လှိုင်းကြီးခြင်း
မိုးသက်လေပြင်းတစ်ခါတစ်ရံ
ဟော....
ဒီမိုးရွာချေပြီ
လေရော မိုးပါဒုန်းစိုင်း
ရိုင်းတော့လေမလား......
6/03/2009
စာရေးဆရာကြီး မောင်ဆုရှင် ကွယ်လွန်
စာရေးဆရာကြီး မောင်ဆုရှင် (ဦးမျိုးသန့်)သည် တနင်္လာနေ့ တွင် ဆုံးပါးသွားပါသဖြင့် ကြာသပတေးနေ့ နေ့လည် ၂ နာရီတွင် မီးသဂြိုဟ်မည် ဖြစ်ပါကြောင်း သတင်းရရှိပါတယ်။