5/08/2009

ကဆုန်လပြည့်နေ့

ဒီနေ့သည် ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။ ကဆုန်လသည် မြန်မာလများရဲ့ ဒုတိယလဖြစ်ပြီး ဧပြီလနှင့် မေလအတွင်းမှာကျရောက်ပါတယ်။ ကဆုန်လသည် မြန်မာဗုဒ္ဓဘာသာဝင်တို့ရဲ့ လထူးလမြတ်လို့လည်း ဆိုရပါမယ်။ ကဆုန်လပြည့်နေသည် ဘုရားလောင်း သုမေဓာရှင်ရသေ့က ဒီပင်္ကရာမြတ်စွာဘုရားထံမှ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု နိယတဗျာဒိတ်ကို ခံတော်မူခြင်း၊ ဘုရားလောင်းဖွားမြင်တော်မူခြင်း၊  သစ္စာလေးပါးကို သိမြင်ပြီး ဘုရားဖြစ်တော်မူခြင်း၊ မဟာဗောဓိပင်ပေါက်ခြင်း၊ ပရိနိဗ္ဗာန် ၀င်စံတော်မူခြင်းဟူသော အလွန်ထူးခြားတဲ့ ဗုဒ္ဓ၀င်မှတ်တိုင်ကြီးများကို စိုက်ထူခဲ့သော နေ့ထူးနေ့မြတ်ကြီးဖြစ်ပါတော့တယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာတို့က ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့လို့ သတ်မှတ်ကာ အခါတော်နေ့ကို တခမ်းတနား ကျင်းပလေ့ရှိပါတယ်။ ကဆုန်လပြည့်နေ့ရောက်တိုင်း မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မြို့ရွာဒေသ အသီးသီးတို့မှာ စေတနာသဒ္ဓါတရား အလိုက် အလှူဒါနပွဲများနှင့် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ကျင်းပဆင်နွှဲလေ့ရှိကြောင်း သိရပါတယ်။
ကဆုန်ညောင်ရေသွန်းပွဲတော်ကိုလည်း မြန်မာတို့ရဲ့ ရှေးရိုးစဉ်လာ ရိုးရာယဉ်ကျေးမှုရာသီပွဲအဖြစ် နှစ်စဉ်နှစ်တိုင်း ကျင်းပကြတာဟာဖြင့် မြန်မာဗုဒ္ဓဘာသာဝင်တို့ရဲ့ ယဉ်ကျေးတဲ့ ချစ်စရာ ဓလေ့စရိုက်တစ်ခုလို့ ပြောလို့ရပါတယ်။ ဒီလိုနေ့မှာ ဘုရားကျောင်းကန်များမှာ လူအများ ကုသိုလ်ဒါနပြုနေကြတာဆိုရင်ဖြင့် ကြည်နူးဝမ်းမြောက်ဖွယ်ရာ တွေ့မြင်နိုင်ကြပါတော့တယ်။

ကဲ ကဆုန်ညောင်ရေသွန်းကြရအောင်နော်...

No comments: