12/13/2008

တစ်နှစ်ပြည့်အလွမ်း


ဒီနေ့ဆို တစ်နှစ်နဲ့ တစ်လပြည့်ခဲ့ပြီနော်....


လင်းပြီး မမှောင်၊ အေးမြမြစ်တာ
နေရောင်ဖျော့ဆင်း၊ ညနေခင်းသို့
မာန်ကင်းချိုသာ၊ ဘွား မျက်နှာသည်
ကြည်သာဘိခြင်း၊ ရင့်ကျက်ခြင်းဖြင့်
အလှမာန၊ ဒေါသမောဟ
တဏှာဆန်န၊ ကင်းစင်ပလျက်
လက်က ပုတီး၊ ပွားစည်းရွတ်ကြား
နှုတ်တရားနှင့်၊ အဘွား မပြတ်
နေပျော်တတ်၏။
ကွမ်းမြုံ့ငုံဝါး၊ ရေနွေးသောက်လျက်
တရားပွေ့ပိုက်၊ အခါးကြိုက်ကာ
ဘွားမျက်နှာသည်၊ ဇရာရိပ်တိုး
အရွယ်မျိုးမို့၊ နိုးကြားမှုကင်း
နုမျစ်ခြင်းတို့၊ ပကင်းရင့်နွမ်း
ပါးရေတွန့်လျက်၊ ပပ်ကြားအက်နှင့်။
နုခြင်း လှခြင်း စိုပြေခြင်းတို့
အလျဉ်းကွယ်ပျောက်၊ ပင်အိုခြောက်ဟု
တွေးထောက်ဆင်ခြင်၊ ဘွားကိုမြင်စဉ်
ယမင်းရဲ့ရင်ထဲ ကြည်နူးရိပ်ထင်
ပြုံးပျော်ရွှင်မြဲ
အိမ်အပြန် ယမင်းရဲ့အရိပ်
မေတ္တာနဲ့ ကြိုဆိုလက်ကမ်း
ဘွားအိုဘ၀၊ နေညိုစလည်း
အလှဝေစု၊ အနုလက်ကျန်
ရှင်သန်နေမြဲ၊ ဘွားရဲ့အပြုံး
အလျှံဖိတ်ဖိတ်၊ ယမင်း အရိပ်ထင့်
အမြဲ မြင်ယောင်နေဆဲပါတကား။ ။

ဘွားရဲ့ဆုံးမမှုတွေကို အသက်ရှင်နေသရွေ့ကာလပတ်လုံး မြေးလေ အမြဲလိုက်နာသွားမှာပါ။
ပြုပြုသမျှ ကောင်းမှုတွေကို ရောက်ရာဘုံဘ၀မှ သာဓုခေါ်နိုင်ပါစေဘွားဘွားရယ်....

2 comments:

thihanyein said...

အမယမင်းရယ် ကျနော့်အဘွားကိုသတိရလိုက်တာဗျာ
ကဗျာလေးဖတ်ပြီး တအားလွမ်းသွားတယ်
ခံစားချက်ကဗျာလေးမိုလို့လားမသိဘူး
တကယ်ကို ဖတ်ရတာကောင်းတယ်
ရွှင်လန်းချမ်းမြေ့ပါစေ

အရုပ်ကလေး said...

ကဗျာကောင်းလေး တစ်ပုဒ်ပါ
အဘွားနဲ့ ပတ်သက်ပြီး ဖတ်ရတော့
မမြင်ဖူးတဲ့ အဘွားကို သတိတရ ဖြစ်သွားတယ်
ကဗျာ အဖွဲ့လေးတွေ တော်တော်ကောင်းတယ်
ဆက်လက် အားပေးနေမယ်