11/29/2008

လနဲ့ ကြာသပတေးဂြိုဟ် စုံတွဲခုတ်တဲ့ နိုဝင်ဘာညကောင်းကင်


၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့က ကမ္ဘာ့အနောက်ခြမ်းရဲ့ ညချမ်းကောင်းကင်မှာ ဆန်းစသော်တာ ငွေလှေ လခြမ်းနဲ့ တောက်ပ စူးလင်းနေတဲ့ ကြာသပတေးဂြိုဟ်စုံတွဲကို မြင်တွေ့ခွင့်ရခဲ့ပါတယ်။ ဆည်းဆာအလွန်ကာလမှာ နေမင်းကြီး ကွယ်တဲ့နေရာမှာ အနီးတစ်ဝိုက်မှာ တွေ့ရှိရခြင်းဖြစ်ပါတယ်။
    အမေရိကန်နဲ့ ဥရောပကဲ့သို့သော မြောက်အလယ်ပိုင်း လတ္တီတွဒ်ဒေသတွေမှာ လူတွေဟာ ငွေလှေ လခြမ်းနဲ့ ကြာသပတေးဂြိုဟ်တို့ကို အထင်အရှားတွေ့မြင်ခဲ့ရပါတယ်။ လအနီးမှာ နေတစ်ဆူပမာ တောက်ပနေတဲ့ ကြာသပတေးဂြိုဟ်ကြီးကို ကမ္ဘာ့အနှံ့အပြားမှ တွေ့မြင်နိုင်ပါတယ်။ ကမ္ဘာမှ အတောက်ပဆုံး တွေ့မြင်တဲ့ သောကြာဂြိုဟ်ကို ကြာသပတေးဂြိုဟ်နဲ့ မှားယွင်းဖွယ် မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကြာသပတေးဂြိုဟ်က နေမင်းကြီးမှလွဲရင် အတောက်ပဆုံးဖြစ်နေပြီး လနဲ့လည်း နီးကပ်စွာ တည်ရှိနေတာကြောင့်ပါပဲ။ နိုဝင်ဘာလအတွင်းမှာ သောကြာဂြိုဟ်က အထက်တက်ပြီး ကြာသပတေးဂြိုဟ်အနီးသို့ ချဉ်းကပ်လာတာကို တွေ့ရမယ်။
       ကမ္ဘာပေါ်ရှိ ဒေသအလိုက် နိုဝင်ဘာလ ၃၀ ရက်နေ့ သို့မဟုတ် ဒီဇင်ဘာ ၁ ရက်နေ့ ဆည်းဆာအလွန်မှာ သောကြာဂြိုဟ်နဲ့ ကြာသပတေးဂြိုဟ်တို့ နက္ခတ်ချင်း ယှဉ်တွဲနေပုံကို တွေ့ရှိရလိမ့်မယ်။ ဒါကြောင့် နိုဝင်ဘာလအတွင်းမှာ သောကြာဂြိုဟ်နဲ့ ကြာသပတေးဂြိုဟ်တို့ကို ရှာဖွေလေ့လာကြည့်သင့်တယ်။ နေနဲ့ ဒုတိယအနီးဆုံး ပတ်လမ်းကြောင်းက ဂြိုဟ်မှာ သောကြာဂြိုဟ်က ကြာသပတေးဂြိုဟ်ထက် ရွေ့လျားမှုပိုပြီး လျင်မြန်တယ်။ သောကြာဂြိုဟ်ရဲ့ ရွေ့လျားမှုနှုန်းက တစ်စက္ကန့်ကို ၂၁ မိုင်ဖြစ်ပြီး ကြာသပတေးဂြိုဟ်ကတော့ တစ်စက္ကန့်ကို ၈ မိုင်နှုန်းနဲ့ ရွေ့လျားပြီး နေမင်းကြီးကို လှည့်ပတ်နေကြမှာ ဖြစ်ပါတယ်။

ဒါဆိုရင် ကောင်းကင်ကို မော့ကြည့်ပြီး အရမ်းတောက်ပနေတဲ့ ကြယ်မောင်နှံလို့တောင် ပြောလို့ရနေပြီပေါ့။ ကြည့်ဖြစ်အောင် ကြည့်လိုက်ဦးနော်။ ခဏတာ စိတ်ချမ်းသာမှုတော့ ရလိမ့်မယ်ထင်မိပါတယ်။

ကျွန်မ ဖတ်ခဲ့မိတဲ့ သိပ္ပံနှင့် နည်းပညာဂျာနယ်စာအုပ်ထဲက ပြန်လည် တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။
အားလုံး ပျော်ရွှင်နိုင်ကြပါစေ...

2 comments:

မသက်ဇင် said...

"လနဲ့ ကြာသပတေးဂြိုဟ် စုံတွဲခုတ်တဲ့ နိုဝင်ဘာညကောင်းကင်"

ဗဟုသုတ ရစေတဲ့ ပိုစ့် ကောင်းလေးတခုပါ--

thihanyein said...

ခေါင်းစဉ်ပေးထားတာလှလိုက်တာ***